မှန်းချက်နဲ့ နှမ်းထွက်

မှန်းချက်နဲ့ နှမ်းထွက်
May 31, 2017 Asian Fame

11:18 am
မှန်းချက်နဲ့ နှမ်းထွက်

PC(photo-Ye Lwin)

Popular Choice ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှုဟူသည်ထက် တစ်ပတ်အတွင်းဖြစ်ခဲ့သော ထူးခြားမှုများအနက် အများပြည်သူ စာဖတ်သူတို့အတွက် အရေးပါသော၊ အများပြည်သူအပေါ်အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုးတစ်စုံတစ်ရာကိုလုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ၊ တီထွင်ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်းတစ်ခုခုကိုဖြစ်စေ ပေါ်ပြူလာအဖြစ်ဆုံးဟု ယူဆသည့်အကြောင်းကို ရွေးချယ်တင်ဆက်ခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည်တို့မှ ကောက်နုတ်တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော်လည်း ထိုကွဲလွဲမှုသည်ပင် မတူညီသော အမြင်များကို သုံးသပ်နိုင်သည်ဖြစ်၍ အသိဥာဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမိုကျယ်ပြန့်လာစေရန်လည်း ရည်ရွယ်ပါသည်။ အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ်၏ စာဖတ်ပရိသတ်တို့အတွက် ရင်းနှီးရ သောအချိန်နှင့် ငွေကြေးအကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှုတို့ကို သိမ်းဆည်းမှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးကတော့ ပြီးဆုံးသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။ အစိုးရ ကိုယ်စားလှယ်တွေ ပြောသလိုပါပဲ။ အခုအစည်းအဝေးဟာ ပြည်သူတွေ မျှော်လင့်သလောက် ရလဒ်မထွက်ခဲ့ပါဘူး။ တနင်္သာရီ၊ နေပြည်တော်၊ ကရင်၊ ရှမ်းဒေသအလိုက် စတဲ့ နေရာလေးခုမှာ ပြုလုပ်ခဲ့တဲ့ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေကနေ ရရှိလာခဲ့တဲ့အချက် ၄၁ ချက် (မြေယာကဏ္ဍ နောက်ဆက် တွဲ ၄ ချက် အပါအဝင် အချက် ၄၅) ကို အခု ညီလာခံမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ အကြိတ်အ နယ် ဆွေးနွေးခဲ့ကြပေမယ့် အချက် ၃၇ ချက်ကိုပဲ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၁) အဖြစ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

တိုင်းရင်းသား အားလုံး နှစ် ပေါင်းများစွာ လက်နက်ကိုင် တော် လှန်တိုက်ခိုက်ခဲ့တဲ့၊ အလားတူ ၇ နှစ်မျှ စားပွဲဝိုင်းတွေပေါ် ထိုင်ပြီး ဆွေးနွေးခဲ့တဲ့ အဓိကအချက်တန်း တူညီတူခွင့်၊ တိုင်းရင်းသား ပြည် နယ်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတဲ့ အချက်တွေကိုတော့ မဆွေးနွေး သဘောမတူနိုင်ခဲ့ကြပါဘူး။ အလားတူ အစိုးရနဲ့ ပြည်သူတွေ မျှော်လင့်နေတဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရဆိုတဲ့အချက်ပေါ်မှာ အဓိကသဘောထားတွေ ကွဲလွဲခဲ့ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံအဖွင့်မိန့်ခွန်းထဲမှာ ”အခု ညီလာခံကြီးမှာ ဒီမိုကရေစီဖက်ဒ ရယ် ပြည်ထောင်စုပေါ်ထွန်းလာ ရေးအတွက် အခြေခံအုတ်မြစ်ဖြစ် တဲ့ အခြေခံမူတွေကို ဆွေးနွေးညှိ နှိုင်းပြီး အတည်ပြုပေးတော့မှာဖြစ် ပါတယ်” လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ညီလာခံ အပိတ်မိန့်ခွန်းမှာတော့ ”ဒုတိယအကြိမ်အစည်းအဝေးကနေ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး ရှာပုံတော် လမ်းကြောင်း ပေါ်မှာ နောက်တစ်လှမ်း လှမ်းခဲ့ ပါပြီ။ ဒီခြေလှမ်း လှမ်းနိုင်ဖို့၊ သ ဘောတူညီချက်တွေ လွယ်လွယ် ကူကူ ရရှိခဲ့တာ မဟုတ်ပါဘူး။ ဒီ အစည်းအဝေးပြီးဆုံးခြင်းက ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်တဲ့ နောက်ခြေလှမ်း ရဲ့အစကို သတ်မှတ်လိုက်ခြင်းပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒါပေ မယ့် သူမ ထင်ထားသလောက် ညီလာခံဟာ ခရီးမပေါက်ခဲ့ပါဘူး။

