အပူတွေတကယ်ငြိမ်းစေ

အပူတွေတကယ်ငြိမ်းစေ
May 16, 2017 Asian Fame

4:51 pm
အပူတွေတကယ်ငြိမ်းစေ

Thein-Soe-Articleပူပြင်းလှသော ဧပြီလနှောင်း ပိုင်း နေ့လယ်ခင်း တစ်ခု။ ဒီကနေ့ ရဲ့ ရန်ကုန် အပူချိန်က ၄ဝ ဒီဂရီ စင်တီဂရိတ်ရဲ့ အထက်မှာရှိနေပါ သည်။ ယောဂီ ဝတ်စုံကို ဝတ်ထား သော အမျိုးသမီးကြီးတစ်ယောက် သည် မွန်းတည့်ကျော် နေအပူကို အန်တုရင်း ဘဏ် အတွင်းမှ ဖြည်း ဖြည်းချင်း လှမ်းထွက်လာသည်။ ပိန်ပိန်ပါးပါး၊ အသား ခပ်လတ်လတ် ရှိသော ထိုအမျိုးသမီးကြီး သည် အ နည်းဆုံး အသက် ၇ဝ ကျော်တော့ ရှိပြီဖြစ်လောက်သည်။ လက်တစ် ဖက်က ၃ ပေလောက် အရှည်ရှိ ပလတ်စတစ် ရေပိုက် အမာတစ် ချောင်းကို တုတ်ကောက် သဖွယ် အသုံးပြု၍ ကျန်လက်တစ်ဖက်က အဖော်အဖြစ် ပါလာဟန် ရှိသည့် အသက် ၅ဝကျော် အမျိုးသမီးတစ် ဦးကို အားပြုတွဲခိုကာ လမ်းလျှောက် နေပုံကို ကြည့်ခြင်းအားဖြင့် လေ ထိထားသူ တစ်ဦး ဆိုတာကို အလွယ် တကူ ခန့်မှန်းနိုင်ပါသည်။

ဘဏ်အပြင်သို့ ရောက်သော အခါ အိမ်ပြန်ဖို့ အတွက် အငှား ကား တားနေကြသည်။ တစ်စီးတား လိုက်၊ သွားမည့်နေရာပြော ဈေးညှိ လိုက်၊ ကားသမားက လက်ခါပြ ခေါင်းခါပြနှင့် မောင်းထွက်သွား လိုက်နှင့် အချိန် ၁၅ မိနစ်လောက် အထိ ကြာ သွားပြီဖြစ်သည်။ အကျိုး အကြောင်း မေးကြည့်လိုက်တော့ ကားတွေက မလိုက်တာမဟုတ်၊ သူတို့တွေ တောင်းကြသော ဈေးကို မပေးနိုင်လို့တဲ့။ ခရီးချင်းတူပေမယ့် ကားလမ်းတွေ အရမ်းကျပ်သွား သော အခုချိန်မှာ အလာတုန်းက ဈေးနှုန်းနှင့်တော့ ဘယ်လိုမှမရနိုင် မှန်းသိလိုက်သည်။ ရတဲ့ပင်စင်လေး နှင့် တွက်လို့ ခရီးစရိတ်ကို ချင့်ချိန် ရသေးသည်တဲ့။ အပူသက်သာလို ငြား သူတို့ခိုနေသည့် ကျိုးတိုးကျဲ တဲအပင်၏ အရိပ်အောက်မှာ သူ တို့အကြာကြီး ဆက်ရပ် မနေသင့် တော့ဘူးဆိုတာကို ကိုအိမ့်မှူးတစ် ယောက် နားလည်လိုက်သည်။ ကုသိုလ်ယူပါရစေ လို့ဆိုပြီး ကား တစ်စီး ငှားပေးလိုက်တော့ ကျေးဇူး တင်သည့် မျက်ဝန်း အကြည့်များဖြင့် သာဓုခေါ်ဆိုကြသည်။ ဒီလအတွက် တော့ အေးပါပြီ။ ဒီ ဒုက္ခခန္ဓာကြီး ကို ထမ်းနေရ သရွေ့တော့ နောက် လတွေလည်း လာထုတ်နေရဦးမှာ ပဲလေဟု ပြောသွားသော ကာယ ကံရှင်အမျိုး သမီးကြီး၏ စကားက ကိုအိမ့်မှူးကို ခံစားစရာ စဉ်းစား စရာတစ်ခု ပေးခဲ့ပြန်ပါသည်။

