စာပြင်ဆရာ

စာပြင်ဆရာ
May 16, 2017 Asian Fame

4:38 pm
စာပြင်ဆရာ

proofကျွန်တော်ငယ်ငယ်တုန်းက စာပြင်ဆရာ ဆိုတာကို နားလည်လွဲ ခဲ့ဖူးတယ်။ ဘာဖြစ်လို့၊ ဘယ်လို အခွင့်အရေး မျိုးရှိလို့ စာကို ပြင်နိုင် ရတာလဲ ဆိုတဲ့ မေးခွန်းပဲ။ စာ-အရေးအသား ကို သူတို့က ဘာလို့ ပြင်ရတာတုန်း ဆိုတာပါပဲ။ နောက် တော့မှ စာပြင်ဆရာ ဆိုတာ ဘာ ရယ်လို့ နားလည်လာတယ်။ နား လည်လာရတာကလည်း အဖေ့ ကျေးဇူး နဲ့မကင်းဘူး။ အဖေ့မှာ ပုံ နှိပ်တိုက် လုပ်ငန်းလည်း ရှိတယ်။ အဓိက ကတော့ သူ့စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တာတွေ ရိုက် ဖို့ပဲ။ စက်ခြောက်လုံးရှိတယ်။ လေး လုံးက အရောင်ရိုက်တဲ့ စက်က လေးတွေ၊ နှစ်လုံးက စာဖောင်ကြီး တွေရိုက်တာ။ စာဖောင်ကြီးတွေ ဆိုတာက စာအုပ်တို့ ဂျာနယ်တို့ ရိုက်တာ။ အဖြူအမည်း သက် သက်ပဲ။ စက်ကြီးလို့ ခေါ်တတ်ကြ တယ်။

အဲဒီစက်ကြီးတွေမှာက စာ အုပ်တို့၊ ဂျာနယ်၊ မဂ္ဂဇင်း တို့လိုမျိုး တွေရိုက်တယ်။ အထူးသဖြင့် တခြား ပုံနှိပ်တိုက်တွေမှာ သူတို့ စက်ပျက်လို့ ပဲဖြစ်ဖြစ်၊ အလုပ် မနိုင်လို့၊ အရေးတကြီး လိုအပ် လာလို့ ဖြစ်ဖြစ်၊ ရိုက်ပေးရတာတွေ များတယ်။ ”ကြား ဖောင်တွေ” လို့ ခေါ်တတ်ကြတယ်။ အဲဒီပုံနှိပ်တိုက် တွေမှာ ပုံနှိပ်ရုံလောက်ပဲ ကျန် တော့တဲ့ ပုံနှိပ်ဖို့ အသင့်ဖြစ်နေတဲ့ စာဖောင်တွေကို ပုံနှိပ်ပေးရတာ။ အဲဒီတစ်ကြောမှာက ပုံနှိပ်တိုက် တွေလည်း ရှိတယ်။ ဦးညိုမြတိုက် (သင်းမာလာဘီယာ ဆိုင်နံဘေး နားတင်ထင်တယ်)၊ ချင်းတွင်း တိုက်တို့ကတော့ အနီးဆုံးဖြစ် တော့ ကြားဖောင်တွေ ရောက်လာ တတ်တယ်။ ဖောင်လိုက်သယ် လာပေးတော့ စက်ပေါ်တင် ရိုက် လိုက်ရုံပဲ။ ပုံနှိပ်တိုက်မှာ စာပြင် ဆရာ သုံးလေးယောက် အမြဲရှိ တယ်။ ဒီကြားဖောင်တွေကို သူတို့က ဘာမှ လှည့်ကြည့်စရာ မလိုဘူး။ ဒါပေမယ့် ပုံနှိပ်တိုက်မှာ ရိုက်ဖို့ စာစီပေးတဲ့ ဟာတွေကိုပဲ သူတို့ ဖတ်ပြီးပြင်ရတာ။ တချို့ ကြားဖောင် တွေကတော့ အစ အဆုံး လုပ်ပေးရတယ်။ အစအဆုံး ဆိုတာက စာစီတာက အစ ပုံနှိပ် ပြီးတဲ့အထိပဲ။ စာစီတဲ့ခုန်ကလည်း နှစ်ဆယ်လောက် ရှိတယ်။ စာစီ သမားက ငါးယောက် ခြောက် ယောက်လောက် အမြဲရှိတယ်။ လိုလာရင် နေ့စားငှား လို့ရတယ်။ အဖေကတော့ သူ့ပုံနှိပ်တိုက်က စာပြင်ဆရာကြီးတွေဟာ ပုံနှိပ် လုပ်ငန်းရဲ့ သိက္ခာတစ်ရပ်လို့ မြင် တယ်။ သူတို့မကျေနပ်ရင် စက်တင် ပုံနှိပ်လို့မရဘူး။ စာပြင်ဆရာကြီး တွေမှာ ဗီတိုရှိတယ်။

