မဘသအဖွဲ့သည် တိုင်းပြည်ဆူပူအောင် လုပ်မည့်အဖွဲ့ မဟုတ်ကြောင်း ဦးဆောင်ဆရာတော်များ မိန့်ကြား

မဘသအဖွဲ့သည် တိုင်းပြည်ဆူပူအောင် လုပ်မည့်အဖွဲ့ မဟုတ်ကြောင်း ဦးဆောင်ဆရာတော်များ မိန့်ကြား
May 17, 2017 Asian Fame

11:12 am
မဘသအဖွဲ့သည် တိုင်းပြည်ဆူပူအောင် လုပ်မည့်အဖွဲ့ မဟုတ်ကြောင်း ဦးဆောင်ဆရာတော်များ မိန့်ကြား

YL
ရန်ကုန်၊ မေ ၁၆

မဘသအဖွဲ့အနေဖြင့် တိုင်းပြည်ဆူပူအောင် မလုပ်ခဲ့ကြောင်းနှင့် အဖွဲ့ပုံရိပ်ဂုဏ်သိက္ခာကို ထိခိုက်အောင် ထပ်မံဝေဖန်မည့်သူများကို ဥပဒေကြောင်းအရ တုံ့ပြန် ဆောင်ရွက်သွားရန် အစီအစဉ်ဆွဲထားကြောင်း အဆိုပါအဖွဲ့က ပြောသည်။

မေလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)နှင့်ဓမ္မဝံသာနုရက္ခိတအဖွဲ့တို့၏ သတင်း စာရှင်းလင်းပွဲတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဧပြီ ၂၈ ရက်က ဖြစ်ပွားခဲ့သော သာကေတမြို့နယ်မှ အာရဗီကျောင်း ပြဿနာနှင့် မေလ ၁ဝ ရက်ညတွင် မင်္ဂလာတောင်ညွန့်၌ ဖြစ်ပွားခဲ့သည့် ပြဿ နာများသည် မဘသအဖွဲ့၊ မဘသမှ ဖွဲ့ စည်း ထားသော ဓမ္မဝံသာနုရက္ခိတအဖွဲ့ တို့နှင့် သက်ဆိုင်မှုမရှိကြောင်း၊ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်ကို ဖြစ်ပွားပြီး မနက်မှသာအကြောင်းအရင်းကို သိရှိရခြင်း ဖြစ်ကြောင်း မဘသအဖွဲ့၏ ဦးဆောင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် စွပ်စွဲ ပြောဆိုမှုများနှင့် ပတ်သက်၍ မဘသအဖွဲ့အနေဖြင့် တိုင်းပြည်ဆူပူအောင် နောင်လည်း ပြုလုပ်သွားမည် မဟုတ်ကြောင်း ဆရာတော်က ပြောသည်။ မဘသအဖွဲ့မှ ဆရာတော် အရှင်ပညာဝရက ”တစ်ဦးတစ်ယောက်ရဲ့ Personal ချွတ်ယွင်းမှုအပေါ် အဖွဲ့ကြီးက အမြဲပုံချပြောခံနေရတာလည်း သဘာဝမကျတဲ့ လုပ်ငန်းတွေပဲ။ မဘသဆိုတာ ဓမ္မလမ်းကြောင်းနဲ့ သွားတဲ့အဖွဲ့။ တိုင်းပြည်ထဲမှာ ဆူပူအောင်လုပ်မယ့် အဖွဲ့ မဟုတ်ဘူး။ အဖွဲ့အစည်းမှာ ချွတ်ချော် တဲ့သူရှိရင်ရှိမယ်။ ဒါပေမယ့် အဖွဲ့ရဲ့ မူဝါဒမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ ပုတ်ခတ်နေသလိုပဲ” ဟု မိန့်သည်။မဘသမှ ဖွဲ့စည်းထားသော လူ ပုဂ္ဂိုလ်အဖွဲ့ဖြစ်သည့် ဓမ္မဝံသာနုရက္ခိတအဖွဲ့အနေဖြင့်လည်း နိုင်ငံရေးမလုပ်ကြောင်း အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုးထွန်းရှိန်က ပြောသည်။

မဘသအဖွဲ့နှင့် ဓမ္မဝံသာနုရက္ခိတအဖွဲ့တို့ကို ဂုဏ်သိက္ခာ ထိခိုက်အောင် ဝေဖန်ခဲ့သူများကို ခွင့်လွှတ်ကြောင်းနှင့် ထပ်မံပြောဆိုမှုများရှိလာပါက ဥပဒေ အရ တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဓမ္မဝံသာနုရက္ခိတအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်က ပြောသည်။ မဘသအဖွဲ့၏ ဦးဆောင်ဆရာ တော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးဝီရသူ၏ လုပ်ရပ်နှင့် ပြောဆိုမှုများသည် မဘသအဖွဲ့၏ မူဝါဒမဟုတ်ကြောင်းနှင့် ၎င်း၏လုပ်ရပ်များသည် မဘသအဖွဲ့၏ စည်းကမ်းများကို ချိုးဖောက်မှု မရှိကြောင်း ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားခဲ့သည်။

”မဟနက တရားမဟောရဘူး ပြော တယ်။ ဒီကနေ့ထိ ဦးဝီရသူအနေနဲ့ လိုက် နာပြီး မဟောပါဘူး။ သူ ပြစ်မှုကျူးလွန် တာ မဟုတ်ပါဘူး။ ဘာမှ ပြောစရာမရှိ ပါဘူး။ မဘသအဖွဲ့အနေနဲ့က လုပ်ထုံး လုပ်နည်းနဲ့ ငြိစွန်းမှုမရှိသေးရင် ဘာမှ ဆောင်ရွက်မှာ မဟုတ်သေးပါဘူး။ မဘသမှာ ဒီကနေ့အထိ ထုတ်ပယ်ပြစ် မှုမျိုး ကျူးလွန်ထားတာမျိုး မရှိပါဘူး။ ရဟန်းရော လူရော မရှိသေးပါဘူး” ဟု ဦးဆောင် ဆရာတော်က မိန့်သည်။ ယင်းအပြင် သာကေတတွင် ဖြစ် ပွားခဲ့သော ပြဿနာနှင့် မင်္ဂလာတောင် ညွန့်ကိစ္စများသည် တာဝန်ရှိသူများက ဥပဒေနှင့်အညီ အလျင်အမြန် ဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ပွားရ ခြင်းဖြစ်ကြောင်း မဘသဆရာတော် များက ဝေဖန်ခဲ့သည်။ ”သာကေတ၊ မင်္ဂလာတောင်ညွန့် ကိစ္စတွင် အဆိုပါ အမျိုးသားရေး ဆောင်ရွက်သူအမည်ခံအဖွဲ့များ၏ ဆောင်ရွက် မှု၊ ပြဿနာဖြေရှင်းမှုသည် ဓမ္မဆန်သလား၊ အဓမ္မဆန်သလား”ဟူသည့် မေးခွန်းကိုမူ မဘသဆရာတော်များက ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*