ညီလာခံမှာ ဖက်ဒရယ်မူ ၁၂ ချက်ကို သဘောတူညီမှု ရရှိခဲ့ပေမယ့် ဆွေးနွေးလို့မရဘဲ ကျန်ခဲ့တဲ့အချက်တွေဟာ အနှစ်သာရရှိတဲ့ အရေးကြီးအချက်တွေ ဖြစ်နေပါ တယ်။ သက်ဆိုင်ရာ အစုအဖွဲ့ ကိုယ်စားလှယ်တွေကတော့ အား မလျှော့ကြောင်းနဲ့ အခုလို ပြည် ထောင်စု သဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခြင်းအတွက် ၅ဝ ရာခိုင် နှုန်း အောင်မြင်ကြောင်း ဆိုကြပါတယ်။ ညီလာခံတစ်လျှောက်မှာ ၃ ရက်မြောက်နေ့၊ ၄ ရက်မြောက်နေ့ နဲ့ ၅ ရက်မြောက်နေ့တွေဟာ တကယ်ကို အကြိတ်အနယ်ရှိခဲ့တဲ့ နေ့တွေဖြစ်ပါတယ်။ ခွဲမထွက်ရနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတစ်လျှောက်မှာ တင်း မာမှုတွေ၊ ယခင် ခံစားခဲ့ရတဲ့ မကျေနပ်မှုတွေနဲ့ စိုးရိမ်စိတ်တွေ၊ တောင်းပန်မှုတွေ ရှိခဲ့တာကြောင့် တင်းမာမှုတွေ ပြေလျော့ဖို့ tea break တွေ မကြာခဏ ပေးခဲ့ပါတယ်။ ၅ ရက်နေ့ ညနေပိုင်း tea break ပေးချိန်မှာတော့ နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို မျှော်လင့်သလို မဖြစ်ကြောင်း ဆိုလာပါတယ်။

