နှိုက်ရင် ငါးကျပ် ဆေးရင် တစ်ဆယ်

နှိုက်ရင် ငါးကျပ် ဆေးရင် တစ်ဆယ်
June 1, 2017 Asian Fame

5:35 pm
နှိုက်ရင် ငါးကျပ် ဆေးရင် တစ်ဆယ်

aungkyawပိတ်စ အနီပေါ် ဆေးဖြူသုံးပြီး ထင်းနေအောင် ရေးထားတဲ့ ကြော် ငြာက ရွှေပွဲလာ ပရိသတ်တွေကို အတော် ဆွဲဆောင်နေသဗျ။
ကိုကိုတွေက ပြုံးစိပြုံးစိနဲ့ ယိုင်ပတ်ကာပြီး ဓနိမိုးထားတဲ့ အလုံပိတ် တဲလေးထဲကို ဝင်ကြဖို့ တာစူနေကြသလို အပျိုတွေ က ကြော်ငြာ မြင် ပြီး မျက်လုံးပြူးကြ မျက်စောင်းထိုးကြပေါ့။
ရွာဘုရားပွဲကိုလာပြီး ငွေရှာ ကြတဲ့ ဒီလိုဈေးသည်မျိုး ကျုပ်ဖြင့် ဒီတစ်ခါ တွေ့ဖူးသေးတယ်။
အရင်လာနေကျ မျက်လှည့်၊ ချား၊ လူထူးဆန်း၊ မြွေဆရာတွေရဲ့ ရုံတွေတောင် လူမရှိသလောက်ပဲ။
ညကမယ့်ရွှေမန်းရုံတောင် ဒီ ပုံစံအတိုင်းဆို ကန်ထရိုက်တော့ ပွဲ အတော်လေး ထိုးရမယ့် အပေါက်။
”ဟေ့…ငေးနေတဲ့ဆရာ ကြီး၊ ခပ်လှမ်းလှမ်းက အားပေးပါ။ ကိုယ်တိုင်စမ်းချင်သပ ဆိုလည်း တန်းစီဗျို့။ အပေါက်မပိတ်ပါနဲ့”
ကျုပ်လည်းရုံစောင့်တွေ လှမ်း အော်မှ ဝါးလုံးတားထားတဲ့နေရာ က ဖယ်မိတယ်။ အတွေးများ သွားသကိုး။
ကြော်ငြာက ထူးဆန်းတော့ ကြည့်ချင်ပွဲလို ဖြစ်နေမလားလို့ စိတ်ကူးမိပေမယ့် ကျုပ်ကလူလည် ပဲ။ ရုံထဲဝင်သွားတဲ့ ကာလသား တွေ အရိပ်အခြည်ကြည့်လိုက်မှ တော်မယ်လေ။
တန်းစီနေတဲ့ လူအုပ်က မနည်း။ တဲလေးထဲကို တစ်ယောက် ချင်းပဲပေးဝင်တော့ နေပူဖုန်ထူထဲ ချွေးတောင် အတော်ပြန်သဗျို့။
ဟော..အစောက ဝင်သွား တဲ့သူ ပြန်ထွက်လာပြီ။
အံမယ်..မျက်နှာကလည်း မချိုမချဉ်၊ ရှက်သလို ရွံ့သလိုနဲ့ အင်း…။
ကျေနပ်မှုကတော့ မျက်နှာမှာ အတိုင်းသားပဲဗျို့။
”ဟေ့၊ အောင်ဘု၊  ဘယ်လို လဲ”
ထွက်လာတဲ့ ကာလသားကို တန်းစီနေတဲ့ သူငယ်ချင်းတွေက လှမ်းမေးကြတယ်။
”ဒါမျိုးက လျှာကပဲ သိနိုင်တာ မျိုးကွ။ ပြောရင် ပေါ့မှာစိုးလို့ ကိုယ်တိုင်သာ ဝင်နွှဲကြဟေ့”
ကြားတော်မူကြတဲ့ အတိုင်းပဲ ကျုပ်လည်း မကြီးမငယ်နဲ့ ခေတ် မီအောင် အတွေ့အကြုံယူမဟဲ့လို့ ဝင်ပြီး တန်းစီလိုက်တာပေျါ့ဗျာ။
နေကလည်းမြင့်လာလေ ချွေး ကလည်းနင့်နေအောင် ရွှဲတာပဲ ဗျို့။
”ဟော…ပြောရင်းဆိုရင်းကျုပ်အလှည့်ရောက်ပြီ”
တဲလေးထဲ ဝင်လိုက်တယ် ဆိုရင်ပဲ လေတဖြူးဖြူးနဲ့ အေးသွား တာပဲ။

