သူတို့အမြင်

သူတို့အမြင်
May 19, 2017 Asian Fame

2:45 pm
သူတို့အမြင်

opinionရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံ ဆောင်ရွက်မှုဖြင့် ယခုလာမည့် ၂ဝ၁၇ -၂ဝ၁၈ စာသင်နှစ် အတွင်း ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ အခြေခံပညာ ကျောင်းပေါင်း (၂၆)ကျောင်း တွင် YSB (Yangon School Bus) ဟု အမည်ပေး ထားသော ကျောင်းကား စနစ်ကို စတင် အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ရည်ရွယ်ချက်မှာ တတ်နိုင်သူများ က ကျောင်းသားတစ်ဦး ကားတစ်စီးနှုန်းဖြင့် ကြိုပို့နေမှုကြောင့် ဖြစ်ပေါ်နေသော ကျောင်းဆင်း ကျောင်းတက်ချိန် ယာဉ်ကြော ကျပ်တည်း မှုလျော့ပါးစေရန်နှင့် ကျောင်းသားများ ကျောင်းကားများဖြင့် စနစ်တကျ ကျောင်းတက်နိုင်ရေးဖြစ်သည်ဟု ဆိုပါသည်။ ထိုသို့သတင်း များထွက်ပေါ်ပြီး မကြာခင်မှာပင် ဝေဖန်ပြောဆိုမှု အမျိုးမျိုးကို ကြားလာရတော့သည်။ ထုံးစံအတိုင်း ထောက်ခံသူလည်းရှိသလို ကန့်ကွက် သူတွေလည်း ရှိ၏။ အများစုကမူ YBS အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဆောင်ရွက်ခဲ့သည် တို့တွင် အစဉ် လိုလို တွေ့ရှိခဲ့ရသော စီမံခန့်ခွဲမှု အားနည်းချက် များကြောင့်  ယခု YSB ကိစ္စကိုလည်း မျက်စိမှိတ် မယုံရဲကြခြင်းဖြစ်လောက်သည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် အဆိုပါကျောင်းကား စနစ်နှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ တာဝန်ရှိသူ အချို့နှင့် ကျောင်း သား မိဘအချို့တို့၏ အမြင်များကို တင်ပြလိုက်ပါသည်။

ဒေါက်တာခိုင်မြဲ
(ညွှန်ကြားရေးမှူးချုပ်
ပညာရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ)

ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆောင်ရွက်မယ့် School Bus ကိစ္စ ကို ပညာရေး ဝန်ကြီးဌာနက အပြည့် အဝ ထောက်ခံပါတယ်။ ဘာ့ကြောင့် အဲဒီလိုပြောရလဲဆိုရင် School Bus တွေက ရန်ကုန် အတွက် တကယ့်ကို လိုအပ်နေပါတယ်။ တစ်ဦးချင်း တစ် ယောက်ချင်း ကျောင်းကိုလာနေမယ့် အစား အားလုံး စုပေါင်းလာကြတဲ့အ တွက် ရလာမယ့် အကျိုးရလဒ်တွေ ကလည်း ရှိနေပါပြီ။ ကျောင်းကို အ တူသွား အတူလာကြတဲ့အတွက် ချစ် ကြည် ရင်းနှီးမှုတွေရမယ်။ စည်း လုံးမှုတွေလည်း ရှိလာမယ်။ ကူညီ ရိုင်းပင်း မှုတွေလည်း ပေါ်ပေါက်လာ မှာ ဖြစ်ပါတယ်။ ဒါဟာ ပညာရေးသ ဘောတရားအရ ဒီလိုပဲ ရှိလာမှာဖြစ် ပါတယ်။ နောက်တစ်ခုက ပညာရေး သဘောတရား နဲ့တော့ မသက်ဆိုင် ဘူးပေါ့။ အဲဒါက ဘာလဲဆိုတော့ ကျောင်းသား အယောက် ၃ဝ ကို မိဘတွေက ကျောင်းကို လာပို့ကြမယ် ဆိုရင် တစ်ယောက် တစ်စီးနှုန်းနဲ့ တွက်ရင် အစီး ၃ဝ နဲ့ ကျောင်းကို လာကြရမှာဖြစ်ပါတယ်။ ဒီအခါမှာ မလိုလားအပ်ဘဲ ယာဉ်ကြောပိတ် ဆို့မှုတွေလည်း ရှိလာနိုင်ပါတယ်။ School Bus ဒါကိုလည်း ဖြေရှင်း ပြီးသားလည်းဖြစ်မယ်၊ နောက်တစ်ခု က တိုးတက်တဲ့နိုင်ငံတိုင်းမှာ School Bus တွေ ရှိပါတယ်။ ဒါ့ကြောင့် ရန် ကုန်လို နေရာမျိုးမှာလည်း ရှိသင့်ပါ တယ်။ နေပြည်တော်မှာတော့ ပြီးခဲ့ တဲ့ နှစ်ကစပြီး School Bus တွေ ထားရှိထားပြီးဖြစ်ပါတယ်။ စုစုပေါင်း အစီး ၄ဝ ရှိနေပါပြီ။