ပြည်ထောင်စုကနေ ခွဲမထွက်ဘူးဆိုတဲ့ ကတိကဝတ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က မပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒီအတွက် ခွဲထွက်ချင်တာလားဆို တဲ့ မေးခွန်းပေါ်လာကြောင်းလည်း ၎င်းက ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ဖက်ဒရယ်ဟူသည်မှာ ပေါင်းစည်း ရေးဖြစ်သည်ကို အားလုံးလက်ခံ ကြောင်း၊ ခွဲမထွက်ရဆိုသည့် အ မိန့်ဆန်သည့် စကားအစားအတူ ပေါင်းစည်း နေထိုင်ကြမည်ဟူ သော ကိစ္စမျိုးဖြစ်စေချင်ကြောင်း ဆိုပါတယ်။ ရခိုင် အမျိုးသားပါတီက ဒေါက်တာအေးမောင်က ဒီမြေ ဒီ ရေမှာ ဘယ်လို တန်းတူညီမျှမှုတွေကို ဘယ်လို ပေးနေပါပြီဆိုတဲ့ ပုံစံမျိုး သွားသင့်ကြောင်း ဆိုပါတယ်။ ခွဲမထွက်ရအချက်အပါအဝင် အဲဒီ ကဏ္ဍအောက်က ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် ဖွဲ့စည်းပုံ စတဲ့ အချက် ၈ ချက်ကို အခု ညီ လာခံမှာ လုံးဝ မဆွေးနွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ခွဲမထွက်ရသည် အမိန့်ပေးဆန်သည်၊ ပြည်ထောင်စုကြီး မပြိုကွဲအောင် အတူစုပေါင်းနေထိုင် ကြမည်၊ ခွဲမထွက်ပါဘူးလို့ ကတိမပေးနိုင်ဘူးလားဆိုတဲ့ စကားလုံး တွေနဲ့ပဲ ဒီကိစ္စတွေ နိဋ္ဌိတံသွားခဲ့ ပါတယ်။ ဒါပေမယ့် နောက်ဆုံးမ တော့ တစ်ဖက်နဲ့တစ်ဖက် ထောက် ထားမှုတွေနဲ့ သဘောမတူတဲ့အချက်တွေဖယ်၊ သဘောတူတဲ့အ ချက်တွေ လက်မှတ်ထိုးဆိုတဲ့ပုံစံနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)ကို အချက် ၃၇ ချက်နဲ့ စတင်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အများဆုံး ပြဿနာရှိခဲ့တာ ကတော့ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေး တဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (လူမျိုးအလိုက်) တို့ ဖြစ်ပါတယ်။ ဒီဒေသက လက်နက်ကိုင်တွေဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မိမိတို့ ကြောင့် ပျက်သွားမှာ စိုးရိမ်တဲ့အတွက် အစုအဖွဲ့အနေနဲ့ ပြည်ထောင်စု သဘောတူစာချုပ်ကိုပါဝင်လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ညီလာခံအပြီးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

ယခုတစ်ခေါက် ညီလာခံဟာ အရင်တစ်ခေါက်လိုပဲ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ပဲ ပါဝင်ခဲ့ ပါတယ်။ NCA စာချုပ်ကို ထပ်မံ လက်မှတ်ရေးထိုးတဲ့ လက်နက်ကိုင်အဖွဲ့လည်း မရှိသေးပါဘူး။ UWSA အပါအဝင် မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေ ဖွင့်ပွဲနေ့ကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ မေတ္တာရပ်ခံမှုကြောင့် တက်ရောက်တယ်လို့ ပြောင်ပြောင်တင်းတင်း ဆိုပါတယ်။ အစိုးရကလည်း ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ တရုတ်ဟာ အရေး ပါတယ်လို့ အတိအလင်း ဆိုပါတယ်။ မြောက်ပိုင်းကအဖွဲ့တွေက အထူးဖိတ်ကြားသူအဖြစ် တက်ရောက်ရတာကြောင့် ဆွေးနွေးခွင့်မရဘဲ ထမင်းစားပြီး ပြန်ရတဲ့ပုံစံ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီ ၇ ဖွဲ့ကို အလွတ်သဘော ခေါ်တွေ့ဆုံပါတယ်။ ဒါပေ မယ့် တစ်စုံတစ်ရာတိုးတက်မှုအ ခြေအနေတော့ မတွေ့ခဲ့ရပါဘူး။ ညီလာခံ ဖွင့်ပွဲနေ့မှာလည်း အထူးဖိတ်ကြားသူအဖြစ် တက် ရောက်တဲ့ မြောက်ပိုင်း ၇ ဖွဲ့က ထိုင်ခုံမှာ လေ့လာသူဆိုပြီး ရေးထားတဲ့အတွက် ညီလာခံခန်းမထဲ ကအပြင်ပြန်ထွက်ဖို့ ကြိုးစားခဲ့တာကြောင့် တာဝန်ရှိသူတွေက ပြန်လည် ဖြေရှင်းပေးခဲ့ရပါသေးတယ်။ ညီလာခံ မကျင်းပခင်ကလည်း ရှမ်းပြည်နယ်မှာ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်နိုင်တာကြောင့် ပြည်ထောင်စုသဘောတူ စာချုပ်ကို RCSS အနေနဲ့ လက်မှတ်မထိုးဘူးလို့ ကြေညာပါတယ်။

