ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CCTV များအားလုံး ချိတ်ဆက်စောင့်ကြည့်နိုင်ရေး ငွေကြေးအခက်အခဲရှိနေဟု တိုင်းအစိုးရပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CCTV များအားလုံး ချိတ်ဆက်စောင့်ကြည့်နိုင်ရေး ငွေကြေးအခက်အခဲရှိနေဟု တိုင်းအစိုးရပြော
May 17, 2017 Asian Fame

11:20 am
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CCTV များအားလုံး ချိတ်ဆက်စောင့်ကြည့်နိုင်ရေး ငွေကြေးအခက်အခဲရှိနေဟု တိုင်းအစိုးရပြော

ဖြိုးထက်အောင်
ရန်ကုန်၊ မေ ၁၅

ငွေကြေးမရှိသည့်အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CCTV များကို တိုင်းဒေသကြီးတစ်ခုလုံးအနေအထားဖြင့် ချိတ်ဆက်၍မရဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရက ပြောသည်။

လက်ရှိတွင် မြို့နယ်များအလိုက်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် လုပ်ငန်းရှင်များ၏ အကူအညီများဖြင့် သင့်တော်သော နီးစပ်ရာကုမ္ပဏီများဖြင့် ချိတ်ဆက်ကာ CCTV များကိုတပ်ဆင်နေရသောကြောင့် အမျိုးအစားများမတူဘဲ တိုင်းဒေသကြီး တစ်ခုလုံးအနေအထားဖြင့် ချိတ်ဆက်ရန် အခက်အခဲရှိနေခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်း လတ်က ”ရန်ကုန်တိုင်းအတွင်း တပ်ဆင်အသုံးပြုမည့် မီးပွိုင့်များမှ CCTV များ၊ နောက်ဖေးလမ်းကြားများနှင့် အခြားနေရာများတွင် လုံခြုံရေးအတွက် တပ်ဆင်သော CCTV များ၏ အရည်အသွေးအလုပ်လုပ်ပုံနှင့် အချက်အလက် သိမ်း ဆည်းထားသိုပုံစနစ်များ မည်သို့မည်ပုံရှိ သည်” ကို သိရှိလိုကြောင်းမေးမြန်းခဲ့ရာဝန်ကြီးက ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ နောက်ထပ်တပ်ဆင်မည့် CCTV များမှာ အမျိုးအစားတူများသာဖြစ်ပြီး ချိတ်ဆက်နိုင်ရန်ဆောင်ရွက်နေကြောင်း နယ်လုံဝန်ကြီးက ဆက်ပြောသည်။

”တကယ်က အခုလိုအမျိုးအစားတွေ ကွဲပြားပြီးချိတ်ဆက်လို့မရတာဟာအဓိကက ငွေကြေးကိစ္စကြောင့်ပါ။ နိုင်ငံတော်ကသာ ရန်ကုန်တိုင်းတစ်ခုလုံးအတွက် CCTV တွေအတွက် ငွေဘယ်လောက်ဆိုပြီးချပေးလိုက်ရင် အားလုံးကို မဟာစီမံကိန်းရေးဆွဲပြီး ရန်ကုန်တိုင်းဒေသကြီး အားလုံးအကုန်လုံးကို တစ်နေရာတည်းက ထိန်းချုပ်လို့ရအောင် စီမံဖန်တီးလို့ရပါတယ်” ဟု ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းခဲ့သော မှတ်တမ်းသိမ်းဆည်းမှုအပိုင်းတွင်လည်း CCTV များမှာ အမျိုးအစားကွဲပြားသောကြောင့် အမျိုးမျိုးရှိကြောင်း၊ ခြောက်လ၊ တစ်လ၊ လေးဆယ့်ငါးရက်စသည်ဖြင့် အမျိုးအစားအလိုက် ထိန်းသိမ်းပေးသော စနစ်ကွဲပြားကြောင်းဝန်ကြီးကပြောသည်။ ”ဦးကိုနီ လုပ်ကြံခံလိုက်ရတဲ့အမှုမှာ သံသယတရားခံတစ်ဦးကို လိုက်လံဖမ်းဆီးတဲ့အခါ နေပြည်တော်မှာရှိတဲ့နေရာတစ်ခုမှာ အစပျောက်သွားတယ်လို့ သတင်းတွေ မှာဖတ်ရပါတယ်။ အဲဒီမှာ တပ်ဆင်ထား တဲ့ CCTV တွေကို စစ်ဆေးကြည့်တဲ့အခါမှာလည်း Data Storage (အချက်အလက်ထိန်းသိမ်းမှု) က အချိန်ပြည့်သွားတဲ့အတွက် ပျက်သွားပြီလို့ ပြောတာကိုလည်း ဖတ်လိုက်ရပါတယ်။ ရန်ကုန်မှာလည်း မီးပွိုင့်တွေမှာရော၊ မြို့နယ်အချို့မှာပါ CCTV တွေတပ်ထားတယ်လို့သိရပါတယ်။ နေပြည်တော်မှာဖြစ်သွားတဲ့အဖြစ်အပျက် လိုမျိုး ဒီမှာထပ်ဖြစ်မှာစိုးရိမ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

လက်ရှိတွင် တပ်ဆင်အသုံးပြုထားသည့် CCTV များမှာ တရုတ်နိုင်ငံထုတ် Dahua IP Camera (IP 67) ဖြစ်ပြီး ပုံရိပ်ဖမ်းယူနိုင်မှု 2 Megapixel ရှိကာ ပေ ၁၈ဝ အတွင်း ဖမ်းယူနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်အား အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ်သိန်း ၂၅ဝဝ ဖြင့် CCTV များ တပ်ဆင်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*