အစိုးရနဲ့အေဂျင်စီတွေကြား ” ပြန်ခွင့်ပြုဖို့ / မပြုဖို့ “သဘောထားကွဲလွဲရတဲ့ မလေးရှားသို့မြန်မာလုပ်သားစေလွှတ်မှုလမ်းကြောင်း

အစိုးရနဲ့အေဂျင်စီတွေကြား ” ပြန်ခွင့်ပြုဖို့ / မပြုဖို့ “သဘောထားကွဲလွဲရတဲ့ မလေးရှားသို့မြန်မာလုပ်သားစေလွှတ်မှုလမ်းကြောင်း
June 10, 2017 Asian Fame

2:23 pm
အစိုးရနဲ့အေဂျင်စီတွေကြား ” ပြန်ခွင့်ပြုဖို့ / မပြုဖို့ “သဘောထားကွဲလွဲရတဲ့ မလေးရှားသို့မြန်မာလုပ်သားစေလွှတ်မှုလမ်းကြောင်း

 

19105854_1909066296013608_293547675406094353_n

ရန်ကုန်၊ ဇွန် ၁၀

အလုပ်သမားပို့ခွင့် ပိတ်ထားခြင်းကာလ ၆ လလောက်ရှိနေပြီဖြစ်တဲ့ မလေးရှားနိုင်ငံကို အလုပ်သမားပြန်လည်လွှတ်ခွင့်ပြုဖို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက လွှတ်တော်ရေးရာကော်မတီအထိကို တွေ့ဆုံတောင်းဆိုတာတွေပြုလုပ်လာပါတယ်။

ဇွန်လ လဆန်းပိုင်းလောက်ကပဲ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAF က အလုပ်သမားဝန်ကြီးဌာနကို အသနားခံစာတစ်စောင်တင်ပြပြီး မလေးရှားကို Calling ကျပြီးသားအလုပ်သမားတွေ ပြန်လည်လွှတ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

ဒီကိံစ္စအပြီး ဇွန် ၇ ရက်နေ့မှာ MOEAF ဟာ ထပ်မံပြီး
အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ကိုသွားရောက်တွေ့ဆုံကာ အလုပ်သမားတွေ ပြန်လည်လွှတ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံပြီးရင် မလေးရှားနိုင်ငံဟာ မြန်မာလုပ်သားတွေ ဒုတိယအများဆုံးသွားရောက်လုပ်ကိုင်နေတဲ့ ပြည်ပနိင်ငံတစ်ခုလည်းဖြစ်ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သတ်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က သူကိုယ်တိုင်ဦးဆောင်ဆန္ဒပြပွဲတစ်ခုကို မလေးရှားမှာ လွန်ခဲ့တဲ့ ခြောက်လ က ပြုလုပ်ခဲ့ပါတယ်။

အထက်ပါကိစ္စအပြီး မကြာခင် မြန်မာလုပ်သားတွေနဲ့ပတ်သတ်တဲ့ စိုးရိမ်ဖွယ်ရာအခြေအနေတစ်ချို့ပေါ်ပေါက်လာတာကြောင့် ၀န်ကြီးဌာနက ရက်ပိုင်းလေးမှာပဲ အလုပ်သမားပို့ခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

အခုဆိုရင် မလေးရှားမှာနိုင်ငံရေးအခြေအနေတွေ တည်ငြိမ်နေပြီဖြစ်လို့ အလုပ်သမားတွေ ပြန်လည်လွှတ်ခွင့်ပေးသင့်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက မှတ်ချက်ပြုပြီး တောင်းဆိုမှုတွေ ခပ်စိတ်စိတ်လုပ်လာပေမယ့် အလုပ်သမားဝန်ကြီးဌာနရဲ့ သဘောထားနဲ့ သူတို့ သဘောထားကတော့ ကွဲလွဲနေပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဒီကိစ္စနဲ့ပတ်သတ်ပြီး ပေါ်ပြူလာနယူးစ်ကို မှတ်ချက်ပြု ပြောကြားရာမှ မလေးရှားမှာလက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေ အရ မြန်မာလုပ်သားတွေ ပြန်လည်စေလွှတ်ခွင့်ပေးဖို့မဖြစ်နိုင်သေးကြောင်းနဲ့ တစ်ချို့အကြောင်းအရာတွေ က ပြောလို့ မကောင်းတဲ့အပိုင်းတွေ ဖြစ်နေကြောင်းဆိုပါတယ်။

MOEAF ကတာဝန်ရှိသူတွေက၀န်ကြီးဌာနရဲ့မှတ်ချက်ကို ကန့်ကွက်ပါတယ်။ ဒီလိုပဲ ၀န်ကြီးဌာနကလည်း MOEAF ရဲ့ ယုဆချက်ကို ကန့်ကွက်ပါတယ်။

ဇွန်လ (၇)ရက်နေ့၊နေ့လည် ၁နာရီ က နေပြည်တော် ၊ အမျိုးသားလွှတ်တော်၊ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီကို MOEAF ကသွားရောက်တွေ့ဆုံရာမှာ သူတို့အနေနဲ့ လက်ရှိကြုံနေရတဲ့အခက်အခဲ ၊ လုပ်သားတွေကြုံနေရတဲ့အခက် စတာတွေကို တင်ပြခဲ့တယ်လို့ MOEAF သတင်းထုတ်ပြန်ရေးကော်မတီကဆိုပါတယ်။

မလေးရှားနိုင်ငံမှာ အခုအချိန်ထိ မြန်မာလုပ်သားတွေအေးချမ်းစွာလုပ်ကိုင်လျှက်ရှိကြပြီး၊နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးလည်းကောင်းမွန်နေတာကြောင့်အမြန်ဆုံးပြန်လည်ခွင့်ပြုပေးဖို့နဲ့ တရားဝင်လမ်းကြောင်းကို ကြာရှည်စွာပိတ်ပင်ထားခြင်းဟာ တရားမဝင်လမ်းကြောင်းထဲကို လုပ်သားတွေကို တွန်းပို့သလိုဖြစ်နေတယ်လို့ MOEAF က ဆိုပါတယ်။

ဒါကြောင့် မလေးရှားကို သွားရောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ calling ကျပြီး လုပ်သား ၈၀၀၀နဲ့၁၀၀၀၀ ကြားပမာဏကို စေလွှတ်ခွင့်ပြုပေးဖို့ MOEAF က ဒီကနေ့ထိကို အစိုးရထံမှာ တစိုက်မတ်မတ်တောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းမှာ တော့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ အလုပ်သမားဝန်ကြီးဌာနကို မှတ်ချက်ပြုခဲ့ပါတယ်။

မလေးရှားမှာဖြစ်ပွားနေတဲ့ အခြေအနေတွေအရ အလုပ်သမားအသစ်တွေ စေလွှတ်ခွင့်ပြုပေးဖို့ မသင့်ကြောင်းနဲ့ Calling ကျပြီးသားအလုပ်သမားတွေကို စေလွှတ်နိုင်ကြောင်းသံရုံးက အလုပ်သမားဝန်ကြီးဌာနကို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူက “ကျွန်တော်တို့က Calling ကျပြီးသားရယ်လို့ သီးသန့်မခွဲဘူး။ အားလုံးကိုခြုံပြီးစဉ်းစားတယ်။ လောလောဆယ် ပြန်ခွင့်ပြုပေးဖို့ မဖြစ်နိုင်သေးဘူး” လို့ ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာကြောင့်ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်နေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ကြည့်ရင်တော့ အခုမလေးရှားကို အလုပ်သမားစေလွှတ်ခွင့်ပိတ်ထားမှုကြာရှည်လာတာဟာ သူတို့အတွက် ကောင်းမွန်တဲ့အခြေအနေတစ်ခုတော့မဟုတ်ပါဘူး။

ဒီလိုပိတ်ထားမှုကြာရှည်လာတာကြောင့်လည်း တရားမ၀င်သွားရောက်တဲ့ နှုန်းထားမြင့်တက်လာတယ်ဆိုတာကလည်း ငြင်းလို့မရတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။

တစ်ဖက်ကကြည့်ရင်လည်း သွားရောက်လုပ်ကိုင်တဲ့အလုပ်သမားတွေအတွက် လုံခြုံစိတ်ချရတဲ့အခြေအနေ တစ်ရပ် ၊ ပြဿနာဖြစ်ရင် အကာအကွယ်ရရှိုဖို့နည်းပါးနေတဲ့အခြေအနေတစ်ရပ် ၊ စတာတွေကြောင့် မလေးရှားကို အလုပ်သမားပြန်လည်စေလွှတ်ခွင့်ပေးဖို့ အစိုးရအနေနဲ့ ခက်ခဲနေမှာပဲလို့ ၀န်ကြီးဌာနက အငြိမ်းစားတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

ရဲလွင်

photo-MOEAF
ပုံစာ-အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ နှင့် MOEAF တို့တွေ့ဆုံစဉ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*