ဦးရန်အောင်
(မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်၊
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စား လှယ်)

အစိုးရ အဖွဲ့က ဒီကိစ္စကို စွန့်စား တဲ့စိတ်နဲ့ လုပ်မှာဖြစ်တယ်လို့ သိရ တယ်။ သူတို့မှာ အောင်စိတ် အောင် ဇောတွေ ထည့်ထား တာကို တွေ့နေ ရပါတယ်။ အခက်အခဲတွေ ကတော့ တွေ့လာမှာပဲ။ စင်းလုံးချောအောင် မြင်မှုကိုတော့ သူတို့တွေ မရနိုင်ဘူး။ အခုတောင် သဘောတူတဲ့သူ၊ မတူ တဲ့သူတွေ ရှိနေကြပါတယ်။ တိုင်းအ စိုးရကတော့ ရေရှည်ကို ကြည့်ပြီး လုပ်တာလို့တော့ လွှတ်တော် ကိုယ် စားလှယ်တွေကို အသိပေး ပြောကြား ထားပါတယ်။ ကျွန်တော်တို့ အရင်က ကြားတာကတော့ မစီးမနေရပေါ့ လေ။ အခု ကျွန်တော်တို့နဲ့ တွေ့တဲ့ အခါကျတော့ တိုင်းအစိုးရက ဘာ ပြောလဲဆိုရင် မစီးမနေရ မဟုတ်ပါ ဘူး။ ဒါပေမယ့် အားလုံးကို စီးစေ ချင်တယ်လို့တော့ ပြောတယ်။ မိဘ တွေဘက် ကတော့ဗျာ။ ဖယ်ရီလုပ် စေချင်တယ်။ အိမ်တိုင်ရာရောက် အကြိုအပို့ ဆိုရင် သူတို့လည်း စိတ် ချတယ်ပေါ့။ ဒါပေမယ့် တိုင်းအစိုးရ ပြောသလောက်ကို ပြန်ပြောပြရရင် သူတို့က တည်နေရာတစ်ခု လုပ်ထား မယ်။ စုရပ်ပေါ့ဗျာ။ အဲဒီမှာ ကျောင်း ကား ထားမယ်။ ဒါကို မိဘတွေက လာပို့။ ပြီးရင် အဲဒီကားနဲ့ ကျောင်း ကိုပို့မယ်။ ဒီလိုဆိုတယ်။ ဒီတော့ ကာ ကျောင်းသားမိဘတွေ ဘက်က စိုး ရိမ်မကင်းဖြစ်တာပေါ့။ ရှေ့မှာလည်း  မသေချာမရေရာ YBS  က ရှိနေ တော့ သူတို့ကိုလည်း အပြစ်ပြောလို့ မရဘူးလေ။ ဒါက တရားမျှတပါ တယ်။ သွေးသားကိုးဗျ။ တိုင်းအစိုးရ ဘက်ကတော့ ဝန်ဆောင် မှုကောင်း ကောင်းဖြစ်အောင် လုပ်မယ် လို့ပြော တယ်။ မိဘတွေလည်း မျှော်လင့် တယ်ပေါ့ဗျာ။ သို့သော်လည်းပဲ ဘာ မှမတွေ့ ရသေးတော့ မိဘတွေ ခမျာ မှာလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေတယ်။ ဝန်ကြီး ဒေါ်နီလာ ကျော် ကတော့ ကျောင်း ကား တွေကို ကျောင်းသားတွေနဲ့ ကျောင်းသား မိဘတွေ အားကိုးချင် စိတ် ဖြစ်ပေါ် လာအောင် လုပ်မယ်လို့တော့ ပြော ထားတယ်။ ကျွန်တော်တို့ဆီ ယာဉ် ကြောတွေ ပိတ်ဆို့နေတာကို ဒါကို လည်းသူတို့ ဖြေရှင်းချင်ပုံ ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ နှစ် ၅ဝ လောက် ဖြစ်တည်နေတာကို ချက်ချင်းကြီး ဖြိုချလို့ မရဘူးဗျ။ အချိန်ကလည်း ထပ်ယူလို့ မရတော့ဘူး။ ဒီကြား ထဲ အစိုးရက လုပ်နေတာတော့ တော် တော်လေး ကျဉ်းကျဉ်း ကျပ်ကျပ်ဖြစ် နေပါပြီ။ ဝန်ကြီးကတော့ လူတွေ အားကျလောက်အောင် လုပ်မယ်။ အားကျပြီး စီးလာကြသည်အထိ ဆောင်ရွက်မယ်လို့ ပြောထားပါ တယ်။

