တောင်သမန် Resort စီမံကိန်းကို ခွင့်ပြုချက်နဲ့ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ် လို့ စီမံကိန်းဒါရိုက်တာအဖွဲ့ဝင် ပြော

တောင်သမန် Resort စီမံကိန်းကို ခွင့်ပြုချက်နဲ့ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ် လို့ စီမံကိန်းဒါရိုက်တာအဖွဲ့ဝင် ပြော
July 9, 2017 Asian Fame

1:16 pm
တောင်သမန် Resort စီမံကိန်းကို ခွင့်ပြုချက်နဲ့ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ် လို့ စီမံကိန်းဒါရိုက်တာအဖွဲ့ဝင် ပြော

19894856_1489437291118548_837195609375156795_n

မန္တလေး၊ဇူလိုင်၉

ဝေဖန်မှုတွေကြောင့် လုပ်ငန်းရပ်ဆိုင်းထားခဲ့ရတဲ့ တောင်သမန် Resort စီမံကိန်းက အခုအခါမှာတော့ ခွင့်ပြုချက်နဲ့ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ် လို့ စီမံကိန်းဒါရိုက်တာအဖွဲ့ဝင်ဦးထွန်းဝင်းနောင်က ပေါ်ပြူလာနယူးစ်နဲ့တွေ့ဆုံခိုက်ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၄ ရက်ကလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ခွင့်ပြုချက်ပြန်ရလို့ အခု လုပ်ငန်းပြန်စနေပါပြီ၊ ဒီစီမံကိန်းဆက်မလုပ်ဖို့ ညွှန် ကြားချက်ရတော့ ကျွန်တော်တို့ကရပ်ထားလိုက်တယ်၊ နောက်တော့ အစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်တွေ၊ တည်ဆဲဥပဒေတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်း တွေနဲ့အညီ ပြန်ပြင်ဆောင်ရွက်ပြီး အစိုးရဆီတင်ပြတယ်၊ အခုတော့ စီမံကိန်းပြန်စဖို့ခွင့်ပြုချက်ရပါပြီ၊ စီမံကိန်းရပ်ထားရတာ ၈ လကျော်ကြာပါတယ်” လို့ ၄င်းကဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းအရှေ့ဖက်ခြမ်းမှာတည်ဆောက်နေတဲ့ တောင်သမန် Resort စီမံကိန်းက အစိုးရနှစ်ဆက်ကြားကာလမှာ လုပ်ငန်းစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး တောင်သမန်အလှပျက်စီးမှာကိုစိုးရိမ်မကင်းဖြစ်နေကြသူတွေရဲ့ ဝေဖန်မှုတွေ ကြောင့် လုပ်ငန်းရပ်ဆိုင်းထားခံလိုက်ရတာပါ။
ဒီစီမံကိန်းကို တောင်သမန်အင်းနဲ့ဦးပိန်တံတားအလှ ပြည်တွင်းပြည်ပခရီးသွားတွေခံစားနိုင်ဖို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့၊ ဒေသတွင်း အလုပ်အကိုင်ရစေဖို့၊ ဒေသဖွံ့ဖြိုးစေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ၂၀၁၄ ခုနှစ်ကစတင်လုပ်ဆောင်ခဲ့တာလို့သိရပြီး အစိုးရအပြောင်းအလဲကြားကာလမှာ တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသူတွေရဲ့ဝေဖန်မှုတွေမြင့်တာလာတာကြောင့် အစိုးရသစ်လက်ထက် ဒေသအစိုးရညွှန်ကြားချက်နဲ့စီမံကိန်း ရပ်ဆိုင်းလိုက်ရတာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့က ဒေသခံတွေဆီကနေ မြေဧက ၂၀၀ ကျော် ကာလပေါက်ဈေးနဲ့ဝယ်ပြီးလုပ်ခဲ့တာပါ၊ ဝေဖန်တာတွေရှိလာတော့ ပြန်ပြင်ရမယ့်အပိုင်း တွေပြန်ပြင်တယ်၊ တကယ်တမ်းကျတော့ ကျွန်တော်တို့လုပ်ငန်းက တံတားနဲ့အင်းကိုမှီပြီး ခရီးသွားတွေကိုစွဲဆောင်ရတာပါ၊ ဆိုလိုတာက ကျွန်တော်တို့ ဟာ ဘယ်လိုမှ အင်းအလှနဲ့တံတားအလှကိုပျက်စီးစေမှာမဟုတ်ပါဘူး၊ ဒါတွေရေရှည်တည်တံ့နေမှ ကျွန်တော်တို့လုပ်ငန်းအောင်မြင်မှာပါ၊ ဒါကြောင့်မို့ လို့ ကျွန်တော်တို့က အင်းကိုလည်းမပျက်စီးအောင် တံတားကိုလည်းမထိခိုက်အောင် ရှေးဟောင်းသမိုင်းဝင်နေရာတွေ ထိခိုက်မှုမရှိအောင် အလေးထားလုပ်နေပါတယ်၊ ကျွမ်းကျင်ပညာရှင်တွေက EIA SIA EMP စစ်ဆေးမှုတွေလုပ်ပြီးမှ ကျွန်တော်တို့စီမံကိန်းပြန်ခွင့်ပြုချက်ရတာပါ” လို့လည်း ၄င်းကပြောပါတယ်။
စီမံကိန်းအပိုင်း ၄ ပိုင်းရှိတာမှာ လက်ရှိမှာတော့ စီမံကိန်းအပိုင်း ၁ ကိုခွင့်ပြုချက်ပေးတာကြောင့် မြေသားပြုပြင်တာတွေလုပ်နေတာပါလို့လည်း ဦးထွန်း ၀င်းနောင်ကဆိုပါတယ်။
စီမံကိန်းဧရိယာအတွင်း ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဟိုတယ် ၆လုံး၊ ဈေးဆိုင်ခန်းတွေ၊ ယဉ်ကျေးမှုပစ္စည်းအရောင်းပြခန်းတွေပါဝင်မှာဖြစ်ပြီး မိုးရေ ရေဆိုး စွန့်ပစ်မှု၊ အမှိုက်စွန်ပစ်မှုတွေအတွက် ဂျပန်နိုင်ငံနဲ့မလေးရှားနိုင်ငံတို့မှ နည်းပညာတွေနဲ့စနစ်တကျဖြစ်စေမှာလို့လည်း စီမံကိန်းပါအချက်အလက်တွေ အရသိရပါတယ်။
“အခုပြန်လုပ်နေပြီဆိုတော့ ကျွန်တော်တို့ကလုပ်ငန်းအခြေအနေကို နှစ်ပတ်တစ်ကြိမ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီအစီရင်ခံစာတင်ရတယ်၊ သဘာဝ ပတ်ဝန်းကျင်တို့ ရှေးဟောင်းနေရာတို့ ထိန်းသိမ်းနိုင်ဖို့အတွက်ကိုလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ EIA SIA စံချိန်စံညွှန်းတွေနဲ့လုပ်နေတာပါ၊ စီမံကိန်း နဲ့ ပတ်သက်ပြီးသိချင်တယ်ဆိုရင် ကျွန်တော်တို့ရုံးမှာလာစုံစမ်းနိုင်ပါတယ်” လို့ စီမံကိန်းဒါရိုက်တာအဖွဲ့ဝင်ဦးထွန်းဝင်းနောင်ကပြောပါတယ်။
တောင်သမန် Resort စီမံကိန်းက ၂၀၁၆ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က လုပ်ငန်းရပ်ဆိုင်းခဲ့ရတာဖြစ်ပြီး ၂၀၁၇ ဖေဖော်ဝါရီ ၁၄ ရက်က ပြန်လုပ်ခွင့် ရခဲ့တာဖြစ်ပါတယ်။

News by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*