ကိန်းဂဏန်းများကို စိတ်ဝင် စားတတ်သော ကိုအိမ့်မှူး တစ် ယောက် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်းကို ပြန်လှန်ကြည့်ရှုလိုက်မိ သည်။ အသက် ၇ဝ နှစ်နှင့် အထက် သက်ကြီး လူဦးရေသည် တစ်နိုင်ငံ လုံးအတိုင်းအတာ နှင့်ဆိုလျှင် တစ် ဆယ့်ရှစ်သိန်း သုံးသောင်းကျော် ရှိသည်။ အငြိမ်းစား၊ သက်ကြီးရွယ် အိုများက နှစ်ဆယ့် သုံးသိန်း ငါး သောင်းကျော်ရှိပြီး၊ ဖျားနာသူ၊ မသန်စွမ်းသူများက သုံးသိန်းတစ် သောင်းကျော် ရှိကြောင်း ဖော်ပြ ထားသည်။ နိုင်ငံ တစ်ဝန်းတွင် အိမ် ထောင်စု အရေအတွက် ဆယ်သန်း ရှစ်သိန်းခုသောင်းကျော် ရှိကြောင်း ဇယား (က-၂) တွင် ဖော်ပြထားရာ၊ အိမ်ထောင်စု ၆ စုလျှင် အသက် ၇ဝ ပြည့်ပြီးသူ တစ်ဦးနှုန်း၊ အိမ် ထောင်စု ၅ စုလျှင် အငြိမ်းစား၊ သက်ကြီးရွယ်အို တစ်ဦးနှုန်း၊ အိမ် ထောင်စု ၃၅ စုလျှင် ဖျားနာသူ၊ မသန်းစွမ်းသူ တစ်ဦးနှုန်း စီရှိကြောင်း ပျမ်းမျှအားဖြင့် ကောက်ချက်ချနိုင် သည်။

မိသားစု စီးပွားရေး နောက်ခံ ပြု၍ ဝင်ငွေ အလိုက် အိမ်ထောင်စု များကို အုပ်စုခွဲကြည့်မည် ဆိုလျှင် အုပ်စု ၄ စုခွဲကြည့်မှ မြန်မာ့လူမှု စီးပွား၏ လက်ရှိ အနေအထားကို ထင်ဟပ်နိုင်တော့မည် ထင်သည်။ ထို ၄ အုပ်စုမှာ (က) ဝင်ငွေနည်းပါး သည့် မိသားစု (lower-income family)၊ (ခ) ဝင်ငွေအလယ်အလတ် ရှိသော်လည်း လူနေမှု အဆင့်မမြင့် နိုင်သေးသည့် မိသားစု (lower middle-income family)၊ (ဂ) ဝင် ငွေအလယ်အလတ် ရှိပြီး လူနေမှု အဆင့်မြင့်သည့် မိသားစု (upper middle-income family) နှင့် (ဃ) ဝင်ငွေမြင့်မားသည့် မိသားစု(higher-income family) ဟူ၍ ဖြစ်သည်။ ကိုအိမ့်မှူးက သူတွေ့ခဲ့ သည့်အမျိုးသမီးကြီး လိုမျိုး အငြိမ်း စား သက်ကြီး အရွယ် နာတာရှည် ဝေဒနာသည် မျိုးသည် အထက်ပါ (က) အုပ်စုနှင့် (ခ) အုပ်စု တို့တွင် အကျုံးဝင်သော မိသားစု များတွင် အချိုးမည်မျှ ပါဝင်နေသည်ကို အ ရမ်းသိချင်နေသည်။ တစ်နည်းအား ဖြင့် အငြိမ်းစား၊ သက်ကြီးရွယ်အို တစ်ဦးကျစီ ရှိနေနိုင်မည့် အိမ် ထောင်စု ၅ စုတွင် ဝင်ငွေ နည်းပါး သည့် မိသားစုက မည်ရွေ့မည်မျှ၊ ဝင်ငွေ အလယ်အလတ် ရှိသော် လည်း လူနေမှု အဆင့် မမြင့်နိုင်သေး သည့် မိသားစုက မည်ရွေ့မည်မျှ ရှိ မည်ကို အရမ်းသိချင်နေပါသည်။

ကိုအိမ့်မှူး အနေဖြင့် ထိုသို့ သော ကိန်းဂဏန်း အချက်အလက် မျိုးကို ရနိုင်ဖို့ရာ မလွယ်ကူလှပါ။ ထို့ကြောင့် အမြင်ဖြင့် လေ့လာမှု (Observation) ဖြင့်သာ ဆန်းစစ် မှုတစ်ခုပြုလုပ်ဖြစ်သည်။ ယခင်က ပင်စင် စာအုပ်ထပ်ပြီး ပင်စင်ထုတ် ခဲ့ကြရစဉ်က ဘဏ်သို့ တစ်လနှစ် ခေါက်သွားကြရသည်။ ကိုယ့် တိုကင် နံပါတ်ကျသည့် ရက်တွင် သာ ပင်စင်လစာကို မပျက်မကွက် ထုတ်ကြရသည်။ ဘဏ်များသည် ထိုသို့ပင်စင် ထုတ်ပေးသည့် လကုန် ခါနီးရက်များတွင် ပင်စင်လာထုတ် ကြသည့် သက်ကြီး အရွယ်များဖြင့် တိုးဝှေ့ စည်ကားနေလေ့ရှိသည်။ ထို မှ အီလက်ထရောနစ် ကတ်ဖြင့် ပင် စင်ထုတ်ပေးသောစနစ် (e-pension) သို့ ပြောင်းလဲ လိုက်သောအခါ ပင် စင်စား တို့အတွက် တော်တော်လေး သက်သောင့်သက်သာ ဖြစ်လာကြ သည်။ ဘဏ်ဖွင့်ရက်တိုင်း မည်သည့် နေ့ရက်တွင်မဆို ရစရာရှိသည့် ပင် စင်ကို ထုတ်ယူ၍ ရသည်။ လဆန်း ရက်များဆိုလျှင် ၅ မိနစ် ၁ဝ မိနစ် ခန့်သာ ကြာတတ်ပြီး၊ ဘဏ်သို့သီး သန့် တစ်ခေါက်လာကာ စာအုပ် တင်ရန်၊ တိုကင်ယူရန်လည်း မလို တော့ပါ။

သို့သော် လတစ်လအတွက် ပင်စင်ထုတ်ယူခွင့် စရသောရက် များ (လတစ်လ၏ ၂၆ ရက်၊ ၂၇ ရက်)တွင် ဘဏ်များ၌ ပင်စင်စား တို့ဖြင့် စည်ကားဆဲ စည်ကားမြဲ၊ တိုး ဝှေ့ဆဲတိုးဝှေ့မြဲပင် ဖြစ်နေသည်။ တစ်ပတ်လောက်နေပြီး နောက်လ ဆန်းရက်များမှ သက်သောင့်သက် သာလာထုတ်လျှင် ရရက်သားနှင့် အဘယ်ကြောင့် အရင် အတိုင်း စည် ကားတိုးဝှေ့နေကြသနည်း။ သူတို့ တတွေ ပင်စင်ထုတ်သည့် ပုံစံတွေက သူတို့မိသားစု သို့မဟုတ် သူတို့မှီခို နေရာ မိသားစု၏ နောက်ခံစီးပွား ရေး အနေအထားတို့နှင့် ဆက်နွှယ် မှုရှိနေနိုင်သည်ဟု ကိုအိမ့်မှူး သုံး သပ်မိသည်။ ဝင်ငွေမြင့်မားသည့် မိသားစုများမှ ပင်စင်စားများကို အသာ ထားလိုက်ဦး၊ ဝင်ငွေ အလယ် အလတ် ရှိပြီး လူနေမှုမြင့်သည့် မိသားစုများမှ ပင်စင်စားများသည် ပင်စင်လစာကို လေးငါးလစာ စုပြီး မှထုတ်လေ့ ရှိကြပြီး၊ ဘဏ်တွင် လူ ရှင်းတတ်သည့်နေ့များတွင် အေး အေးလူလူ လာထုတ် တတ်ကြသည်။ ဝင်ငွေနည်းပါး သည့် မိသားစုများ နှင့် ဝင်ငွေ အလယ်အလတ်ရှိသည့် အချို့သောမိသားစုများမှ ပင်စင် စားအများစုမှာမူ တစ်လတစ်ခါ ပင်စင်ထုတ်ယူလေ့ရှိကြပြီး ထိုလ အတွက် ပင်စင် စထုတ်ပေးသည့် ရက်မှာပင် လာရောက်ထုတ်ယူလေ့ ရှိကြသည်။