ဦးကျော်ဇေယျ
ဒဂုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်
ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စား လှယ်

အစိုးရသစ်က ကျောင်းကား လုပ်ဖို့ စီစဉ်တာဟာ ယာဉ်ကြောပိတ် ဆို့မှု လျော့ကျအောင်ရယ်၊ ကျောင်း ဖွင့်ချိန်မှာ ကျောင်းသားတွေ အဆင် ပြေပြေ သွားလာနိုင်ဖို့ စီစဉ်တာလို့ သိရပါတယ်။ ဝန်ကြီး ဒေါ်နီလာကျော် က ဟိုင်းလတ်၊ ဒိုင်နာတွေ နဲ့ကျောင်း ကြို၊ ကျောင်းပို့လုပ်တာတွေကို ခွင့် မပြုတော့ဘူးလို့ ပြောပါတယ်။ သူ တို့သတ်မှတ်ထားတဲ့ ကားနဲ့ပဲ ပြေး ဆွဲရမယ်။ အဲဒီ ကားကိုလည်း သူတို့ က တင်သွင်းထားမယ်။ အဲဒီတင်သွင်း ထားတဲ့ကားကို ဝယ်ချင်မှလည်းဝယ် ပါ။ အခြားက ဝယ်ရင်လည်းရတယ်။ သို့သော် သတ်မှတ်ချက် နဲ့တော့ ပြည့် စုံရမယ်။ သူတို့ ရောင်းပေးတဲ့ ကား ကို ဝယ်မယ်ဆိုရင် အပြင်ကထက် ပိုက်ဆံတွေ တော်တော်လေးသက် သာမယ်။ ဘဏ်တွေနဲ့လည်း ချိတ် ဆက်ပေးမယ်။ ဒီလိုဆိုတယ်။ အစီ အစဉ်က ကောင်းပါတယ်။ သို့သော် အခုအချိန်က တအား နီးကပ်နေပြီ။ ဒါ့ကြောင့် မဖော်ဆောင်သင့်သေး ဘူး။ အခက်အခဲတွေ အများကြီးတွေ့ လာနိုင်တယ်။ ဒါပေမယ့်လည်းပဲတိုင်း အစိုးရက ရုတ်တရက်ကြီး ထလုပ် လိုက်တယ်။ ကျွန်တော် စဉ်းစားမိ လိုက်သေးတယ်။ လက်ရှိ ပြေးဆွဲနေ တဲ့ ကျောင်းကားတွေ ဘာပြဿနာ တွေရှိနေလဲ။ ရှိလို့ ဒီလိုမျိုး ရုတ်တ ရက်ထလုပ်တာလားဆိုတာ သိချင် တဲ့အတွက် ကျွန်တော် ကျောင်းကား ဆွဲနေတဲ့သူတွေကို လိုက်မေးတယ်။ တီတီစီတို့၊ ဒဂုံ (၁)တို့က ကျောင်းကား တွေပေါ့ဗျာ။ ခင်ဗျားတို့ ယာဉ် မတော်တဆ မှုဖြစ်ကြလား၊ ဖြစ်ဖူး လားမေးတယ်။ တစ်ခါမှ မဖြစ်ဘူးလို့ ပြောတယ်။ ၇ နှစ်၊ ၈ နှစ်ရှိကြပြီ သူ တို့ ကျောင်းကားဆွဲကြတာ။ ကျွန် တော် မှတ်မိသလောက် ကျောင်း ကားအက်ဆီးဒင့်ဖြစ်လို့၊ ထိခိုက်မှု၊ သေဆုံးမှု မကြားမိသေးဘူး။ ဟုတ် ပြီ။ အခု အရင်ကဆွဲနေတဲ့ ပေါင်မုန့် ကားတွေတောင် ကျောင်းကားဆက် ပြေးခွင့် ရှိ မရှိ မသေချာသေးဘူး။ ကြီးကြပ်မှုကိုတော့ ရန်ကုန်တိုင်းဒေ သကြီး  သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့က လုပ်မယ်လို့ သိရတယ်။ ကျွန်တော် တောင် ပြောလိုက်သေးတယ်။ စိစစ် တာတွေရော၊ ကြီးကြပ်တာတွေရော အဲဒီအဖွဲ့က လုပ်မယ်ဆိုရင် ခွင် တောင်ဖြစ်သွားနိုင်တယ်လို့ ပြော လိုက်သေးတယ်။ အခုဆိုရင် ကိုရီး ယားက အစီးရေ ၂ဝဝ ဝယ်ပြီးသွား ပြီ။ တစ်စီးကို သိန် ၆ဝဝ ဝန်းကျင် ရှိတယ်။ ဘယ်မော်ဒယ်လဲ ဘာလဲ မေးတော့ ဝန်ကြီးက မဖြေနိုင်ဘူး။ ကျောင်းတွေကို ဝယ်ခိုင်းတယ်။ မဝယ် နိုင်ရင် အစိုးရက ကုမ္ပဏီတစ်ခုကို ဝယ်ခိုင်းပြီး ပြေးဆွဲခိုင်းတယ်လို့ သိ ရတယ်။ ရန်ကုန်မြို့လယ်ကောင်က ကျောင်းတွေ စလုပ်မယ်။ ကျောင်း သားမိဘအချို့ကတော့ ပြောကြ တယ်။ အတန်းကြီးတွေ အရင်စလုပ် ပါ။ အဆင်ပြေတယ်ဆိုမှ အတန်း ငယ်လေးတွေ ဆက်လုပ်ပါလို့ ပြော တယ်။ ဒါလည်း စဉ်းစားစရာပဲ။ ကျွန်တော့် မဲဆန္ဒနယ်မြေထဲမှာ ပါတဲ့ ဒဂုံ (၁) ကျောင်းကို ဒဂုံက လူတွေ တက်ကြသလို၊ ဒဂုံမဟုတ်တဲ့ ရန် ကင်း၊ တောင်ဥက္ကလာ စတဲ့ နေရာ ကလူတွေလည်း တက်ကြပါတယ်။ သူတို့ကတော့ဗျာ။ ဒဂုံမှာ ယာယီ အနေပြပြီး လျှောက်ကြတာပေါ့။ ဒါ တွေက အရင်တုန်းကပါ။ အခုကလေး တွေဆိုလည်း ၅ တန်း၊ ၆ တန်း ရောက်နေကြပြီ။ အဲဒီအထဲက မိဘ အချို့က ပြောတယ်။ ကျောင်းနား ကပ်နေတယ်ပြောပြီး လမ်းလျှောက် လာမယ်။ ကျောင်းကားမစီးဘူးလို့ ပြောတယ်။ ဒီလိုတော့ ဘယ်ရမလဲ။ ယာဉ်ကြောပိတ်ဆို့မှုထဲမှာ ကလေး တွေ ကို ကျောင်း လာပို့ရင် အချိန်အ ကြာကြီး တစ်နေကုန်ရပ်ထားတဲ့ကား တွေရှိနေတယ်။ ထပ်ပြီး သိရတာက တော့ အိမ်စီးကားနဲ့ လာပို့လို့ရတယ်။ ပို့ပြီးရင် ချက်ချင်းထွက်။ ဒီလိုတော့ သိရတယ်။ ဘယ်လိုလာဦးမလဲ မသိ သေးဘူး။

ရဲမှူး မျိုးအောင်မြင့်
(ဒုတိယတပ်ဖွဲ့ ခွဲမှူး (ယာယီ)
ရန်ကုန်တိုင်းဒေသကြီး
အမှတ် (၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူးရုံး)

