ဟိုက်

ဟိုက်
May 18, 2017 Asian Fame

12:34 pm
ဟိုက်

Hite”သား..မင်းနာမည် ဘယ်လို ခေါ်လဲ”
”ဟိုက်”
”ဘာ၊ ဘယ်လို့”
”  ‘ဟိုက်’ ..တဲ့ တစ်လုံးထဲပဲ ဆရာ”
အမ်…တယ်ထူးဆန်းတဲ့ နာမည်ပါလား။
”ဟုတ်တယ်လေ … ဆရာ ကြီးကလည်း…လူတွေရဲ့ နာ မည်တွေမှာ အတိတ်တွေ နိမိတ် တွေပါတယ်တဲ့။ အံ့သြစရာ ထင် မထားဘဲ ဖြစ်သွားတာတွေ တွေ့ ရင် လူတွေက ‘ဟိုက်’လို့ အော် တတ်ကြတယ်တဲ့၊ ကျွန်တော့်ကို လည်း ထင်မထားတာတွေ လုပ် တတ်လို့အဖေက’ဟိုက်’လို့ နာမည် ပေးထားတာ ဆရာကြီးရ”

”သြော်… ‘ဟိုက်’ အတော် ဆန်းတဲ့နာမည်ပဲ။ ကျောင်းဆရာ ဖြစ်ခါစ ‘ဟိုက်’လို့ ကိုယ့်နှဖူးကိုယ် ရိုက်ပြီး အော်ရ မယ့် လေး တန်း ကျောင်း သား ‘ဟိုက်’နဲ့ အဲဒီမှာ စတွေတော့တာပဲဗျာ။

ကျောင်းတက် ခေါင်းလောင်း ထိုး နိုင်ငံတော်သီချင်းဆိုပြီးတာနဲ့ ဘုရားရှိခိုးကြတော့ ရှေ့ဆုံးက တိုင်ပေးရသူက ‘ဟိုက်’။ ဘုရားရှိခိုး စာတွေ တိုင်ပေးတာများချောလို့။ အားလုံးပြီးလို့ သာဓုခေါ် ပြီးတဲ့နောက် ”အတန်းသူ အတန်းသားများ အားလုံး ဘုရား သခင်ကောင်း ချီး ပေးပါစေ”တစ်တန်းလုံး နောက်က လိုက်ဆိုတာက ”အာ..မင်”

ကျုပ်နဖူး ကျုပ်ရိုက် ‘ဟိုက်’ လို့ အော်မိလိုက်တော့…ဆရာမ လေးက ရယ်တယ်။ ပြီးတော့

”ဟိုက်…မင်းပဲ ရှင်းပြလိုက် ဆရာလေးကို”

”ဒါက ဒီလိုရှိတယ်ဆရာလေး။ တစ်တန်းလုံးက ဗုဒ္ဓဘာသာများ တယ်။ ကျွန်တော်က ခရစ်ယာန် ကိုးကွယ်တယ်။ အဲဒီတော့ နောက် ဆုံးမှာ မေတ္တာပို့ကို အဲဒီလို တိုင် ပေးတော့ အားလုံးကုသိုလ်ရတာ ပေါ့ ဆရာလေးရ”။

‘ဟိုက်’ ရှင်းပြတော့ကျုပ်လည်း နားလည်သွားရောပေါ့။ ဒါပေမယ့် မပြီးသေးဘူး။

”ဘုရားက လူတွေအားလုံးကို ချစ်ပြီးသားပဲ ဆရာလေးရ။ လူ တွေကသာ မလုံလောက်ဘူးထင် လို့ ဘုရားတွေခွဲပြီး ကိုးကွယ်ကြ တာပဲ”

”ဟိုက်..! ဒီကောင်နဲ့ စတွေ့ ကတည်းက ‘ဟိုက်’ ရတဲ့ အံ့သြမှု က သူ့ဒဿနနဲ့တွေ့တော့ ဘုရား တွေနဲ့ပတ်သက်လို့ သိပ်မစဉ်းစား ဖြစ်တဲ့ ကျုပ် တစိမ့်စိမ့်တွေးပြီး ‘ဟိုက်’ ရပြန်ရော။

ကျောင်းဆရာ ဖြစ်ခါစ ပထမ ဆုံးဝင်တဲ့ စာသင်ခန်းဆိုတော့။ကျောင်းသားတွေနဲ့ ကျုပ်မိတ်ဆက် တာက စတာပေါ့။ ”သားတို့ သမီးတို့ ကြီးလာရင် ဘာဖြစ်ချင် လဲ” ကျုပ်လည်းထုံးစံအတိုင်း မေးနေကျ လေးမေးလိုက်တယ်။ ဆရာဝန်၊ စစ်ဗိုလ်၊ ဆရာမ၊ သူနာ ပြု စသည်ဖြင့် ဖြေလိုက်ကြတာ လေးတန်း ကျောင်းသားလေးတွေ အနာဂတ်စိတ်ကူးယဉ်မှုအစုံပေါ့။

