ရွှေတူးဖော်မှုများကြောင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ထိခိုက်မှုများရှိနေ

ရွှေတူးဖော်မှုများကြောင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ထိခိုက်မှုများရှိနေ
May 17, 2017 Asian Fame

2:53 pm
ရွှေတူးဖော်မှုများကြောင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ထိခိုက်မှုများရှိနေ

Inn Taw Gyi3

ဝေရှိုင်းကျော်
ရန်ကုန်၊ မေ ၁၅

အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောဝန်းကျင်အတွင်း ရွှေတူးဖော်မှု ပြုလုပ်ခြင်းများကြောင့် သဘာဝဂေဟစနစ်ပျက်ဆီးမှုမရှိစေရေးအတွက် ကင်း လှည့်ထိန်းသိမ်း ဆောင်ရွက်နေရကြောင်း အဆိုပါဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဘေးမဲ့တောအတွင်း နှင့် ဘေးမဲ့ တောဝန်းကျင်အတွင်း ရွှေတူးဖော်များ ရှိနေသောကြောင့် သဘာဝ ဂေဟစနစ်များကို ပျက်ဆီးမှုများ ဖြစ်စေပြီး ထိန်းသိမ်း ရန် လိုအပ်လာသောကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အ ထက်ပါ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ”လက်ရှိမှာလည်း တရားမဝင် ရွှေတူးဖော်တာတွေ ရှိသေးတယ်။ အဲ့ဒါတွေကို မရှိစေရေးအတွက် ကင်းလှည့် ထိန်းသိမ်း ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကင်းလှည့်ထိန်းသိမ်း ခြင်းကို သစ်တောဦးစီးဌာန၊ သစ် တော ရဲတပ်ဖွဲ့ဝင်များ၊ ငါးလုပ် ငန်းဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ဘေးမဲ့တောရှိ တာဝန်ရှိ သူများက ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ ”ဒီအင်းရဲ့ အနီးနားမှာ တရားမဝင် ရွှေတူးဖော်တာတွေကော ငါးဖမ်းတာတွေပါရှိတယ်။ ဒါ့အပြင် တရားမဝင်သစ်ခိုးထုတ်တာတွေလည်းရှိပါတယ်”ဟု အထက်ပါ အုပ်ချုပ်ရေးမှူးရုံးမှ ဦးဝင်းမောင်က ပြောသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ရွှေလုပ်ငန်းရှင်များ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ သစ်တောဦး စီးဌာန၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များဖြင့် ဆွေးနွေးပွဲများလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အ တွင်း တရားမဝင် ရွေသတ္တုတူးဖော် သူ ၆ ဦးကို သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ အင်းတော်ကြီး တော ရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး ဘေးမဲ့တောအတွင်း ရေပျော်ငှက် ၉၉ မျိုး ၊ ငှက်မျိုးစိတ် ပေါင်း ၄၄၉ မျိုး ကျက်စားလျက် ရှိသည်။ ထို့အပြင် အင်းတော်ကြီးကန် နှင့် ပတ်ဝန်းကျင် ရေတိမ်ဒေသတို့တွင် ဆောင်းခိုငှက်ကောင်ရေ ၂ဝဝဝဝ ကျော် နှစ်စဉ်လာရောက် နားခိုကျက်စားကြောင်း သိရသည်။ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် ဧရိယာ စတုရန်းမိုင် ၃၁၄ ဒသမ ၆၇ ကျယ်ဝန်းပြီး အမြဲစိမ်းတောနှင့် ရေတိမ် ဂေဟစနစ်တို့ကို ထိန်း သိမ်းထားသည်။

ထို့အပြင် ဆင်၊ သမင်၊ ဆတ်၊ စိုင်၊ တောဆိတ်နှင့် ဆောင်းခိုငှက်များ နေထိုင်ကျက်စားကြသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ ရေဝပ်ဒေသအဖြစ် သတ်မှတ်ထား သောနေများမှာ မိုးယွန်းကြီးအင်း၊ အင်းတော်ကြီးအိုင်နှင့် မိန်းမလှကျွန်းတို့ဖြစ်သည်။ အင်းတော်ကြီး အိုင်ကို ဒုတိယရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*