ကျောင်းကားတွေ စီစဉ်ပေးရင် တော့ ကောင်းပါတယ်။ ယာဉ်ကြော ကျပ်တည်းမှုတွေကို ဖြေလျှော့ပေး နိုင်မှာဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အရင်တုန်းကဆိုရင် မိသားစုတစ်စု မှာ သားနှစ်ယောက် ရှိရင် သားတစ် ယောက်ကို တစ်စီးစီနဲ့ လာကြပါ တယ်။ အဲဒီလိုတွေ လာတော့ ယာဉ် ကြောကျပ်တည်းမှုတွေကို ပိုပြီးတော့  ဖြစ်စေပါတယ်။ အခုလိုလုပ်ဆောင် တာက ကောင်းပါတယ်။ ယာဉ် ကြော ကျပ်တည်း မှုတွေက  ကျောင်း ကား တစ်ခုတည်းကြောင့် လို့တော့ ပြောလို့မရပါဘူး။ ပါတော့လည်း ပါပါတယ်။ ကျောင်းကားတွေ ဖြစ် လာရင် အရင် ကလူ ၁ဝဝဝ လာတဲ့ နေရာမှာ ၁ဝဝ လောက် ပဲဖြစ်သွား ပါတယ်။ ယာဉ်ကြော ကျပ်တည်းမှုပါ လျော့သွားနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက အရင်က အ ချိန်ထက်တော့ ပိုပြီး အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အ ရင်က ကိုယ်ပိုင်ကား နဲ့ သွားတာဖြစ် တယ်။ အခုကတော့ စုပေါင်းပြီးသွား တာဖြစ်တယ်။ အဲဒါလေးတော့ အ ခက်အခဲဖြစ်လာနိုင်ပါတယ်။ အား လုံးက စုပေါင်းပြီး လုပ်ဆောင်စေချင် ပါတယ်။ ကျွန်တော်တို့အနေနဲ့က တော့ နေ့စဉ် ယာဉ်ကြောကျပ်တည်း မှုတွေကို စည်းကမ်းတကျ လိုက်နာ ဆောင်ရွက် သွားအောင် လုပ်ဆောင် ပေးမှာပဲဖြစ်တယ်။ နေ့စဉ်နဲ့အမျှ ယာဉ်ကြောတွေကို ရှင်းလင်းပေးနေ မှာပဲ ဖြစ်ပါတယ်။

ဦးဇော်မင်း
(ကျောင်းသားမိဘတစ်ဦး)