လခစားဝင်ငွေ များဖြင့် ရပ် တည်နေကြသည့် အဆိုပါ မိသားစု တို့တွင် လကုန်ခါနီး ၁ဝ ရက်ဝန်း ကျင်သည် ငွေကြေးကျပ်တည်းလေ့ ရှိကြသည်။ ထိုအတွက်ကြောင့် လကုန်ခါနီးတွင် ထုတ်ယူခွင့်ရသော ထိုပင်စင် လစာငွေလေးက မိသားစု အတွက် ကောက်ရိုးမျှင် တစ်မျှင်ပင် ဖြစ်သည်။ ”ထုတ်ထားတဲ့ ပင်စင် ငွေလေးက လျှပ်စစ်မီတာခ ဆောင် ပြီး လေးငါးရက်စာ အိမ်စရိတ်လေး ကာမိတာ မို့လို့ အမေ့ကို တစ်လ တစ်ခါပုံမှန်ပဲ ပင်စင်သွားထုတ်ခိုင်း နေရတာ၊ အမေ ပင်ပန်းတာတော့ ရှိတာပေါ့၊ ပိုတာလေး ကတော့ ဆေး ဖိုးလေးနဲ့ လိုတာသုံးဖို့ အမေ့လက် ထဲပဲ ပြန်ထည့်ပေးပါတယ်”ဟု ဆင် ခြေဖုန်းရပ်ကွက်တစ်ခုမှ အိမ်ထောင် ရှင်မတစ်ဖြစ်လဲ ဝန်ထမ်းတစ်ဦးက ပြောပြဖူးသည်ကို ကိုအိမ့်မှူး ပြန် အမှတ်ရမိသည်။

ဒီလောက်ဆိုရင် ကိုအိမ့်မှူး တွေ့ခဲ့သည့် ထိုအမျိုးသမီးကြီး ၏ မိသားစုသည် ဝင်ငွေနည်းပါးသည့် မိသားစုမျိုး သို့မဟုတ် ဝင်ငွေ အလယ်အလတ် ရှိသော်လည်း လူ နေမှုအဆင့် မမြင့်နိုင်သေးသည့် မိသားစုမျိုး ဖြစ်လိမ့်မည်ဆိုတာကို မှန်းဆနိုင် လိမ့်မည်ဖြစ်သည်။ သူ့ ပြောစကားအရ ပင်စင်လာထုတ် သည့် ခရီးစရိတ် ကားငှားခသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်လို့နေသည်။ ၄င်းကားငှားခ စရိတ်သည် သူ့ပင်စင်တစ်လစာ၏ ၆ ရာခိုင်နှုန်း မှ ၁ဝ ရာခိုင်နှုန်းအထိ ကျသင့်နေ၍ သူ့အနေနှင့် နေပူပူ အောက်တွင် ကားငှားခကို ရသမျှ ဈေးဆစ်နေခြင်းအား စာနာနား လည်ပေးနိုင်သည်။ တစ်လတစ်ခါ လည်းမထုတ်လို့ မဖြစ်၊ ကျန်းမာရေး အခြေအနေ အရလည်း လိုင်းကား နှစ်ဆင့်ပြောင်းစီးပြီး အသွားအပြန် လုပ်လို့ မဖြစ်နိုင်။ ဒီတော့လည်း ကားခတစ်ထောင် သက်သာသည် ဖြစ်စေ တစ်ထောင့်ငါးရာ သက်သာ သည်ဖြစ်စေ၊ သက်သာသမျှ ငွေ ကြေးပမာဏသည် သူ့အတွက်တော့ တန်ဖိုး ရှိလှသည့် ငွေကြေးအသုံး စရိတ် တစ်ခုပင် ဖြစ်သည်။ ထိုသို့ ခရီးစရိတ်မှ ပိုထွက်လာမည့် ငွေကြေး ကို အခြားအကြောင်းအရာ တစ်ခုခု အတွက် ပြောင်းလဲသုံးစွဲနိုင်ရေးမှာ သူ့အတွက် အပူတစ်ခုဖြစ်နေနိုင် သည်။ ထိုအပူကို ငြှိမ်းနိုင်ဖို့ နေအပူ ကို အန်တုနေရတာဟု ကိုအိမ့်မှူး သဘောပေါက်လိုက်မိ သည်။

