သူတို့အမြင်

သူတို့အမြင်
June 2, 2017 Asian Fame

11:48 am
သူတို့အမြင်

opinionပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု တို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝ ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံ သည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ တည်ဆောက်နိုင် ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား မေလ ၂၄ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ယင်းညီလာခံကြီး၏ ရလဒ်မှာမူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)က အဆိုပြု တင်သွင်းလာသော မူဝါဒ အဆိုပြုချက်များ အပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲ များကို အဆင့်ဆင့် ကျင်းပပြုလုပ်ပြီး ရရှိလာသော အဆိုပြုချက် များကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁) အဖြစ် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းပင်။

ထို့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးနှင့် ပတ်သက်၍ ယင်းညီလာခံကြီးတွင် ပါဝင်ခဲ့ကြ သည့် ပုဂ္ဂိုလ်များ၏ အမြင်တို့ ကို စုစည်း ဖော်ပြလိုက်ရပါကြောင်း …

ဦးလှမောင်ရွှေ
(UPDJC ၊အတွင်းရေးမှူးအဖွဲ့ဝင်)

ကျွန်တော့်အမြင်နဲ့ ပြောရရင် ကျွန်တော်တို့ ထင်ထားတာထက် အ များကြီး အောင်မြင်တယ်လို့ ပြောရ မယ်။ နိုင်ငံတကာမှာ ဒီလို Stake Holder တွေ အများကြီး ပါဝင်ပြီးဆွေး နွေးရရင် အရမ်းကြာတယ်၊ အရမ်း ခက်တယ်၊ ဒါပထမဦးဆုံး လုပ်တာ။ ဒီလောက်အထိ အောင်မြင်တယ်ဆို တာ ကျေနပ်စရာပါ။ နောက်တစ်ခု က နိုင်ငံရေး ဆိုတာကတော့ ညှိတာ ဖြစ်တဲ့အတွက် ဘယ်သူ ကမှတော့ ၁ဝဝ ရာခိုင်နှုန်းမရနိုင်ဘူး။ နောက် တစ်ခုက ၁ဝဝ ရာခိုင်နှုန်း ကျေနပ် တာလည်း ကမ္ဘာမှာမရှိခဲ့ဘူး။ အခု ဒီလောက်အချိန်လေး အတွင်းမှာ အ များကြီး ဆွေးနွေးချက်တွေ ထွက် ပေါ်လာခဲ့တဲ့ အတွက် ကျွန်တော့်အ နေနဲ့တော့ ကျေနပ်စရာ အဖြစ် မြင် တယ်။ နောက် ကျွန်တော်မျှော်လင့် တာကတော့ ဒီ Framework မပြင် မချင်း ဒီ Framework မှာ ပြဋ္ဌာန်း ထားတာကတော့ တစ်နှစ်ကို နှစ်ကြိမ် ညီလာခံ လုပ်မယ်လို့ ပြဋ္ဌာန်းထား တယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ခြောက်နှစ်ရှိပြီ၊ အခုတစ် ကြိမ်မှပဲ Outcome ထွက်လာတယ်။ အခု ကျွန်တော်တို့ ပြန်ကြည့်လိုက် တော့ အချက်အနေနဲ့ ၄၅ ချက်တင် တာ ၃၇ ချက်က Outcome အနေနဲ့ ထွက်တယ်လို့ ပြောတဲ့အတွက် ကျွန် တော်တို့ ထင်ထားတာထက် များ တယ်။ လူတွေကတော့ ၄၅ ချက် ရချင်တာပေါ့နော်၊ ဒါပေမယ့် နိုင်ငံ တကာ ဆွေးနွေးပွဲတွေမှာ သုညဖြစ်ပြီး ပြန်စရတာတွေ ရှိတယ်။ ကျွန်တော် ထင်တာ အများကြီးရတယ်။ နောက် တစ်ခုကတော့ ယုံကြည်မှုတွေ ရလာ ရင် နောက်တစ်ကြိမ် မှာ ပိုပြီးတော့ ရမယ်။ နောက်တစ်ခါ မပါဖြစ်တဲ့သူ တွေအတွက်က ဒီတစ်ကြိမ်ကနေ  နောက် သူတို့ပါအောင် ဆွဲဆောင် လာနိုင်မယ်လို့ ယုံကြည်တယ်။

ဦးအောင်ကြည်
(ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ ခေါင်းဆောင်)

