3:51 pm
(ရန်ကုန်၊ ဇွန် ၃၀)
သတင်းသမား များ ဖမ်းဆီးတရားစွဲဆို ခံနေရမှုတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှု တစ်ခုကို ဒီကနေ့ ရန်ကုန်မြို့တော် ခန်းမရှေ့မှာပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို မြန်မာ သတင်းသမားများကာကွယ်ရေးကော်မတီက ဦးဆောင်ပြုလုပ်တာဖြစ်ပြီးတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့တရားစွဲဆို ခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁)နဲ့ တရားစွဲခံ ထားရတဲ့ DVB သတင်းဌာနမှ သတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်း ဌာနမှ ဦးသိန်းဇော် တို့ကို အခုလို တရားစွဲဆိုမှုတွေကို ကန့်ကွက်တာဖြစ်ကြောင်း မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီမှ ဦးသာလွန်ဇောင်းထက်ကပြော ပါတယ်။
“အစိုးရရော တပ်ရော လွှတ်တော်ရော ကိုပြောချင်တာက စတုတ္ထမဏ္ဍိုင် ဆိုတာ နိုင်ငံမှာ လိုအပ်ပါတယ်။ စတုတ္ထမဏ္ဍိုင် ကို မသိကျိုး ကျွံပြု သလိုလို တန်ဖိုးမရထား သလိုလို ဖိနှိပ်သလိုလို လုပ်ရင်တော့ ဒီနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံလို့ ဘယ်နိုင်ငံမှ အသိအမှတ်ပြု မှာမဟုတ်ပါဘူး ” လို့သူ ကပြောပါတယ်။
ဒီလှုပ်ရှားမှုမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေးကို ထောက်ခံလက်မှတ်များကိုလည်း ကောက်ခံခဲ့တာဖြစ်ပါတယ်။
ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)