စာပြင်ဆရာကြီးတွေဟာ လူ ပြန်တော်တွေချည်းပဲ (လူပြန်တော် ပါ။ လူပျံတော် မဟုတ်ပါ။ သင်္ကန်း ဝတ်ဘဝကနေ တရားနည်းလမ်း တကျ လူပြန်ဖြစ်လာလို့ လူပြန် တော်လို့ ခေါ်တာပါ)။ ဒီတော့ လည်း မြန်မာစာ၊ သဒ္ဒါဆိုတာက မပိုင်စရာ မရှိဘူး။ တချို့ စာပြင် ဆရာကြီးတွေဟာ စာပြင်ဆရာ ဘဝနဲ့ အရိုးထုတ်သွားတော့တာပဲ။ အဖေက ပုံနှိပ်တိုက်ကို လာတိုင်း စာပြင် ဆရာကြီးတွေကို လက်ဖက် ရည်တွေ၊ မုန့်တွေ မှာကျွေးပြီး အတော် ကြာအောင် စကားပြော တယ်။ ရံဖန်ရံခါ ကျွန်တော့်ကို နားထောင်ခိုင်းတယ်။ ငါးတန်း ရောက်ကာမှ မြန်မာစာ စသင်ရ တော့ ဒီ စာပြင် ဆရာကြီးတွေနဲ့ အဖေတို့ပြောတဲ့ မြန်မာ စကားဟာ ဆန်းနေသလိုပဲ။ အထက်တန်း ကျောင်းသားဘဝမှာမှ ဒီဆရာကြီး တွေဆီက ရနိုင်တာ၊ ကိုယ်လက် လှမ်းမီနိုင်တာလေးတွေ ယူရ တယ်။ မြန်မာ စကား၊ မြန်မာစာဆို ပေတဲ့ မြန်မာစကား၊ မြန်မာစာထဲ မှာ အသုံးအနှုန်း ကွာတာတွေ တွေ့လာရတယ်။ အယဉ်သုံး၊ အရိုင်းသုံး ဆိုတာမျိုး ကအစ ရုံးသုံး၊ အရပ်သုံး ကွဲတာမျိုးတွေ သိလာရတယ်။ ဒီအရင်ကဆို မြန် မာစကားမှာ မြန်မာစာ အရေးအ သားမှာ အဲဒီလိုကို ရှိမယ်လို့ မထင် ခဲ့ဘူး။ ငယ်စဉ် ကတည်းက သင်ခဲ့ ရတဲ့ အင်္ဂလိပ်စာ အရေးအသား၊ အပြောအဆို တွေမှာသာ ရှိမယ်လို့ ထင်ခဲ့တာ။ ကျွန်တော့်ရဲ့ မြန်မာစာ အရေး အသားနဲ့ အပြောအဆိုမှာ ဝိစ္ဆာအသုံးများ တာဟာ အဲဒီ စာပြင်ဆရာကြီးတွေဆီက ရခဲ့တဲ့ အလေ့အကျင့် တစ်ခုပဲ။ ဘယ်လို ရေးရင် ဝိဘတ်ကိုချေပြီး ပုဒ်ချင်း တွဲ သုံးနိုင်တယ် (သမာသ်လို့ ခေါ် တယ် ထင်တယ်။ အသေအချာ တော့လည်း မမှတ်မိတော့ဘူး) ဆို တာမျိုးတွေ သိလာခဲ့ရတာပါ။