”ကျွန်တော်က ကြီးလာရင် အိုးသူကြီးဖြစ်ချင်တယ်” ‘ဟိုက်’ လုပ်ချလိုက်ပြန်ပြီ။ ‘ဘယ်လိုကွ’ ဒီလို ဆရာလေးရ အလှူတွေ မင်္ဂလာ ဆောင်တွေမှာ ထမင်းလိုက်ချက် တဲ့ အိုးသူကြီးဖြစ်ချင်တာ”

”ဟေ..ထူးထူးဆန်းဆန်း မင်း ရည်ရွယ်ချက်ကလည်း”

”ဟုတ်တယ်လေ ဆရာလေး ရဲ့ အိုးသူကြီး လက်ရာကောင်းရင် ကောင်းသလို အဲဒီအလှူ မင်္ဂလာ ဆောင် လူစည်တာပဲ။ ပြီးတော့ ကျွန်တော့်အိမ်အတွက်လည်းပြန်ရင် ထမင်းဟင်း ပူစရာမလိုဘူးလေ”

‘ဟိုက်’ ကသူ့အိမ်မက်ကို ပြောပြီး ပြန်ထိုင်သွားပေမယ့် ကျုပ်ခေါင်းထဲမှာ တွေးစရာတွေ အများကြီး ကျန်ခဲ့တယ်။

”သူ့အဖေက အိုးသူကြီးလေ။နွေဆိုအလှူ၊ မင်္ဂလာဆောင်ချိန် ရောက်တာနဲ့ မအားတော့ဘူး။ ဒီ နယ်မှာ နာမည်ကြီး အိုးသူကြီး ပေါ့” ထမင်းစား ကျောင်းဆင်းချိန် ဆရာမလေးက ‘ဟိုက်’ရဲ့ မိသားစု အကြောင်းရှင်းပြတယ်။ ”မိုးတွင်း တော့ ကောက်စိုက်ပျိုးနုတ်ပေါ့။ ဆရာလေးရယ်၊ နွေရောက်ရင် လူတွေလှူနိုင်တန်းနိုင်ပါစေလို့ ဆု တောင်းနေတာ သူတို့မိသားစု ပေါ့။ သူတို့တစ်မိသားစုလုံး မျက် နှာတွေကြည်လင်နေတာပဲ ဆရာ လေးရေ”

”မီးနင်းလေး အလုံး ၂ဝ၊ ၂၅ လုံးတောင် ပိတ်ရက်နှစ်ရက်မှာ ရအောင်ကျက်မလာကြဘူး။ဗီဒီ ယိုတော့ ပုံမှန်ကြည့်ပြီး ကျောင်း ရောက်ရင် မင်းသားကဘယ်လို မင်းသမီးက ဘယ်လို ပြောလိုက်ကြ တာစုံလို့…ဟင်…”

ဆရာမလေး ဒေါသူပုန်ထနေ တယ်။ သူအိမ်စာပေးလိုက်တာ တွေကျက်မလာလို့ သုံးတန်း ကျောင်းသားတွေကို ”တစ်လုံး မရရင် တစ်ချက်ရိုက်မယ်လို့မှာ လိုက်တာမှတ်မိကြတယ်နော်”

”ဖြန်း” ဆရာစားပွဲပေါ်ကြိမ်လုံး သံပေးလိုက်တယ်ဆိုရင်ပဲ သုံးတန်း ကလေးတွေ ကျောင်းပိတ်ရက် အပျော်တွေပျောက် ငိုမဲ့မဲ့ဖြစ်လာ ကြပြီ။

ဆရာမလေးဆီ ရသမျှတွေ လာဆိုကြရင်းတစ်ယောက်ကို သုံးချက်၊ ငါးချက် စသည်ဖြင့် အရိုက်ခံကြ ရတယ်။ စာမရကြတာကိုး။

”ဖိုးလုံး၊ နင်တစ်လုံးမှမရဘူး ဟုတ်လား၊ ဘယ်ရမလဲ မီးနင်းပေး လိုက်တာတောင် မေ့နေတယ်ဆို တော့ နင်နဲ့တုတ်နဲ့ပဲတန်တယ်။ ကဲ… ၂၅ လုံးဆိုတော့ ၂၅ ချက် ပဲ” ပြောပြောဆိုဆိုနဲ့ ဖိုးလုံးတင်ပါး ပေါ် ကြိမ်လုံးနဲ့ စရိုက်ပါလေရော ….’တစ်ချက်၊ နှစ်ချက်၊ သုံး ချက်’ ဖိုးလုံးတစ်ယောက် ငိုပါပြီ။