တကယ်တမ်းကျတော့ ဒီဘက် ခေတ်၏ ဘဏ်ဝန်ဆောင်မှု စနစ်နှင့် ဘဏ်လည်ပတ်မှု ပုံစံတို့သည် ခေတ် မီဆက်သွယ်ရေး နည်းပညာတို့နှင့် ပေါင်းစပ်လိုက်သော အခါ ပိုမိုလွယ် ကူမြန်ဆန်လာနေပြီ ဖြစ်သည်။ ဘဏ်ခွဲ တစ်ခုတွင် စာရင်းဖွင့်အပ်နှံ ထားသူတစ်ဦးသည် အဆိုပါဘဏ် ၏ အခြားဘဏ်ခွဲတစ်ခုမှနေ၍ ငွေ သွင်းငွေထုတ် လုပ်၍ ရနေပြီဖြစ် သည်။ ပင်စင်ထုတ်ယူမည့် သူများ အတွက်လည်း ၄င်းတို့နှင့် နီးစပ်ရာ ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ယူနိုင် မည့်စနစ်မျိုးကို ရှာဖွေ ကျင့်သုံး၍ ရနိုင်လိမ့်မည်ဟု ကိုအိမ့်မှူးတစ် ယောက် လူပြိန်းတွေး တွေးကြည့်မိ သည်။ ထိုအတွက် ပေးရမည့် ဘဏ်ဝန်ဆောင်ခဆိုသည်မှာလည်း ခရီးစရိတ်တွေ၊ သွားတာလာတာ ကြာချိန်တွေ၊ နေပူလွန်း မိုးသည်း လွန်းသည့်ဒဏ် ခံစားရမှု စသည် တို့နှင့် နှိုင်းယှဉ်လိုက်လျှင် ပြောပ လောက်သည့် ပမာဏ မဟုတ်နိုင် လောက်ပါ။ ကာယကံရှင်များလည်း မည်မျှ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြင့် ပင်စင်ထုတ်လာနိုင်မည်ကို စိတ်ကူး ကြည့်မိရုံနှင့် မုဒိသာပွား စရာပင်ဖြစ်သည်။

နိုင်ငံ့တာဝန်ကို ထမ်းရွက်ပေး ခဲ့ဖူးကြသည့် အမှုထမ်းဟောင်းများ အား နိုင်ငံတော်က ပင်စင်လစာ ခံစား ခွင့်ပြုခြင်းမှာ သက်ကြီးနိုင်ငံ သား ပြည်သူ့ ဝန်ထမ်းဟောင်းများကို ကြည့်ရှု စောင့်ရှောက်ပေးနေခြင်း ဟု ကိုအိမ့်မှူးက နားလည်ထား သည်။ တစ်နည်းအားဖြင့် ဆိုသော် သက်ကြီး နိုင်ငံသားများ၏ အပူမီး တချို့  ငြိမ်းနိုင်စေရန် နိုင်ငံတော်က နိုင်သလောက် အားနှင့် ထောက် ပံ့ပေးထားခြင်း ဖြစ်သည်။ ယခု လက်ရှိ ပင်စင်လစာများကို ထုတ် ပေးနေသောပုံစံသည် သက်ဆိုင်ရာ အဖွဲ့အစည်းများက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လွှမ်းခြုံကြည့်ပြီး မေခရိုအဆင့် အဖြစ် စဉ်းစားတာ မျိုးဖြစ်နိုင်သည်။ ကိုအိမ့်မှူးကတော့ သူ အမှတ်မထင် တွေ့ခဲ့ရသူ ပင် စင်စား သက်ကြီး နာမကျန်းသူတစ်ဦး နှင့် ဆက်စပ်ပြီး အတွေးပွား စဉ်းစား မိသည်ဖြစ်၍ မိုက်ခရိုတော်တော် ဆန်နေသလို ရှိသည်။ ဒါတွေကို ကိုအိမ့်မှူး အတော်အတန်တော့ နားလည်ပါသည်။ သို့သော် ထို ယောဂီဝတ်အမျိုးသမီးကြီး၏ အပူ မျိုးကို ငြိမ်းစေနိုင်မည့် နည်းလမ်း ကို ရှာဖွေဖော်ဆောင် ကျင့်သုံးပေး စေလိုသောဆန္ဒမျိုး ဖြစ်မိပါသည်။ အဲဒါသည်လည်း သက်ကြီးနိုင်ငံသား တို့အတ (Social Welfare for Senior Citizens) ကို ပံ့ပိုးဆောင်ရွက်ပေးခြင်းပင် မဟုတ် ပါလား။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*