ဒီ ၂၁ ရာစုပင်လုံ အစည်းအဝေး က အများကြီး အောင်မြင်မှုရတယ်။ တို့ မျှော်မှန်းထားတဲ့ အတိုင်းအတာ အထိရတယ်လို့ ကျွန်တော် ထင်တယ် လေ၊ အားလုံးက ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့် အလိုဆန္ဒတွေကို ပြောနိုင် တယ်၊ ကိုယ့်ရဲ့အနာဂတ်ကို ဘယ်လို ပုံဖော်ကြမလဲဆိုတာ ဆွေးနွေးနိုင် ကြတယ်။ အဲ့ဒီ ဆွေးနွေးမှုတွေဟာ ဟိုးတုန်းက နဲ့မတူဘူးလေ၊ ဟိုးတုန်း ကတော့ ကျွန်တော်တို့က အကြောင်း ကြောင်းကြောင့် ဆွေးနွေးကြတဲ့အခါ မှာ  ဗဟိုဦးစီးမှုလေး တွေ များတာ ပေါ့လေ။ ဒီမှာကတော့ ကိုယ်ပြော ချင်တဲ့ ဟာလေးတွေ ပြောဆိုဆွေး နွေးသွားတာမျိုး တွေ့ရတယ်။ ဒါ ကြောင့်မို့လို့ အချက်က ဘယ်နှချက် ရရပါ၊ ကျွန်တော်တို့က ဒီအပေါ်မှာ အကဲဖြတ်တာ မဟုတ်ပါဘူး၊ ပြည်သူ လူထုရဲ့  စိတ်ဆန္ဒ ဘယ်လောက်များ လဲအပေါ်မှာ စဉ်းစားတာပါ။

ဦးထွန်းနိုင်
(ကိုးကန့်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ)

ကဏ္ဍတွေတိုင်း အတိုင်းအတာ တစ်ခုထိ အောင်မြင်ပါတယ်။ ကျင်း ပတိုင်း ကျင်းပတိုင်းအောင်မြင်တယ်၊ နောင်လည်း ကျင်းပနိုင်ပါစေလို့ ကျွန် တော်တို့က မျှော်လင့်တယ်။ ဘာလို့ လဲဆိုတော့ ကျင်းပတိုင်းမှာ တစ်ဆင့် တော့ တိုးသွားတာပါပဲ။ အားလုံးက လည်း ငြိမ်းချမ်းရေးကို လိုလားနေပါ တယ်။

ဒေါက်တာအောင်နိုင်ဦး
(ပါဝင်သင့်ပါဝင်ထိုက်သူအစုအဖွဲ့)

ဦးသိန်းစိန် လက်ထက်တုန်းက တော့ အပစ်အခတ် ရပ်စဲရေးကိုပဲ  ဦးစားပေးပြီး လုပ်ခဲ့တာလေ။ ဆွေး နွေးပွဲတွေ မစနိုင်ဘူးလေ။ အဲဒီ တော့ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေး စာချုပ်ရသွားပြီးတဲ့ နောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲလုပ် ရတာပေါ့နော်။ အဲဒီတော့ ဦးသိန်း စိန်အစိုးရ လက်ထက်မှာ အပစ်အ ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ အများကြီး အောင်မြင်ခဲ့တယ်ပေါ့ နော်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဦး နှစ်ဖက် တစ်ဖွဲ့ချင်း အပစ်အခတ်ရပ် စဲရေးက ၁၄ ဖွဲ့ရပြီးတော့ တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာ ချုပ်ကို လပေါင်းများစွာ ဆွေးနွေးပြီး တော့ ရသွားတယ်၊ ဒါ သူ့ရဲ့အောင် မြင်မှုပေါ့နော်။ အဲဒီတော့ ဒီအစိုးရ လက်ထက်မှာ အပစ်အခတ် ရပ်စဲရေး ကို ဆက်ကြိုးစားနေတာ ကျွန်တော် တို့တွေ့ရတယ်၊ အခက်အခဲတွေ ရှိနေ တာလည်း ကျွန်တော် တို့တွေ့ရတယ်။ ဒါပေမယ့် နိုင်ငံရေး အရ အရေးပါ လာတာကတော့ သူက နိုင်ငံရေး ဆွေးနွေးပွဲကို ဦးဆောင်ပြီး ဆွေးနွေး ရတဲ့ အနေအထားဖြစ်တယ်။ အဲဒီ တော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုပ် တဲ့ပွဲထက် ဆိုရင် ဒီပွဲက ပိုအရေးပါ တယ်။ ဘာဖြစ်လို့လဲ ဆိုရင် တစ်ဖက် နဲ့တစ်ဖက် သေချာညှိပြီးတော့ တိ တိကျကျ အဖြေတွေကို ကျွန်တော် တို့ ရလာအောင် သဘောတူညီချက် တွေရလာအောင် ကြိုးစားနေရတဲ့ အ တွက် ခက်ခက်ခဲခဲနဲ့ ကျော်လွှားနေရ တာဖြစ်တယ်။ ဒါက ပထမဆုံးခြေ လှမ်းဖြစ်တယ်။ ကျွန်တော်တို့အမြင် ကတော့ တစ်ချက်ပဲရရ နှစ်ချက်ပဲ ရရ အောင်မြင်မှုဖြစ်တယ် အခုဆို ရင် ၆ဝ ရာခိုင်နှုန်း၊ ၇ဝ ရာခိုင်နှုန်း ဖြစ်တော့ တော်တော် အခြေအနေ ကောင်းနေတယ် လို့ ကျွန်တော်မြင် တယ်။ နောက်တစ်ခုက ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် နောက် တစ်ဆင့် တက်သွားပြီလို့ ပြောလို့ရပါတယ်။