NCA လက်မှတ် ရေးထိုးဖို့ UNFC အဖွဲ့နဲ့ အစိုးရကြားဆွေးနွေးပွဲ မပြီးပြတ်တဲ့အတွက် UNFC က ညီလာခံတက်ဖို့ ငြင်းပါတယ်။ ညီလာခံဖွင့်ပွဲနေ့မှာ တပ်မတော်နဲ့ အစိုးရက NCA စာချုပ်အပြင် လမ်းကြောင်းသစ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လက်ခံမှာ မဟုတ်ကြောင်း အတိအလင်း ဆိုပါတယ်။ မြောက်ပိုင်းက UWSA အပါအဝင် ၇ ဖွဲ့က NCA အတိုင်း လိုက်မှာ မဟုတ်ကြောင်း အတိအလင်းပြန်ဆိုပါတယ်။ နောက်ဆုံး အပစ်ရပ် ၈ ဖွဲ့နဲ့ အစိုးရ၊ တပ်မ တော်ကြား ခွဲထွက်ရေးကိစ္စ ညှိမရဖြစ်ပြီး ရွှေ့ဆိုင်းလိုက်ရပါတယ်။ ပြည်နယ်တွေ ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတဲ့အချက်တွေ အများမျှော်လင့်ထားသလို ရလဒ် မထွက်ခဲ့ပါဘူး။ စကားလုံး အသုံးအနှုန်း ပြင်မလား မည်သို့ မည်ပုံ ပြင်ဆင်မည်၊ ရှေ့ဆက်မည် ကို အစိုးရနှင့် အပစ်ရပ် ၈ ဖွဲ့က တော့ စဉ်းစားနေကြမှာမလွဲ။သို့ သော် ယခုတစ်ကြိမ် ညီလာခံက တော့ မကျင်းပမီကတည်းကကို အလွဲပေါင်းများစွာနှင့် ဖြစ်ခဲ့သည် ကိုတော့ ဖြစ်စဉ်တွေအရ ငြင်းမရနိုင်တော့။

ပြည်ထောင်စုက ခွဲမထွက်ရ ကိစ္စကို နောက်ညီလာခံတွေမှာ ဆက်လက်ဆွေးနွေးဖို့ဆိုင်းငံ့လိုက်ပေမယ့် နောက်ညီလာခံတွေ အပါအဝင် ဒီကြားကာလမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြား အငြင်းပွားရဦးမယ့် ပြဿနာ တစ်ရပ်အဖြစ် မလွဲမသွေ ကြုံရဦး မှာဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှုများစွာနဲ့ တင်းမာမှု တွေ၊ ဆန္ဒပြုမှုတွေ တောင်းဆိုမှု တွေ ရှိနေပေမယ့် အဘက်ဘက်မှာ တော့ ကိုယ်စီကိုယ်င ခိုင်လုံတဲ့ အ ကြောင်းပြချက်တွေ ရှိကြမှာဖြစ်ပါတယ်။ ”အကြာကြီး ဆွေးနွေးခဲ့ပြီး အဆင်မပြေတော့ စိတ်ဓာတ်တော့ ကျတာပေါ့ဗျာ။ ဒါပေမယ့် စိတ် မပျက်ပါဘူး” လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တော့ အခုလို သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုရဲ့ သဘောတူစာချုပ် အစိတ်အပိုင်း တစ်ခုအဖြစ် စတင်စာချုပ်ချုပ်ဆိုနိုင်တာ ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်း ကြီးအပေါ်လျှောက်လှမ်းလိုက်တဲ့ အရေးကြီး ခြေလှမ်းဖြစ်တယ်လို့ ညီလာခံ အပိတ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်စေကာမူ အခု တစ်ကြိမ်ညီလာခံဟာ အများ ပြည်သူမျှော်လင့်သလို၊ သက်ဆိုင် ရာ ခေါင်းဆောင်တွေ မျှော်လင့် ခဲ့သလို ရလဒ်မျိုး ထွက်ခဲ့တဲ့ ညီ လာခံ၊ မှန်းချက်နဲ့နှမ်းထွက်ကိုက်တဲ့ ညီလာခံမျိုး မဖြစ်ခဲ့တာတော့ အ သေအချာပဲ ဖြစ်ပါတော့တယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*