အဖေ့ မိတ်ဆွေ၊ ဆင်း(ဒ)ဝတ် လမ်းထဲ မှာနေတဲ့ အန်ကယ်ဦးသံ ဒိုင်က မိုးကုတ် ဝိပဿနာ အားသန် တယ်။ ဒီတော့ မိုးကုတ်ဘုန်းကြီးရဲ့ စာအုပ်တွေကို အဖေ့ ပုံနှိပ်တိုက်မှာ ရိုက်လေ့ရှိတယ်။ စာအုပ်ကလည်း အရောင်းသွက်ပုံ ပေါ်တယ်။ ရံဖန် ရံခါတစ်ပြိုင် တည်း သုံးလေးအုပ် ရိုက်ရတယ်။ ဒီတော့ အိမ်နဲ့လှမ်း တဲ့ စာပြင် ဆရာကြီးတွေ အဖို့ ပုံ နှိပ်တိုက်မှာပဲ ညအိပ်ညနေ နေကြ ရတယ်။ မိုးကုတ် ဝိပဿနာအပြင် တခြား ဘာသာရေး အခြေခံစာ အုပ်တွေလည်း ရိုက်တယ်။ ဒီအပိုင်း မှာတော့ စာပြင်ဆရာကြီးတွေ အတွက် မခက်လှဘူး။ ခက်တာ က ဂျာနယ်မဂ္ဂဇင်း တစ်ခုခုရဲ့ ကြား ဖောင်ကို စီ ရိုက်ရိုက်ရမယ့်အခါ မျိုးမှာ စာပြင် ဆရာကြီးတွေ မျက်စိ နဲ့ အမြီးအမောက်မတည့်တာတွေ တိုးတတ်တယ်။ အငြင်းပွားစရာ တွေ ဖြစ်ကြရတယ်။ ဒီတော့ ကြား ဖောင်စီရိုက်ဖို့ လာအပ်ရင် စာစီပြီး တာနဲ့ အပ်တဲ့လူဆီက လူလွှတ်ပြီး ဂလီပရု(ဖ) Galley-Proof လာ ဖတ်ခိုင်းရတယ်။ မဟုတ်ရင် ဆန်း ကျွမ်းတဲ့ စာပြင် ဆရာကြီးတွေ လက်ထဲမှာ မြို့ပြခံစားမှု ကဗျာဟာ သေဒဏ် ကျသွားနိုင်တာကိုး။

ဂလီပရု(ဖ) အကြောင်း သိလာကာမှ ‘စာပြင်ဆရာ’ ဆိုတဲ့ အနက်ကို အတော် သဘောပေါက် လာရတယ်။ တကယ်တော့ အင်္ဂလိပ်လိုခေါ်ရရင် ဏမသသ်ျွနေိနမ တွေပဲ။ သူတို့က စာစီရာ မှာ မှားတဲ့အမှားကို ကြည့်တာ။ မူ ရင်း အရေးအသားကို ပြင်တာမ ဟုတ်ဘူး။ ဒါပေမယ့် မူရင်းအရေး အသားထဲမှာကို နေရာမကျတာ တွေ ပါနေတတ်တယ်။ ဥပမာ တစ်ယောက်ယောက် က ဟောတာ ပြောတာကို လက်ရေးနဲ့ လက်ရေး တိုနဲ့ တစ်မျိုးမျိုး နဲ့မှတ်ပြီး ပုံနှိပ်ဖို့ အပ်တာမျိုးတွေ။ ဘုန်းကြီးပြော ဘုန်းကြီးဟောမှာ နိုင်ငံရေး သမား လေ ဝင်နေတာမျိုး။ ဒီလိုဖြစ်နေရင် စာပြင် ဆရာကြီးတွေက အလုပ် အပ်တဲ့လူကိုခေါ်ပြီး ဆွေးနွေးရ တော့တာပဲ။ မြန်မာပြည်က ပုံနှိပ် တိုက်တွေမှာ (အရင်က) ရှိခဲ့တဲ့ စာပြင် ဆရာကြီးတွေ ဆိုတာက တော့ အရေးအသားကိုပါ ပြင်ပေး တတ်ကြတယ်။ နားလည်မှုလွဲပြီး ရေးထားတာမျိုး။ စာ အသွားအ လာ အဆင်မပြေ ဖြစ်နေတာမျိုးတွေ ကို ပြင်လေ့ရှိတယ်။ ပြင်တယ်ဆို ပေမယ့် ပြင်တဲ့ အရည်အချင်း ရှိကြ လို့ ပြင်တာပဲ။ တကယ်တော့ အခု ခေတ်ကာလ မှာလည်း အဲဒီလိုမျိုး လူတွေ လိုနေသေးတာပဲ။ ကွန်ပျူ တာ စာပြုခေါ်သလား (ဘာခေါ် တယ်တော့ အသေအချာ မသိဘူး)။ အဲဒီလူတွေ ပေါ်လာတော့ အတော့် ကို ဆိုးဆိုးရွားရွားတွေ ဖတ်လာရ တယ်။ ကျွန်တော် တစ်ယောက် တည်း မဟုတ်ဘူး။ စာကို အသေ အချာဖတ်တဲ့ လူတိုင်းမှာ ကြုံတွေ့ခဲ့ ရတဲ့ ပြဿနာ တစ်ခုပဲ။ ကွန်ပျူတာ ရိုက်ရင်း သူတို့ထင်တာ ရိုက်ထည့် လိုက်တာတွေ တွေ့ရ၊ ဖတ်လာရ တယ်။ မြန်မြန်စာစီ။ မြန်မြန်ပုံနှိပ်၊  မြန်မြန်ရောင်း စနစ်ထွန်းကားလာ လို့ပဲလားတော့လည်း မသိဘူး။ ဒီ့အပြင် စာပြင် ဆရာ (စပယ်ရှယ် လစ်) တွေ ပျောက်ဆုံး လာလို့လား တော့ မသိဘူး။ ပုံနှိပ်ထုတ်ဝေသူ တွေကိုယ်တိုင် ပရုဖတ်နေကြရပုံ ပေါ်တယ်။