ဦးဉာဏ်ဝင်း
(NLD ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင်)

ဒီအစည်းအဝေးအပေါ် ပြော ရရင် လုံးဝအောင်မြင်တယ်၊ အတိုင်း အတာမဟုတ်ဘူး လုံးဝအောင်မြင် တယ်။

ဖဒိုမန်းငြိမ်းမောင်
(KNU ဗဟိုကော်မတီဝင်)

ကျွန်တော်တို့ အနေနဲ့ ဒီအစည်း အဝေးအပေါ်မှာ အများကြီး ကျေနပ် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန် တော်တို့ အမြင်တူတာတွေရော မတူ တာတွေရော အများကြီး ပွင့်ပွင့်လင်း လင်းပြောကြဆိုကြတယ်။ နောက် တစ်ခုက တစ်ချိန်က နှစ်ပေါင်း ၆ဝ ကျော် ရန်သူတွေဖြစ်ခဲ့တဲ့ ဗမာ့တပ် မတော်နဲ့ ကျွန်တော်တို့ အခုအစည်း အဝေးမှာ မိတ်ဆွေတွေ အဖြစ်နဲ့ စား ပွဲဝိုင်းမှာတွေ့ကြတော့ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးဟာ အမြင်တူတာ တွေကိုလည်း ဆွေးနွေးနိုင်တယ်။ အ မြင် မတူတာတွေကိုလည်း ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့တဲ့အတွက် အများကြီး ကျေနပ် အားရတယ်။ အခုသဘော တူညီချက်တွေဟာ ၃၇ ချက်ရတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး အ ကုန်လုံး ခြုံလိုက်ရင်ပေါ့နော်  သဘော မတူညီတာတွေလည်း ရှိတယ်။ အခု ဆိုရင် ကျွန်တော်တို့ နိုင်ငံရေးပြဿ နာကို စတင် ဖြေရှင်းတဲ့ အခါမှာ ကျွန် တော်တို့ အချက်ပေါင်း ၃ဝ ကျော် သဘော တူညီချက်ရခဲ့တော့ ကျွန် တော်တို့ ကြီးမားတဲ့ အောင်မြင်မှု ရတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ကျွန်တော်တို့ ဆက်ပြီးညှိနှိုင်းမယ်၊ ကျွန်တော်တို့ ကျေနပ် အားရတယ်၊ အမြင် မတူတာတွေ ဆက်လက်ညှိ နှိုင်းမယ်။ အခုလိုမျိုး ရခဲ့တာကိုက အောင်မြင်မှု တစ်ခုရတယ်လို့ ကျွန် တော်တို့မြင်တယ်။ ရာခိုင်နှုန်းအား ဖြင့်ဆိုရင် ငါးဆယ်ရာခိုင်နှုန်း အထိ အောင်မြင်နေပြီလို့ ကျွန်တော်မြင် တယ်။

ဦးဝင်းထိန်
(NLD ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင်)