လားလား.. ပန်ကာလေး ဖွင့်ပေးထားတာကိုဗျ။
အတွင်းထဲမှာ ကျုပ်ထင်ထား သလို ညစ်တီးညစ်ပတ်မှ မဟုတ် ဘဲ။ ပိတ်စိမ်းခင်းထားတဲ့ စားပွဲ ပေါ်မှာ ရွှေရောင်ဝင်းနေတဲ့ အိုးလေးတစ်လုံး၊ ကတ္ထီပါစ အနီ လေးအုပ်လို့ဗျ။
”ဆရာကြီး နှိုက်မှာလား” ဟုတ်သားပဲ ကျုပ်လည်း ငွေ ငါးကျပ် ထုတ်ပေးလိုက်တယ်။ ဆရာသမားရဲ့ မျက်နှာထားက ခပ်တင်းတင်းပဲ။
”နှိုက်စရာရှိ အသာလေး နှိုက်နော်။ ဟိုအော် ဒီအော် မလုပ်နဲ့။ သိပ်လည်း မစပ်စုနဲ့”
ကျုပ်ကို သတိပေးသလိုနဲ့ ဟန့်တော့၊ ဘာလဲဆိုတဲ့သဘော နဲ့ပြန်ကြည့်ပစ်လိုက်တယ်။
ဆရာသမားက ကြေးအိုးလေး ကိုမေးထိုးပြတော့ ဒီအိုးထဲနှိုက်ရ မှာပဲလို့ နားလည်လိုက်တယ်။
ကျုပ်လည်း သိချင်စောနဲ့ ဘာပြောကောင်းမလဲ အိုးလေးထဲ နှိုက်လိုက်တော့ နွေးခနဲပဲ ကျုပ် လက်ထဲခံစားလိုက်ရတယ်။ ဘာလဲ သိချင်ဇောနဲ့ အိုးထဲကို ပယ်ပယ် နယ်နယ်မွှေ ပစ်လိုက်တာပေါ့။ ခပ်ပျစ်ပျစ် အရည်တွေက လွဲလို့ ဘာမှ မစမ်းမိဘူး။
”ကဲ..ရပြီ။ လက်ထုတ်  လိုက်တော့”
ဘေးက ရုံပိုင်ရှင်က အမိန့် ပေးတော့ ကျုပ်လက်ကို အိုးထဲက ဆွဲထုတ် လိုက်တော့ လားလား..ထွီ …။
”ကဲ …ဆေးမှာလား ”
မေးလည်းမေး ဖြန့်ထားတဲ့ လက်ကလည်း ကျုပ်ရှေ့ရောက်ဆို တော့ တစ်ဆယ်တန် တစ်ရွက် ထပ်ထုတ်ပေးလိုက်ရသပေါ့။
သူပြတဲ့နေရာမှာ ရေအပြည့် ဇလုံရယ်၊ ဆပ်ပြာခွက်ရယ် အသင့် ပဲ။
မဖြစ်မနေ ဆေးရတော့မှာ ဆိုတော့ တစ်ဆယ်တန် ဆပ်ပြာလေး ကောက်ကိုင်ကြည့်လိုက်တော့ အံမယ် …’မွှေး’ ဆပ်ပြာဆိုပါ လား။ လက်ဆေးပြီး သုတ်စရာ တဘက် ကလေးကလည်း ဖြူလို့ သန့်လို့။
ကဲ… ပြောမယုံ ကြုံဖူးမှသိ၊ ကျုပ်ဆိုတဲ့ကောင် လည်း နောက် ချေးရေဖျော်ပြီး ကြေးအိုးထဲထည့် တာကို အားရပါးရနှိုက်…၊ မွှေး ဆပ်ပြာလေး နဲ့ ဆေး…၊ ရှိစုမဲ့စု ဆယ့်ငါးကျပ်ကလေး ကျေကျေ နပ်နပ်ပေးပြီး ကျုပ်ရှေ့ကကောင် တွေ မျက်နှာပေးမျိုးနဲ့…တဲလေး ထဲက ထွက်လာရသပေါ့။
စိတ်ထဲ ခိုးလိုးခုလုနဲ့ နောက် ပြန်လှည့်ကြည့်လိုက်တော့….
‘နှိုက်ရင်..ငါးကျပ် .. ဆေးရင်..တစ်ဆယ်’
ပိတ်စအနီပေါ်က စာလုံး ဖြူဖြူကြီးတွေက  ကျုပ်ကို အားရ ပါးရ ပြုံးပြနေလိုက်တာများဗျာ။
ခုလည်းဒီလိုပါပဲ မိတ်ဆွေတို့။ နှိုက်ရင်ငါးကျပ် ဆေးရင်တစ်ဆယ် တွေက ခုခေတ်မှာ အများသား ဆိုတော့ကာ ကိုယ့်ရှိတာလေး    ကုန် မသွားရလေအောင် အသိနဲ့ သတိလေးတော့ ကပ်ကြပစေဗျို့။

လေးစားစွာဖြင့်
အောင်ကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*