”ဆရာမ ခဏ”

ဆရာမကို ခေါ်လိုက်သူက ကျုပ်ရဲ့ ‘ဟိုက်’။

”သူ့ကို နောက်နှစ်ချက်ပဲ ရိုက် ပါ။ ကျန်တဲ့အချက်နှစ်ဆယ် ကျွန် တော့်ကိုရိုက်ပါ။ ဒီကောင်မခံနိုင် လောက်ဘူး။ ဒီမနက်ပဲ ကျောင်းမ တက်ချင်ဘူးဆိုလို့ သူ့အိမ်က ရိုက် လွှတ်လိုက်တာ”

ပြောပြောဆိုဆိုနဲ့ ဆရာမ ကြိမ်လုံးရှေ့ လက်ပိုက်ပြီး လာရပ် တာက ‘ဟိုက်’။

”ဟေ့ကောင် ဖိုးလုံး မင်းဒီလို တစ်ခါပဲရမယ်နော်။ အရိုက်မခံချင် စာကျက်ထားကွ။ မငိုနဲ့တော့ ဆရာမ၊ ရိုက်လို့ရပြီ”

ကျုပ်ရော၊ ဆရာမလေးရော ထင်မထားတာကို ‘ဟိုက်’ တစ် ယောက် လုပ်ချလိုက်တာပဲ။

ဆရာမလေးလည်း ဆက် မရိုက်တော့ပဲ ငိုပါရောလား။ ကျုပ် လည်း ရင်ထဲမှာလှိုက်ခနဲ ခံစား လိုက်ရတယ်။ အော် ‘ဟိုက်၊ ဟိုက်’ ဒီကောင်တော့ကွာ။

မိုးတွေ သဲကြီးမဲကြီး ရွာနေတဲ့ တစ်မနက်ကျောင်းကို ကျုပ်ခပ် စောစောလေးသွားဖြစ်တယ်။ မ သွားလို့လည်း မဖြစ်ဘူး။ မိုးများရင် ရေကြီး တယ်။ လမ်းတာတွေက စိတ်ချတာမဟုတ်။ တော်ကြာ ရေ စီးကြမ်းတာနဲ့ တာပဲ့သွားရင် ရေ အောက်မှာ ဘယ်သူမှ မြင်ရတာ မဟုတ် ဘူး။ ကျောင်းလာတက်တဲ့ ကလေးတွေ အန္တရာယ်ဖြစ်မှာစိုးတာနဲ့ စောစောလေးထွက်လာပြီး ကျောင်း သားတွေကို စောင့်ကြိုမယ်ပေါ့။
ကျုပ် စာသင်ကျောင်းနဲ့ မလှမ်းမကမ်းအရောက် ရွာချင်း ဆက်လမ်းဆုံမှာ ကျောင်းသားလေး ယောက်။ ဝါးလုံးတစ်ချောင်း ကို ရှေ့နောက် ကိုင်ပြီး ရေစီးကိုဖြတ်နေ ကြတာ။

”ဟာ…ဟိုက်..ပဲ”
ဟုတ်ပ ကျောင်းလာတက်တဲ့ ကလေးသုံးယောက်ကိုကူပြီး ရေစီး ကို ဖြတ်ပေးနေတာ ‘ဟိုက်’။
ကျုပ်လည်း စက်ဘီးကို လှဲချ ခဲ့ပြီးအပြေးအလွှားသွား ကူလိုက် ရတယ်။
”မနက်ဟင်းစား ငါးထမျှား တာ ဆရာလေးရေ။ ဒီကောင်တွေ လာတာတွေ့တာနဲ့၊ ရေစီးနဲ့ ပါ သွားမှာစိုးလို့ ငါးမျှားတံနဲ့ ထိမ်း ခေါ်ရတာ”
အားလုံးကျောင်း ရောက်ပြီး ရေစိုဝတ်တွေလဲပြီးမှ ‘ဟိုက်’ တစ် ယောက် အိမ်ပြန်သွားလေရဲ့။

”ဆရာလေး”
”ဟေ”
”ကျွန်တော် ကျောင်းထွက် တော့မယ်”
အတန်းတင်စာမေးပွဲ ပြီးတဲ့ နေ့ ‘ဟိုက်’ တစ်ယောက် ကျောင်း ထွက်တော့မယ့်အကြောင်း ပြော လာတယ်။