ငြိမ်းချမ်းရေးဆိုတာ ကျွန်တော် တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၈၈၊ ၈၉ ကတည်းက ချထားတဲ့လမ်း စဉ်။ ၈၉ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပင်လုံမှာ ကြေညာချက် ထုတ်ထားတယ်၊ မြန်မာနိုင်ငံ အတွင်း မှာ ရှိတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာမယ် ဆိုပြီး ဆုံးဖြတ်ချက် ချထားတယ်။ အဲဒီချမှတ်ထားတာကို လက်တွေ့အ ကောင်အထည်ဖော်နေတာ။ အဲဒီ အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲတွေလည်းရှိတယ်။ အ ချိန်ကြာမယ် ဆိုတာလည်း သိတယ်။ အဲဒီတော့ အခက်အခဲ တွေကို ဖြေ ရှင်းနိုင်ဖို့အတွက် အချိန်ဘယ်လောက် ကြာကြာ ကြိုးစားသွားမယ်။ ဒီနှစ်က တော့ ငြိမ်းချမ်းရေးနှစ် လို့ပြောလို့ရတာ ပေါ့။ အဆက်မပြတ် ကြိုးစားနေတယ် တစ်ဖက်ကလည်း တိုင်းပြည် တိုးတက် ဖို့ဆိုတဲ့ လုပ်ငန်းတွေလည်း ရှိတယ်။ မျှပြီး လုပ်ဆောင်သွားမယ်။ ဒီညီလာ ခံကတော့ အထိုက်အလျောက်အောင် မြင်တယ်လို့ပြောလို့ရတယ်။ အအောင် မြင်ကြီးပဲဆိုပြီး ပြောဖို့ကစောသေး တယ်။

ဒုတိယဗိုလ်မှူးကြီး စန္ဒာမြင့်
(တပ်မတော်သားအစုအဖွဲ့)

ဒါကတော့ တပ်မတော်သား အစု အဖွဲ့နေရာက ပြောရင်တော့ အတိုင်းအတာ တစ်ခုအထိ အောင် မြင်တာပေါ့နော်။ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကလည်း အများ ကြီးရှိပါသေးတယ်။ ဘာပဲပြောပြော  လျှောက်တော့ လျှောက်ရဦးမှာပေါ့။ ဘာပဲဖြစ်ဖြစ် Peace Process ဝိုင်း ဝန်းပြီးတော့ ပါလာရင် ကျေနပ်တာ ပေါ့။ နောက်တစ်ခုကကျတော့  Peace Process ကို တကယ်လိုချင် ဖြစ်ချင်တာ ကတော့ တကယ်တိုက် ခိုက်နေရတဲ့ တပ်မတော်သားတွေ က ပိုလိုချင်တာပေါ့နော်။ အကုန်လုံးက ရှေ့တန်းမှာ အသက်ပေးပြီး တိုက် နေရတော့ ပိုလိုချင်တာပေါ့။

နိုင်သက်လွင်
(ပြည်ထောင်စုဝန်ကြီး၊
တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဌာန)