ဘာမှ အဆင်သင့် မဖြစ်သေးဘဲ အမိန့်ကို အရင်ထုတ်။ လုပ်ငန်းကို နောက်မှ လုပ်တဲ့ပုံ ပေါ်နေပါတယ်။ ကျွန်တော်တို့ကို ဝန်ကြီးချုပ် က ခေါ် တွေ့ပြီး ကျောင်းကား ကိစ္စပြောတဲ့ အချိန်မှာ ကိုယ်ပိုင်ကားတွေနဲ့ လုံးဝ မပို့ရဘူးလို့ ပြောပါတယ်။ မကြာပါ ဘူး။ ဝန်ကြီး ဒေါ်နီလာကျော်နဲ့ လွှတ် တော် ကိုယ်စားလှယ်တွေ တွေ့တဲ့အ ခါကျတော့ ကိုယ်ပိုင်ကားတွေနဲ့ လုံး ဝမပို့ရဘူးဆိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်၊ တင်၊ ချ ပုံစံလုပ်ရ မယ်လို့ ပြောပါတယ်။ ရက်ပိုင်းလေး အတွင်းမှာတင် အခုတစ်မျိုး၊ တော် ကြာတစ်မျိုး ဖြစ်နေတာကို ကျွန် တော်တို့ ကျောင်းသားမိဘတွေက  ဘယ်လို ယုံရတော့မလဲ။ နောက်ပြီး ဒီအစီအမံကို မကြိုက်ရတဲ့ အခြား အချက်အလက်တွေ ရှိပါသေးတယ်။ ကျွန်တော့် သားသမီးရှိတဲ့ အထက (၂) ဗဟန်းမှာ ကျောင်းဖယ်ရီကား ၅၆ စီး ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူ ၄ဝဝဝ ကျော်တက်နေတဲ့ အဲဒီကျောင်းဟာ ၁ဝဝဝ ကျော်သည် ကျောင်းကားစီးပြီး ကျန် ၃ဝဝဝ နီး ပါးသည် အိမ်ကားနဲ့ အခြားကား၊ လမ်းလျှောက်စတာတွေ ကို လုပ်ပါ တယ်။ ဟုတ်ပြီ။ ကျောင်းကားလုပ် လိုက်ပြီ။ လက်ရှိ ကျောင်းကား စီး နေတဲ့ ၁ဝဝဝ အတွက် ကားတွေအ ဆင်သင့် ရှိနေပြီလား။ မေးပါတယ်။ တာဝန်ရှိသူတွေ မဖြေနိုင်ပါဘူး။ ဒါ ဟာ ကျောင်း တစ်ကျောင်းတည်း ရဲ့ အရေအတွက်ပဲ ရှိပါသေးတယ်။ အ ခုလုပ်မှာ ကျောင်းပေါင်း ၂၂ ကျောင်း။ အနည်းဆုံး ကျောင်း ကားသည် အစီး ၁ဝဝဝ ကျော် လိုပါတယ်။ သူတို့ အဆင်သင့် အခုချိန်မှာ မရှိသေးပါ ဘူး။ ကျောင်းကို တက္ကစီနဲ့ မပို့ရဘူး လို့ မပါပါဘူး။ ဝန်ကြီးချုပ်နဲ့ ကျွန် တော်တို့ တွေ့တဲ့အခါမှာ သူကိုယ် တိုင်ပြောတာက လမ်းလျှောက်ပြီး ကျောင်းကို လာရင်တောင် ခလုတ် တိုက်မှာစိုးတယ်။ ဒါ့ကြောင့် လုံခြုံ တဲ့ ကျောင်းကားပဲ စီးစေချင်တယ်လို့ သူပြောတယ်။ ဒါ သူပြောတာနော်။ ဒါ့ကြောင့် သူက ပြောင်းကိုပြောင်း မယ် လိုက်ပြောင်းကြဆိုတဲ့ အဓိပ္ပာယ် ပဲ။ အဆင်ပြေ မှ ကျောင်းသား မိဘ တွေရော၊ ကျောင်း သားတွေပါလိုက် ပြောင်းနိုင်မှာပေါ့ဗျာ။ ကျွန်တော် ဆိုလိုတဲ့ သဘောက ဒီကျောင်းကား ကို မလုပ်ရဘူးလို့ မပြောပါဘူး။ စနစ်တကျ လေ့လာပြီး အဆင်သင့် ဖြစ်မှ လုပ်လို့ ပြောတာ။ အခု ကျောင်းဖယ်ရီ ကား သေးသေးလေး တွေတောင် ရပ်စရာနေရာမရှိတာ။ ဒီကျောင်းကားကြီးတွေကို ဘယ်လို နေရာပေး မလဲ။ ဒါတွေ လည်း တော် တော်စဉ်းစားရမယ်။ နောက်တစ်ခု စု ရပ်တစ်ခုထားမယ်လို့ ပြောတယ်။ အဲဒီစုရပ် မှာ  ကျောင်းသားမိဘတွေ က ကားတွေနဲ့လာပို့ရင် အဲဒီနေရာ ကျပ်ပြီ။ ကျောင်းနားမှာတော့ မကျပ် ဘူး။ အခြားနေရာမှာတော့ သွား ကျပ်မယ်။ ကျွန်တော်ပြောတာက လုပ်မယ် ဆိုရင် တိတိကျကျ ဝေဖန် ဆန်းစစ်ပြီးလုပ်ပါ။ ရုတ်ချည်းထထ ပြီး မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။ နောက်တစ်ခု ကျွန်တော်က ကိုယ့် သားသမီးကို စိတ်ချ လက်ချလွှတ်ချင် တယ်။ အခုလိုမျိုး မလုံမခြုံတဲ့ကာလ ကြီးမှာ ကျောင်းကားမောင်းတဲ့သူ၊ ယာဉ်နောက်လိုက်၊ နောက် ဖြတ် သန်းရာ လမ်းတစ်လျှောက်ပေါ့ဗျာ။ ဒါတွေကို အာမခံ ပေးနိုင်မလား။ ဒီလိုပဲ မေးလိုက်ချင်ပါတယ်။

မောင်အောင်မင်းခိုင်
(ဥက္ကဋ္ဌ၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ)

