သရော်စာရေးသူကို ၆၆ ဃ ဖြင့်မငြိစွန်းဟု တရားရုံးဆုံးဖြတ်လိုက်သော်လည်း The Voice အယ်ဒီတာချုပ်ကမူ ဆက်လက်တရားရင်ဆိုင်ရမည်

သရော်စာရေးသူကို ၆၆ ဃ ဖြင့်မငြိစွန်းဟု တရားရုံးဆုံးဖြတ်လိုက်သော်လည်း The Voice အယ်ဒီတာချုပ်ကမူ ဆက်လက်တရားရင်ဆိုင်ရမည်
June 16, 2017 Asian Fame

11:50 am
သရော်စာရေးသူကို ၆၆ ဃ ဖြင့်မငြိစွန်းဟု တရားရုံးဆုံးဖြတ်လိုက်သော်လည်း The Voice အယ်ဒီတာချုပ်ကမူ ဆက်လက်တရားရင်ဆိုင်ရမည်

1a

ရန်ကုန်၊ ဇွန် ၁၆

ကျည်ထောင်စုသစ္စာ သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ မငြိစွန်းဘူးဆိုပြီး ဗဟန်းတရားရုံးက လွှတ်ပေးလိုက်ပါတယ်။ The Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေကတော့ ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

“ကိုကိုမောင်ဟာ ပုံနှိပ်သတင်းစာအတွက်ပဲ ဒီသရော်စာကိုရေးသားတာဖြစ်ပြီး စာမူခကိုလဲ ပုံနှိပ်သတင်းစာအတွက်တစ်ကြိမ်သာထုတ်ယူခဲ့ပါတယ် ပြီးတော့ ဒီစာအွန်လိုင်းပေါ်ရောက်တာဟာလဲ အယ်ဒီတာအဖွဲ့မှာပဲ တာဝန်ရှိပါတယ်လို့ ဦးကျော်မင်းဆွေကထွက်ဆိုထားပါတယ်ခင်ဗျ။ အဲဒီ ထွက်ဆိုချက်အပေါ်မူတည်ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့မှတ်ချက်အရ ဗြိတိသျှကိုကိုမောင်ကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်”လို့ The Voice သတင်းစာက အကြီးတန်းအမှုဆောင်အယ်ဒီတာ ဦးအောင်စိုးကပြောပါတယ်။

ကျည်ထောင်စုသစ္စာ သရော်စာရေးသားဖော်ပြမှုကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲအရေးယူခံခဲ့ရတဲ့ The Voice သတင်းစာအယ်ဒီတာချုပ်ဦးကျော်မင်းဆွေနဲ့ သရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင်တို့ကို ဒုတိယအကြိမ်ရုံးထုတ်အဖြစ် ဗဟန်းတရားရုံးမှာ ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ကြိမ်ရုံးထုတ်မှာကတော့ ဇွန်လ ၂၃ ရက်နေ့ဖြစ်ပါတယ်။

ပထမအကြိမ်ရုံးထုတ်စဉ်ကလိုပဲ သတင်းလာယူတဲ့ သတင်းသမားများဟာ “သတင်းလွတ်လပ်ခွင့်ရှိရမည်” ဆိုတဲ့စာသားပါ လက်ပတ်တွေကို ပတ်ထားကြပြီး Press Free ၊ Not 66D စတဲ့စာသားတွေကို မျက်နှာထက်ဆေးမှင်ခြယ်သခြင်းများပါ ကမ်ပိန်းလုပ်ဆောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ပထမအကြိမ်ရုံးထုတ်စဉ်က အာမခံတင်ခဲ့ပေမဲ့ ဗဟန်းတရားရုံးကပယ်ချခဲ့ပါတယ်။ အခုအခါမှာလည်း ဦးကျော်မင်းဆွေမှာ အာမခံမရပြန်ပါဘူး။ ဒါနဲ့ ပတ်သတ်ပြီးတရားစွဲအဖွဲ့အစည်းများဟာ တည်ဆဲဥပဒေများကို သွေဖယ်လုပ်ဆောင်နေတယ်လို့ The Voice ဘက်ကရှေ့နေများကပြောဆိုထားပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*