မင်းအဖေကို ကျောင်းဆက် ထားခိုင်းပေါ့ကွာတို့၊ မင်းအိမ်က မတက်နိုင်ရင် ငါဆက်ထားမယ်ကွာ တို့ အစရှိတဲ့ အားပေးစကား တွေ ကျွန်တော် ဆက် မပြောနိုင်ပါ။

ဝတ္ထု စာအုပ်တွေထဲကလို သူဌေးကြီးတစ်ယောက်က ‘ဟိုက်’ လို စိတ်သဘောကောင်းတဲ့ကလေး တစ်ယောက် အကြောင်း ကြားပြီး မွေးစား လိုက်တယ်တယ်တို့၊ ဘာတို့ လည်းမရှိနိုင်ပါ။ ခေတ်ကျပ်၊ခေတ် ပျက်ကြီးထဲမှာ ကျွန်တော်တောင် ကျောင်းဆရာလခနဲ့ မလောက် လို့ ကြွေးပတ်လည် မဖြစ်အောင် မနည်းကြိုးစားနေရတာဆိုတော့   ‘ဟိုက်’ ကိုဘယ်လိုမှ မကူညီနိုင်။

”ဟေ…အေး…ဘာလုပ် မယ်…စိတ်ကူးလဲကွ”

”အဖေ့ကို ကူမယ်ဆရာ”

”ဘဝကို ဒီတိုင်းမနေဘဲ တိုး တက်အောင် ကြိုးစားပေါ့ကွာ”

ကလေးနဲ့ မတန်တဲ့စကား တွေများ ‘ဟိုက်’ ကို ကျုပ်မှာနေမိ သလား ကျုပ်မသိ။ ‘ဟိုက်’တစ် ယောက် ဘာတွေဆက်ပြောနေလဲ ကျုပ် မကြားတော့။ နောက်ဆုံးမှတ် မိတာကတော့…

 ‘ဟိုက်’ တစ်ယောက် ကျုပ်ကို ထိုင်ကန်တော့ပြီး ပေးတဲ့ဆုနဲ့ပြည့် ပါစေဆရာလေးတဲ့။

ဘုထုံးထုံးထားတဲ့ လွယ်အိတ် စုတ်ကလေးလွယ်ပြီး ကျောင်းပေါ် ကဆင်းသွားတဲ့ ‘ဟိုက်’ တစ် ယောက် ကျောင်းပေါ်ကို ဘယ် တော့ မှ ပြန်မရောက်နိုင်တော့။

တဖြည်းဖြည်းဝေး ကွာသွား တဲ့’ဟိုက်’ရဲ့ ကျောပြင်ကို ကြည့် ပြီး ကျုပ်မျက်လုံးတွေ ဝါးလာတယ် ထင်ပါတယ်။ ‘ဟိုက်’လည်း ငိုနေပါ လိမ့်မယ်။

မငိုပါနဲ့ ‘ဟိုက်’ မငိုပါနဲ့။ တစ် နေ့ကျရင် မင်းမွေးထားတဲ့ ကလေး လေးတွေကို စာသင်ပေးဖို့ ဆရာ လေး ပြန်လာခဲ့ပါ့မယ်။

ဒါပေမယ့် ‘ဟိုက်’ မင်းကို မ ပြောဖြစ်လိုက်တာက ငါလည်း မနက်ဖြန်ဆို ငါမြတ်နိုးတဲ့ စာသင် ကျောင်းလေးကို စွန့်ခွာရတော့မှာ၊ ငါ့ကို ဘဝ တိုက်ပွဲတွေက စောင့် နေတာ ‘ဟိုက်’ရ။ တစ်နေ့တော့ မင်း နားလည်လာမှာပါ။

‘ဟိုက်’ ကို ကျုပ်နှုတ်မဆက် ချင်။ ပြန်လာဦးမှာပေါ့ကွာ ‘ဟိုက်’ ရာနော့။ အဲဒီအခါရောက်တော့မှ မူလတန်းကျောင်းသားဘဝနဲ့ မူလ တန်းဆရာလေးဘဝ။ မင်းနဲ့ငါ ပြောပြီး ရယ်မောကြတာပေါ့ကွာ။

‘ဟိုက်’ ရေ သတိရတယ်ကွ။ ခုချိန်ထိတော့ ကျုပ်လည်း ဘဝမှာ မောနေဆဲ။ ‘ဟိုက်’ ဆီကိုလည်း ပြန် မရောက်နိုင်သေး။ ပြန်ဆုံ ရင် တော့ မင်းနဲ့ ငါအတိတ်တွေ ပစ္စုပန် တွေ၊ အနာဂတ်တွေပြောပြီး ရယ်မောကြတာ့ ပေါ့ကွာနော့။

 လေးစားစွာဖြင့်…

အောင်ကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*