လုပ်ပုံကိုင်ပုံတွေကို စောင့်ကြည့် ဦးမှာဖြစ်ပါတယ်။ ဘာမှတောင်မစ ရသေးဘူး ထဝေဖန်တယ် ဆိုရင် မကောင်းဘူးလေ။ အခိုင် အမာပြော လိုတာက သေသေချာချာ စောင့် ကြည့်သွားမယ်ဆိုတဲ့ စကားပါပဲ။ ဒီ ကိစ္စကို ရန်ကုန် အစိုးရက ကားကျပ် လို့လုပ်တာလား။ ဒါမှမဟုတ် ကျောင်း သားတွေကို ဂရုစိုက်ကြောင်း ပြတာ လားဆိုတာ ဘာမှ သဲသဲကွဲကွဲမသိရ သေးပါဘူး။ ကားလမ်းပိတ်လို့လုပ် တာဆိုရင် ကျောင်းပိတ်နေတဲ့ ခု အချိန်တောင်  ကားက ပိတ်နေတာပဲ လေ။ ရန်ကုန်မြို့မှာ ကျောင်းတက်တဲ့ ကလေး တိုင်း၊ ကျောင်းသားတိုင်း ပြေလည်ကြတာ မဟုတ်ဘူး ဆိုတာ ကို ရန်ကုန်အစိုးရ သိစေချင်တယ်။ မဖြစ်မနေ စီးရမယ်လို့ အတင်းအကျပ် တိုက်တွန်းတာတွေ၊ မစီးလို့မရဘူးဆို တဲ့ ဖိအားပေးမှုတွေ ဒါတွေ မလုပ်ဖို့ လိုလိမ့်မယ်။ YBS လိုမဖြစ်စေချင် ဘူး။ခု ကြည့်ရသလောက် စီစဉ်ချိန် က မြန်နေသလိုပဲ။ ဒါဆို ကျိန်းသေ တယ်။ အခက်အခဲက အနည်းနဲ့ အ များ ရှိနိုင်တယ်။ လုပ်ပုံကိုင်ပုံတွေ မှားလာမယ် ဆိုရင်တော့ သမဂ္ဂအ နေနဲ့ ကျောင်းသားတွေဘက်ကရှိနေ လိမ့်မယ်ဆိုတာကို တာဝန်ရှိသူတွေ မမေ့သင့်ပါဘူး။

ဦးအောင်အောင်
(ကျောင်းကားပြေးဆွဲနေသူ)

ကျွန်တော် ကျောင်းကားဆွဲလာ တာ ၂ဝဝ၇ ခုနှစ်ကတည်းကပါ။ ရန်ကင်းမှာပါ။ အခုအချိန် အထိ ကျောင်းကား မတော်တဆ မဖြစ်ဘူး။ ပြီးတော့ အခြားမှာဆွဲနေတဲ့ကျောင်း ကားတွေလည်း ယာဉ်မတော်တဆ ဖြစ်တယ်လို့ မကြားမိဘူး။ ကားချင်း ပွတ်ဆွဲမိသွားတာတို့ ဒီလောက်လေး တော့ ရှိတာပေါ့ဗျာ။ ကားပေါ်ပါတဲ့ ကျောင်းသား၊ ကျောင်းသူကို ထိ ခိုက်မိတာ တစ်ခါမှမဖြစ်ဘူး။ ကျွန် တော် တို့ ကျောင်းကားမောင်းတဲ့ သူဆိုရင်တော့ တခြားကားမောင်းတဲ့ သူတွေနဲ့ မတူပါဘူး။ အထူးသတိ ထားရတယ်။ ပြီးတော့ ကိုယ့်ရဲ့သား သမီးတွေ လိုမျိုး အထူးဂရုစိုက်ရပါ မယ်။ နောက်ဆုံး ရှင်းရှင်းပြောမယ် ဗျာ။ ကျောင်းပြေးရင်တောင် ကျွန် တော်တို့က မိဘတွေနဲ့ ရှင်းရတယ်။ ကျောင်းသွားပို့တဲ့ အချိန် ကျောင်းထဲ ဝင်သွားမှ၊ ကျောင်းပြန်ကြိုတဲ့အချိန် အိမ်ထဲ ဝင်သွားမှ စိတ်အေး ရတဲ့ ကျောင်း ကားမောင်းသူတွေပါ။ အိမ် တိုင်ရာရောက်ကို ကြိုရတယ်။ အား လုံးက အလုပ်သွားလုပ်တော့ အိမ် မှာ အဘိုးကြီး၊ အဘွားကြီးတွေပဲ ရှိ တယ်။ အခု ကြားနေရသလောက် မှတ်တိုင်တစ်ခု တည်းမှာပဲ စုရမယ် လို့ ပြောတယ်။ ဒီတော့ အဲဒီမှတ် တိုင်ဆီကို ကျောင်းသား အုပ်ထိန်း သူ သွားပို့ဖို့မလွယ်ဘူး။ ကဲ ဒါတော့ ထားပါတော့။ ကျွန်တော် တို့ကို အခု သူတို့သတ်မှတ်တဲ့ ကားနဲ့ အပို့အ ကြိုလုပ်ရမယ် ပြောတယ်။ အခုကြား နေရသလောက် အဲဒီကားက သိန်း ကို ရာနဲ့ချီရှိတယ်။ လိုက်ထရပ်နဲ့ ဆွဲ တုန်းကလည်း လုံခြုံအောင် အလုံး ပြောင်းပါဆိုလို့ ပြောင်းလိုက်ရတယ်။ လိုက်ထရပ်ကို ရောင်းလိုက်တာ အ ရည်ကြို ဈေးတောင် မရဘူး။ အခု လည်း ထပ်တောင် ပြောင်းရဦးမယ် ဆိုရင် ကျွန်တော်တို့ ကျောင်းကား ပြေးဆွဲတဲ့သူတွေ ဒီလောက ကနေ စွန့်ခွာဖို့ပဲ ရှိတော့တယ်။ နောက်တစ် ခု ကျွန်တော် ကြားနေရတာက ကျောင်းကားတွေကို ကျောင်းထဲ အဝင်မခံဘူး လို့ကြားတယ်။ ကြီးတာ ကြောင့်လည်း ပါတာပေါ့။ ကျွန်တော် တို့တုန်းကဆိုရင် ကျောင်းထဲထိ ဝင် ပြီး ကလေးတွေကို ပို့ရတဲ့အတွက် မိဘတွေ စိတ်အေးရတယ်။ အခု ပို့ လို့မရဘူး ဆိုတော့ မိဘတွေ စိတ်မချ ဘူးဖြစ်နေတယ်။

