သဘာဝဘေး ကာကွယ်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်းတစ်ရာကျော် ချေးရန် လွှတ်တော် သို့တင်ပြ

သဘာဝဘေး ကာကွယ်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်းတစ်ရာကျော် ချေးရန် လွှတ်တော် သို့တင်ပြ
May 18, 2017 Asian Fame

5:37 pm
သဘာဝဘေး ကာကွယ်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်းတစ်ရာကျော် ချေးရန် လွှတ်တော် သို့တင်ပြ

flood(နေပြည်တော် ၊ မေ ၁၈)

မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်နိုင်ရန် နှင့် ရန်ကုန်မြို့၏ ရေကြီးရေလျှံမှု များကို ဖြေ ရှင်းနိုင်ရန် အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၁၂၄သန်း ချေးယူရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်သို့ မေ ၁၈ ရက်တွင် တင်ပြခဲ့သည်။

ထိုချေးငွေ ၁၂၄သန်း အနက် ၁၀၄ သန်း အသုံးပြုကာ ရန်ကုန်မြို့ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်ရေး လုပ်ဆောင်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာသန်း ၂၀ ဖြင့် အာဆီယံ သုံးနိုင်ငံ စတင်ပူးပေါင်းကာ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ရန်ပုံငွေ ထူထောင် မည်ဖြစ်ကြောင်း၎င်းကပြောသည်။

“ရန်ပုံငွေကို ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံများက ပိုင်ဆိုင်ပြီးတော့ စီမံခန့်ခွဲမှု အဖွဲ့ထားရှိပြီးတော့ တည်ထောင်ထားမှာဖြစ်ပါတယ် ။ အဖွဲ့ဝင်နိုင်ငံ များအနေနဲ့ သုံးနှစ်တစ်ကြိမ်ထည့်ဝင်ကြေးပေးသွင်းရမှာဖြစ်ပါတယ် ၊ ကမ္ဘာ့ဘဏ်ရဲ့ ကြီးကြပ်မှုနဲ့ ဂျပန်နိုင်ငံရဲ့ အကူအညီ ပံ့ပိုးမှု့ တို့ဖြင့် မြန်မာ ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတို့က စတင် အကောင်အထည်ဖော်မယ့် အစီအစဉ်ဖြစ်ပါတယ် ။ သတ်မှတ် ကာလသုံးနှစ် အတွင်း ဘေးအန္တရာယ် ကျရောက်တဲ့ အပေါ် မူတည်ပြီး အာမခံလျော်ကြေး ရရှိနိုင်မှုများကို သတ်မှတ်ပေး ထား မှာဖြစ်ပါတယ် ” ဟု ၄င်းကပြောသည် ။

ဘေးအန္တရာယ်များကို အသေးစား ၊ အလတ်စား စသည်ဖြင့် ခွဲခြား သတ်မှတ် ထားမည်ဖြစ်ပြီး ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် သဘော တူထားသည့် စံနှုန်းများနှင့် တိုင်းတာကာ ထည့်ဝင်ကြေးထက် ကျော်လွန်၍ သော်လည်းကောင်း ၊ ထည့်ဝင်ငွေ၏ တစ်စိတ် တစ်ဒေသ သော်လည်းကောင်း ပြန်လည် ရရှိမည်ဟု သိရသည် ။

“အကယ်၍ သုံးနှစ် အတွင်းမှာ သဘာဝဘေးအန္တရာယ်ကျရောက်မှုမရှိခဲ့ဘူးဆိုရင်တော့ မိမိထည့်ဝင်ထားတဲ့ ငါးဆယ်ရာခိုင်နှုန်းကို တတိယနှစ် အကုန်မှာ ပြန်လည်ရရှိမှာဖြစ်ပါတယ် ။ ဥပမာအားဖြင့် အမေရိကန်ဒေါ်လာ ၁၅သန်း ထည့်ဝင်ထားပါက သုံးနှစ် အတွင်းမှာ အသေးစား ဖြစ်ပေါ်ခဲ့ရင် ၇.၅သန်းပြန်ရမှာဖြစ်ပါတယ် ၊ အလတ်စား ဖြစ်ခဲ့ရင်တော့ ၁၉သန်း အထိရရှိမှာဖြစ်ပါတယ် ၊ အကြီးစား အပြင်းအထန် ဖြစ်ခဲ့ရင်တော့ ၃၆.၃သန်းနဲ့ အလတ်စားနဲ့ အကြီးစားတွေ ဆက်တိုက်ဖြစ်ခဲ့ရင်တော့ ၉၃.၈သန်းအထိ ရရှိမှာဖြစ် ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အနေနှင့် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နိုင်မှုစာရင်းတွင် ထိခိုက် လွယ်သော နိုင်ငံစာရင်းတွင် ပါဝင်နေပြီး  သဘာ ၀ဘေး အန္တရယ်ကြောင့် မြန်မာနိုင်ငံမှ လူဦးရေ ၄သန်း ထိခိုက်ခဲ့ကြောင်း ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောသည် ။

ထိုချေးငွေသည် အတိုးမဲ့ချေးငွေ အမျိုးအစားဖြစ်ပြီး ဆိုင်းငံ့ ကာလ ၆နှစ် ၊ ပြန်ဆပ် ၃၂ နှစ်ဖြစ်ကာ ၀န်ဆောင်ခ အနေနှင့်တစ်နှစ်လျှင် ၀.၇၅ ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်ပြီး ၀န်ဆောင်ခကို လည်း ဆိုင်းငံ့ ကာလပြီးမှသာ ပေးဆောင် ရမည်ဖြစ်သောကြောင့်ချေးယူ သင့်ကြောင်း ၎င်းကပြောသည် ။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များ အနေဖြင့် မေလ ၂၄နေ့ နောက်ဆုံးထားကာပြည်ထောင်စု လွှတ်တော် သို့ အမည် စာရင်းတင်သွင်းရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်း က ကြေညာခဲ့သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*