NCA လက်မှတ် ထိုးတယ် ဆို တာ လက်နက်ချရတာ မဟုတ်ဘူး။ နိုင်ငံရေး ဝင်ရောက် ဆွေးနွေးနိုင်ဖို့ အပစ်ရပ်လက်မှတ် ထိုးခိုင်းပြီး နိုင်ငံ ရေး ဆွေးနွေးခိုင်းတာ။ မပြေမလည် မချင်း ဆွေးနွေးခိုင်းနေတာ။ ပထမ တစ်ကြိမ် မပြေလည်ရင် ဒုတိယအ ကြိမ်၊ ဒုတိယအကြိမ် မပြေလည်ရင် တတိယအကြိမ်၊ စတုတ္ထအကြိမ် ဒီ လိုပဲ ဆွေးနွေးသွားရမှာပဲ။ နိုင်ငံရေး ဆွေးနွေးတယ် ဆိုတာ တစ်နှစ်နဲ့မပြေ လည်ရင် နှစ်နှစ် ဆက်လက်ဆွေးနွေး သွားရမယ့်အလုပ်ဖြစ်တယ်။ အဲဒီလို ဆွေးနွေးဖို့ အပစ်ရပ် စာချုပ် လက် မှတ်ထိုးဖို့လိုတယ်။ လက်နက်ချရတာ မှမဟုတ်တာ။ လက်မှတ်ထိုးပြီး မပစ် ကြရင် ပြီးပြီ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်။ ကိုယ်ဘာဖြစ်ချင်လဲ။ ဖြစ်ချင်တဲ့ဟာ ကို ဆွေးနွေး။ ဒီလို အခွင့်အရေးမျိုး က ကမ္ဘာမှာရော၊ မြန်မာမှာပါ မရှိခဲ့ ဖူးဘူး။ ကျွန်တော်တို့ နိုင်ငံအစိုးရ အဆက်ဆက် ဒီလို အခွင့်အရေးမျိုး လည်း မရဖူးတော့ ဒါကို လက်မလွှတ် သင့်ဘူး။ လက်မှတ်မထိုးဘူး ဆိုရင် ဒါတွေဟာ လက်နက် ကိုင်ပြီး လုပ် စားတဲ့သဘော ပေါက်သွားမယ်။ ကိုယ့်လူမျိုး အခွင့်အရေး အတွက် တန်းတူရည်တူ ရဖို့အတွက်၊ ကိုယ်က တိုက်ပွဲဝင်တော်လှန်ရေး သမားလုပ် တယ်ဆိုရင် လက်မှတ်ထိုးပြီး ဆွေး နွေးနိုင်ရမှာပေါ့။ ဒီလိုမှ မဆွေးနွေး ရင် မဟုတ်တော့ဘူး။ ကိုယ့်လူမျိုးအ တွက် တော်လှန်ရေးသမား မဟုတ် တော့ဘူး။ ဒါဟာ အဓိပ္ပာယ် တစ်မျိုး ဆောင်သွားမယ်။ ပြောရင် ပိုပြီး မကောင်းတော့ဘူး။ ဘယ်လူမျိုးမဆို အားလုံးဟာ တရားဥပဒေ အောက် မှာပဲ ရှိရမယ်။ ဘယ်သူကမှ အထူး အခွင့်အရေးနဲ့ ရယူလို့ မရဘူး။ လူ မျိုးကို မကြည့်ဘဲ လူသားတွေကိုပဲ ကြည့်ပြီး အားလုံး လိုချင်တဲ့ ဖက် ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ကြဖို့ လိုတယ်။

ဒေါ်ဂျန်နာ
(ငြိမ်းချမ်းရေး အကျိုးဆောင်အနေ နှင့် တက်ရောက်လာသူ)

ကျွန်မ တစ်ဦးတစ်ယောက် တည်းအမြင် အကျိုးဆောင် အနေနဲ့ အမြင်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဟာ ရေရှည်လုပ်ရမယ့် အလုပ် ဖြစ်တယ်။ ဒီတစ်ခေါက် ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ ဒုတိယအ စည်းအဝေး ကနေပြီးတော့ ဆက် လက် ပြီးတော့ ဆောင်ရွက်နိုင်ဖို့အ တွက် Process မရပ်သွားနိုင်အောင် အပြည့်အဝ မရှိသေးတဲ့ သဘောတူ ညီချက်တွေ Process မရပ် သွားနိုင် အောင် ခေါင်းဆောင်တွေက လုပ် ဆောင်နိုင်ခဲ့တယ်။ ဒါကြောင့်မို့လို့  ကျွန်မတစ်ယောက်တည်း အမြင်က တော့ အောင်မြင်မှု ရဲ့ အစိတ်အပိုင်း တွေလို့ မြင်ပါတယ်။ ကျွန်မတို့က သီအိုရီအရ ရလဒ်ကိုပဲ မြင်ချင်တာ ဆိုတော့၊ ဒါပေမယ့် ရလဒ်ထက် ငြိမ်း ချမ်းရေးက ပိုအရေးကြီးပါတယ်။ Process က ပိုပြီးတော့ အရေးကြီး ပါတယ် လို့ပြောချင်ပါတယ်။ ကျွန်မ ကတော့ အားရတယ်လို့ပဲ ပြောချင် ပါတယ်။

ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း
(ချင်းအမျိုးသားတပ်ဦး- CNF အဓိပတိကောင်စီဝင်)