ဦးဘတင်
(စင်ကာပူနိုင်ငံရောက် မြန်မာတစ်ဦး)

လက်ရှိ စင်ကာပူက မြန်မာနဲ့ သိပ်မခြားပါဘူး။ မြန်မာလိုပဲ မိဘ က သားသမီးကို အိမ်စီးကား နဲ့ကျောင်း ပို့တာရှိတယ်။ ပြီးတော့ ဖယ်ရီကားနဲ့ ပို့တာရှိတယ်။ School Bus နဲ့ ပို့ တာရှိတယ်။ ကျောင်းတက်ချိန်၊ ဆင်း ချိန်မှာတော့ များသောအားဖြင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်တတ် ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လို ဆိုးဆိုးရွားရွားကြီး ယာဉ်ကြော ပိတ် ဆို့တာမျိုး မရှိဘူး။ ဘာကြောင့် လဲဆိုတော့ ရပ်၊ တင်၊ ချစနစ်နဲ့သွား တာ။ ကျောင်းကားတွေကိုတော့ ဒီက မူလတန်း၊ အလယ်တန်းကျောင်း သားတွေလောက်ပဲ သွားကြ တယ်။ အထက်တန်းကျောင်းသားတွေက တော့ အများပြည်သူသုံး သယ်ယူပို့ ဆောင်ရေး ယာဉ်နဲ့ပဲ သွားကြပါ တယ်။ စင်ကာပူမှာက ကားတွေ ရထားတွေကို အများပြည်သူတွေ လွယ်လွယ်ကူကူ စီးနင်းနိုင်အောင် စီစဉ်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကျော်လောက် က ကျောင်းကြို၊ ကျောင်းပို့ ကားတစ်စီး ယာဉ်မတော် တဆဖြစ်လို့ ကလေးငယ် တစ်ဦး သေဆုံး သွားပါတယ်။ နောက်ဆက် တွဲအနေနဲ့ စင်ကာပူ အစိုးရက ကျောင်းကားတွေရဲ့ လုံခြုံရေးကို အ ဆင့်မြှင့်တင်လိုက်ပါတယ်။ ထိုင်ခုံ ခါးပတ်တွေ မတပ်မနေရ တပ်ရမယ်။ နောက် ပြီးတော့ လုံခြုံ စိတ်ချရတဲ့ ကားပဲဖြစ်ရမယ်။ ဒီလိုတွေတော့ ရှိပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*