11:57 am
(ရန်ကုန်၊ဇွန် ၁၆)
မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA)က ပထမဆုံး အကြိမ် အဖြစ် ကျင်းပသော ”မြန်မာနိုင်ငံ စွန့်ဦး တီထွင်ပွဲတော်” ကို ရန်ကုန်မြို့ ၊တပ်မတော် ခန်းမတွင် ယနေ့ ဇွန်လ ၁၆ ရက်နေ့၌ စတင် ကျင်းပနေပြီဖြစ်သည်။
ဇွန်လ ၁၈ ရက်နေ့အထိ ကျင်းပမည့် အဆိုပါ ပွဲတော် ရည်ရွယ်ချက်မှာ ပြည်တွင်း စွန့်ဦးတီထွင် သူများ အကြား ကွန်ယက် ချိတ်ဆက်မှု ပိုမိုအားကောင်း လာစေရန်နှင့် လုပ်ငန်းစတင်သည့် လူငယ် များကိုမြေတောင် မြှောက်ပေးရန် ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံဟာ မဖုံးကွယ် ပဲပြောရရင် ခေတ်နောက်ကျနေတယ် ။မြန်မာနိုင်ငံသားတွေ အရည်အချင်း မရှိလို့ ခပ်တုံးတုံး မို့ ခေတ်နောက်ကျခဲ့တာ မဟုတ်ဘူး။ လုပ်ခွင့်ကိုင်ခွင့် မရတဲ့ မှားယွင်းတဲ့ စနစ်ကြောင့် နောက်ကျခဲ့တာ။ ဒီကနေ့ ကျွန်တော်တို့ ရှေ့မှာ စွန့်စားစရာတွေ၊ တီထွင်စရာတွေ၊ ဦးစားပေးစရာတွေ တသီကြီး။ ဒါမှသာစွန့်ဦးတီထွင် ဆိုတဲ့စကားလုံးက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆက်လက် ရှင်သန်နေမှာ”ဟု စီမံကိန်းနှင့် ဘဏ္ဏာရေး ဝန်ကြီးဌာန ၊ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ယနေ့ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်း တွင် ပြောသည်။
ကနဦးလုပ်ငန်း စတင်သူများ အနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် အဆက်အသွယ်ကောင်းများ ချိတ်ဆက် ရယူနိုင်ပြီး စီးပွားရေး လုပ်ငန်းရှင် များထံမှ အကြံပြုချက်များ၊ အတွေးအခေါ်များနှင့် သင်တန်းများမှ ဗဟုသုတ များရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း(MYEA)သည် ၂၀၁၂ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၆အရ အမြတ်အစွန်း ခွဲဝေခွင့်မရှိသော အသင်းအဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
သီဟ