11:20 am
ရန်ကုန် မေ ၂၃
ဧရာဝတီတိုင်း ငရုတ်ကောင်းတွင် ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းများ တည်ဆောက်လိုကြောင်း ပြည်တွင်းကုမ္ပဏီနှစ်ခု၏ တင်ပြလာမှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ယခုရက်ပိုင်းအတွင်း ခွင့်ပြုပေးလိုက်သည်။ ထိုလုပ်ငန်းကို ယခင်က တိုင်းရင်းသား လုပ်ငန်းရှင်များအား ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်မပြု ထားပေ။
(MIC) ဘက်က ပြင်ဆင်လိုက်သည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများအရ စိစစ်ပြီး ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ခွင့်ပြုမိန့်ရ M&AOSB ကုမ္ပဏီမှ ဦးတင့်ဆွေက ”ပြည်တွင်းက တိုင်းရင်းသားလုပ်ငန်းရှင်တွေ အတွက် ဒါဟာ ပထမဦးဆုံးရတဲ့ အခွင့်အရေးပါပဲ”ဟု ပြောသည်။ နောက်ထပ် ခွင့်ပြုမိန့်ရ ကုမ္ပဏီတစ်ခုမှာ SIM Co.,Ltd ဖြစ် သည်။
M&AOSB ကုမ္ပဏီက ၎င်း၏ အခြေစိုက်စခန်းကို ကမ်းလွန်ရေနံလုပ်ကွက်များအတွက် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲရှိ မြေဧက ၃ဝ ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။ အဆိုပါ အခြေစိုက်စခန်းကို တည်ဆောက်ရန် M&AOSB ကုမ္ပဏီက ယခုနှစ်မေလအတွင်း က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုတင်သွင်းခဲ့ ခြင်းဖြစ်ပြီး MIC က မေလ ၂ဝ ရက်နေ့တွင် ခွင့်ပြုခဲ့ခြင်း ဖြစ် သည်။
M&AOSB ကုမ္ပဏီအနေဖြင့် အဆိုပါကမ်းလွန် ထောက်ပံ့ရေးစခန်းတွင် ရင်းနှီးမြှုပ်နှံခွင့်ကာလ နှစ် ၃ဝ ရရှိခဲ့ပြီးဖြစ်ကာ စီမံကိန်းတစ်ခုလုံးအတွက် ကျပ် ၅ဝ ဘီလျံခန့်ကို ရင်းနှီးမြှုပ်နှံသွားရန်လျာထားကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။ ယင်းစီမံကိန်းတွင် ယခုနှစ် ဇွန်လမှ နိုဝင်ဘာလအတွင်း လုပ်ငန်းမြေနေရာ ရှင်းလင်းပြုပြင်ခြင်း၊ ESIA အပါအဝင် Front End Engineering လုပ်ငန်းဆိုင်ရာ အသေးစိတ်အခြေအနေများကို လေ့လာသွားမည်ဖြစ်ပြီး ဒီဇင်ဘာလမှ စတင်ကာ ဆိပ်ကမ်းဆောက လုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်တော့မည်ဖြစ်သည်။ M&AOSB စီမံကိန်း၏ ပထမ ၁ဝ နှစ်တာကာလအတွင်း နိုင်ငံတော်က အကျိုးအမြတ်အနေဖြင့် ကျပ် ၂၅ ဘီလျံကျော် ရရှိမည်ဟုလည်း ခန့်မှန်းထားသည်။