4:32 pm

လင်းဟိန်း
ရန်ကုန်၊ မေ ၁၅
ကျောက်ဖြူမြို့နယ်အတွင်း လက်ရှိလုပ်ဆောင်နေသည့် စီမံကိန်းများမှာ ပွင့်လင်း မြင့်သာမှုမရှိဘဲ အာမခံမှုလည်း မရှိသည့်အတွက် နောက်ထပ်စီမံကိန်းများကို လက်ခံ နိုင်မည်မဟုတ်ကြောင်း ကျောက်ဖြူကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးအသင်းက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် တရုတ်ရေနံ ကုမ္ပဏီက လုပ်ဆောင်နေသည့် ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းတို့ကြောင့် ဒေသခံများ မြေယာလျော် ကြေးမရခြင်းအပြင် အခြားဆုံးရှုံးနစ်နာမှုများ ရှိနေသည့်အတွက် ဝေဖန်မှုများ ရှိနေသည်။ ”စီမံကိန်းလုပ်တဲ့ ကုမ္ပဏီက စီမံကိန်းနဲ့ ပက်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြရမယ်။ အစိုးရကလည်း တစ်ခုခုဖြစ်ရင် တာဝန်ယူရ မယ်။ အာမခံချက်ရှိတဲ့ ဥပဒေတွေ နည်းဥပဒေတွေ ပေါ်လာမှပဲ လက်ခံလို့ရမယ်”ဟု ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ ကိုထွန်းကြည်က ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ရေနက်ဆိပ် ကမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုန်အတွက် စက်မှုဇုန်စီမံကိန်းများစသည့် စီမံကိန်းများကို နောက်ထပ်ဖော်ဆောင်လာမည် ဖြစ် သည်။ ယင်းစီမံကိန်းများအပြင် ကျောက်မီး သွေးစက်ရုံလုပ်သည့် စီမံကိန်းပါပါလာနိုင် ခြေရှိကြောင်း ကိုထွန်းကြည်က ပြောသည်။ ”အဲဒီစီမံကိန်းတွေလည်း ဒီအတိုင်းပဲဆိုရင် လုံးဝလက်မခံနိုင်ဘူး။ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်ပြီး ကန့်ကွက်သွားပါမယ်”ဟု ကိုထွန်းကြည်က ပြောသည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုက် စီမံကိန်းလုပ်ဆောင်ရာတွင် ကျောက်ဖြူမြို့နယ်၌ မြေဧကပေါင်း ၁၈ ဧကကျော်အတွက် လျော်ကြေးပေးရန် ကျန်ရှိနေသေးပြီး အမ်း မြို့နယ်တွင်လည်း လျော်ကြေးပေးရန်ကျန် ရှိနေသေးသည်။ ကျောက်ဖြူမြို့နယ် ဂုံး ရှိန်ကျေးရွာမှ ဒေသများမှာ မြေယာလျော် ကြေးရရှိရန်အတွက် ဆန္ဒထုတ်ဖော်တောင်း ဆိုခဲ့သည်မှာ လေးကြိမ်တိုင်ရှိခဲ့ပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ လျော်ကြေးတစ်စုံတစ်ရာ မရရှိကြသေးပေ။ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကလည်း စီမံကိန်း တစ်ခုလုပ်ဆောင်မည်ဆိုပါက ယင်းစီမံကိန်း နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာချပြပေးရမည့်အပြင် ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရမည်ဖြစ် ကြောင်း ပြောသည်။
”မြေသိမ်းမလား။ သိမ်းမယ်ဆိုရင် အသိမ်းခံရတဲ့သူတွေရဲ့ စားဝတ်နေရေးအတွက် ဘာတွေလုပ်ပေးမှာလဲ၊ ဒါတွေအကုန်ချ ပြရမယ်။ အာဏာရှင်တွေလို သိမ်းချင်တိုင်းသိမ်း လို့မှမရတာ။ အကုန် ဒုက္ခရောက်သွားမှာ ပေါ့”ဟု ၎င်းက ပြောသည်။ စစ်အစိုးရလက်ထက်တွင် ပြည်သူ့မျက် နှာကိုမကြည့်ဘဲ တရုတ်အစိုးရနှင့် ပူးပေါင်း ကာလုပ်ဆောင်ခဲ့ကြသည့် စီမံကိန်းများကြောင့် ဒေသခံပြည်သူများ နစ်နာကြရကြောင်း ဦးဘရှိန်က ပြောသည်။ ယင်းအပြင် ကျောက် ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနံတင်ဆိပ်ကမ်း မှ သင်္ဘောကြီးများဖြင့် ရေနံတင်ပို့ရာတွင် ဒေသခံငါးဖမ်းသင်္ဘောများ၊ ငါဖမ်းမျှောများက ငါးမဖမ်းရဘဲ ဖယ်ပေးနေကြရကြောင်း ကိုထွန်းကြည်က ပြောသည်။ ”သူတို့အတွက် ဒေသခံတွေ စားဝတ်နေရေးအတွက် ငါးမဖမ်းရတော့ဘူးလား။ ပြီးရင် ရေနံမှောက်သွားရင်ကော ဘယ်လို တာဝန်ယူမှာလဲ”ဟု ၎င်းကပြောသည်။ ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ပိုက်လိုင်းတစ်လျောက်တွင် ဒေသခံများလုပ်ကိုင်စားသောက်နေသော မြေယာများနှင့် ရေလုပ်ငန်း ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း ဒေသခံများက ပြောကြသည်။