၃၇ ချက်ထွက်လာပြီ ဆိုတော့ ဒီ ၃၇ ချက်လောက်ကတော့ ပထမ အဆင့်ပေါ့လေ။ ဒီပြည်ထောင်စု သ ဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်းတွေ ပထမအဆင့်  လက်မှတ်ထိုး မှာဖြစ် တယ်ဆိုတော့ ကျန်တဲ့ဟာတွေက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေမှာ ဆွေးနွေးပြီးတော့မှ ဒီမှာ တင်တဲ့ဟာတွေ ရှိတယ်။ မတင်သေး တာတွေတောင်မှ ဒီညီလာခံ ပြီးလို့ ရှိရင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်မှာ ကျွန်တော်တို့ ဖော်ပြ ထားတဲ့အတိုင်းပဲလေ ကျွန်တော်တို့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ပြန် ကျင်းပမယ်၊ လူထုကို ပြန် ချပေးမယ်။ အခု ဒီမှာ သဘောတူလို့ မရသေးတဲ့ဟာ ကျွန်တော်တို့ အနေနဲ့ နည်းလမ်း ရှာပြီးတော့ လူထုနဲ့လည်း ပြန်ပြီးတော့ တိုင်ပင်မယ်။ ပြီးတော့ အချင်းချင်းလည်း ပြန်တိုင်ပင်မယ်။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲကို ဒီတစ်ခေါက် ကျွန်တော်တို့အ နေနဲ့ တောင်းဆိုထားတာက NCA  လက်မှတ်ထိုးထားတဲ့ နယ်မြေအား လုံးမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆိုထားတယ်။ မနေ့က ကျွန်တော်တို့ သဘောမတူ နိုင်တဲ့ အချက်တွေကို သုံးသပ်မယ် ဆိုရင်လည်း RCSS နဲ့ ANP နေရာ မှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေး နွေးပွဲ မကျင်းပနိုင်တဲ့ အခါကျတော့ တပ်မတော်ဘက် က တောင်းဆို ချက် တွေကို ကျွန်တော်တို့လည်း သဘော တူပေးလို့မရဘူး။ သဘောတူပေးလို့ မရတဲ့ အကြောင်းရင်းထဲမှာ ပြည် ထောင်စုက ခွဲမထွက်ရဆိုတဲ့ ကိစ္စက ကျွန်တော်တို့ လူထုနဲ့ တိုင်ပင်ခြင်း မရှိဘဲနဲ့ အမျိုးသား အဆင့်နိုင်ငံ ရေး ဆွေးနွေးပွဲ မကျင်းပဘဲနဲ့ RCSS အ နေနဲ့လည်း လက်ခံဖို့ အခက်အခဲရှိပါ တယ်။ တခြား အဖွဲ့အစည်းတွေ အ နေနဲ့လည်း ဒီကိစ္စကို တိုက်ရိုက်လူထု နဲ့ တိုင်ပင်ခြင်း မရှိသေးဘူး။ ထို့အ တွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဆိုတော့ ဒီအခက်အခဲတွေ အား လုံး ကျော်လွှားဖို့ အတွက်ဆိုရင် ကျွန် တော်တို့ ဒီအမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပမယ်။ ပြီးလို့ရှိ ရင်  လုပ်ငန်းကော်မတီ မှာပြန်ညှိနှိုင်း မယ်။ ပြီးတော့ အတွင်းရေးမှူးအဖွဲ့ မှာ ပြန်ညှိနှိုင်းမယ်။ UPDJC မှာ ပြန် ညှိနှိုင်းပြီးတော့ အခုလို နောက် တစ် ခေါက်ညီလာခံမှာ အောင်မြင်လိမ့် မယ်လို့  ကျွန်တော် ယုံကြည်ပါတယ်။

ရဲဘော်သံခဲ
(မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသား များဒီမိုကရက်တစ် တပ်ဦး- ABSDFကျောင်းသားတပ်မတော်- ဥက္ကဋ္ဌ)

တစ်ဖက်ကပြောရရင် အရေး ကြီးတဲ့ မြန်မာပြည်ရဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် နဲ့ပတ်သက်တဲ့  အဓိကကျ တဲ့ နိုင်ငံရေး ခေါင်းစဉ်တွေကို စဆွေး နွေးနေရပြီလို့ ကျွန်တော် ယူဆတယ်။ ဒါပေမယ့် ဒီလို ဆွေးနွေးနေတဲ့ အ ပေါ်မှာ ဒီအခန်းထဲမှာ ဆွေးနွေးနေ တာတွေဟာ ကျွန်တော် တို့နဲ့ လုံ လောက်ပါ့မလား ခံစားချက်ရှိတယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးနေတာ တွေက ကျွန်တော်တို့ တိုင်းပြည်အ တွက် တိုးတက်မှုလို့ ကျွန်တော်ယူဆ တယ်။ ဒါပေမယ့် မလုံလောက်သေး ဘူး။ ဒါပေမယ့် အစပျိုးမှုကို ဆက် ထိန်းထားဖို့လိုတယ်။ နောက်တစ်ခု က မပါဝင်နိုင်သေးတဲ့ အဖွဲ့အစည်း တွေ ဆက်ပါဝင်နိုင်မယ်လို့ ကျွန် တော်ယူဆတယ်။

ဦးသဲရယ်
(လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ၊ ကယားပြည်နယ်)

အခု ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာမှာ အဓိက ကဏ္ဍ ၅ ခုရှ်ိတယ်။ ကဏ္ဍ ၅ ခုထဲက အချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အဖြစ်အစုအဖွဲ့ ၅ စုက ကိုယ်စားလှယ် တစ်ဦးစီလက် မှတ်ရေးထိုးစေပါတယ်။ ဒီအပေါ် ကျွန်တော်တို့ ဆွေးနွေးချက်တွေ အ နည်း အကျဉ်းသာ ပါလာတဲ့အခါကျ တော့ ကျွန်တော့် အနေနဲ့က ဆိုပါစို့ ပြည်နယ်ကိုယ်စားပဲပြောပြော၊ ပါတီ ကိုယ်စားပဲပြောပြော ကိုယ်စားပြုလက် မှတ်ထိုး ခိုင်းရင် ထိုးဖို့ အဆင်မပြေပါ ဘူး။ နောက်တစ်ခုက ကျွန်တော်တို့ ပြည်နယ်မှာ အမျိုးသားရေး အဆင့် ညီလာခံ ဆိုတာလည်း မလုပ်ရသေး သလို ခုကျွန်တော်တို့ ပါတီ အနေနဲ့ က ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုနဲ့ လူမျိုးစု အားလုံးရဲ့အသံ မပါနိုင်သေး တာလည်းပါတာကြောင့် ကျွန်တော့် အနေနဲ့ ထပ်မံ ဆွေးနွေးစေချင်ပါ တယ်။ ကိုယ်စားပဲထိုး ခိုင်းတာပေါ့။ ထိုးခိုင်းရင်လည်း ထိုးမှာမဟုတ်ဘူးပေါ့လေ။

ဦးသုဝေ
(UPDJCအတွင်းရေးမှူးအဖွဲ့ဝင်၊
နိုင်ငံရေးပါတီ ကိုယ်စားပြု)

အခု ပြီးဆုံးသွားတဲ့ ညီလာခံကြီး ဟာ ပဋိပက္ခတွေကို အတော်အတန် ဖြေဖျောက်ပေးနိုင်မယ့် ညီလာခံတစ် ခု ဖြစ်လာလိမ့် လို့ ကောက်ချက် ချလို တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ စာချုပ်တစ်ရပ် ကိုလည်း လက်မှတ် ရေး ထိုးနိုင်ခဲ့တယ်။ ဒီစာချုပ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေ ယာစတဲ့ ကဏ္ဍ အသီးသီးရဲ့ အချက် အချို့အပေါ် သဘောတူညီလိုက်တဲ့ စာချုပ်ဖြစ်တယ်။ သဘောတူညီချက် တွေပါတဲ့ စာချုပ်တစ်ခုကို လက် မှတ်ရေးထိုး လိုက်နိုင်တယ် ဆိုက တည်းကိုက ရှေ့ဆက်ပြီး အလားအ လာ တအားကောင်းသွားပြီ။ ဒီမို ကရေစီ အနှစ်သာရတွေ ပါတဲ့ ဆွေး နွေးမှုတွေ၊ သဘော တူညီမှုတွေ၊ ညှိ နှိုင်း အဖြေရှာမှုတွေ လုပ်နိုင်ခဲ့တာကို တွေ့ရခြင်းဖြင့် ရှေ့ဆက်ပြီး ကျင်းပ မယ့်ညီလာခံတွေဟာ အခုထက်ပိုပြီး ဒီမိုကရေစီ အနှစ်သာရတွေ ပိုပြီး ပြည့်စုံ သွားပါလိမ့်မယ်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*