ပိုမိုဖွံ့ဖြိုးတဲ့ အရပ်တွေမှာ စာ ပြင်ဆရာအပြင် အယ်ဒီတာ အမျိုး မျိုးရှိတယ်။ ပညာရပ် ဆိုင်ရာတွေ မှာဆို ပိုဆိုးတယ်။ ပိုဆိုးတယ်လို့ ဆိုရတဲ့ အချက်တစ်ခုက ပညာရပ် ဆိုင်ရာ အရေးအသားဆိုတာ ရေး ပုံရေးနည်းတွေ ရှိနေလို့ပဲ။ ပညာ ရှင်၊ ပညာရှိ စာရေး ဆရာကြီးတွေ မှာ သူတို့စာကို တည်းပေးတဲ့ လူ တွေရှိကြတယ်။ ဒီလူတွေက ပညာ ရှင်၊ ပညာရှိကြီးတွေ ရေးပုံရေး ပေါက်ကို ပညာရပ်ဆိုင်ရာ အရေး အသားဘောင်ထဲ ဝင်အောင် ပြန် ထည့်ပေးနိုင်တယ်။ တချို့က ဘာ သာရပ်ဆိုင်ရာ ဆီလျော် အပ်စပ်မှု တွေကိုပါ ကြည့်ပေးတယ်။ သူတို့ က မူရင်း ရေးသားတဲ့ ပညာရှင်၊ ပညာရှိကြီးတွေနဲ့ ပြန်ညှိတယ်။ ဒီ အထိ ပညာရှင်၊ ပညာရှိကြီးတွေရဲ့ အရေးအသားဟာ ပညာရပ်ဆိုင် ရာ ဂျာနယ်ဆီ မရောက်သေးဘူး။  ဂျာနယ် ဆီရောက်မှ အဲဒီက အယ် ဒီတာတွေက ဖတ်တယ်။ ညှိတယ်။ ဆွေးနွေးတယ်။ အဲဒီကမှ ပုံနှိပ် တိုက်ရောက်တာ။ ပုံနှိပ်တိုက်ကျ တော့ အကြမ်း ထွက်လာတာကို ပရု(ဖ်)ရီဒါတွေက ဖတ်တော့တာပဲ။ အဲဒီလူတွေ ကလည်း တစ်သက်လုံး နီးပါး ဒီအလုပ်ကို လုပ်လာကြတာ ဆိုတော့ အဆီအငေါ် မတည့်တာ တွေ တွေ့လာတတ်တယ်။ ဒီလိုဖြစ် လာရင် အဲဒီ ပညာရပ် ဆိုင်ရာ အ ရေးအသေားခမျာ လာလမ်းအ တိုင်း တစ်ဆင့်စီ နောက်ကိုပြန်ပြီး ချီတက်ရတော့တယ်။ ပယ်တာမ ဟုတ်ဘူး။ ပရု(ဖ)ရီဒါ စာပြင်ဆရာ ကျေနပ်အောင် ရှင်းပြနိုင်ဖို့ပဲ။ ပရု(ဖ)ရီဒါ မကျေနပ်မချင်း ပုံနှိပ် လို့ မရနိုင်သေးဘူး။

ကျွန်တော် အဓိက ဆိုချင်တာ စာပြင်ဆရာတွေရဲ့ လိုအပ်မှု သ ဘောပဲ။ စာပြင်ဆရာတွေဟာ ဘာ သာစကားနဲ့ ဘာသာရပ်ကို နှစ်ခု စလုံး ပိုင်ကြတယ်။ ဘာသာရပ်/ ပညာရပ် ဆိုတာကတော့ တတ် ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိလို့ရတယ်။ ဘာသာစကား အပိုင်းကတော့ စာ ပြင်ဆရာ ကိုယ်တိုင် တတ်မှ။ သူ့ မှာ လုပ်ပိုင်ခွင့် ရှိမှ။ ဒီဘက်ခေတ် တွေမှာတော့ မြန်မာပြည် စာအုပ် ထုတ်ဝေရေးမှာ စာပြင်ဆရာ ရှား ပါးလာပုံပေါ်တယ်။ ရှိလည်း ဘာ သာရပ်၊ ပညာရပ် အကြောင်းအ ရာပိုင်းမှာ အထိုက်အလျောက် နွမ်းပါးကြပုံ ပေါ်တယ်။ တစ်ချိန် တည်းမှာပဲ မြန်မာဘာသာ စကား အသုံးအနှုန်း မှာလည်း သီကာ ရီ ကာလောက်ပဲ။ ကွန်ပျူတာ သုံးပြီး စာစီရာမှာတော့ ပြန်ပြင်ဖို့လည်း ဝန်လေးကြပုံပေါ်တယ်။ ပိုလွယ် လာတဲ့ အခါကျကာမှ ပိုပျင်းလာကြ ပုံပဲ။ ကွန်ပျူတာ နဲ့ရိုက်ပြီးပြီ ဆိုရင် ပြန်စစ်စရာ မလိုတော့ဘူးလို့ လက် ခံလိုက်ကြပုံ ရတယ်။ တချို့ ကွန်ပျူ တာ စာစီဆိုတာကလည်း စာရေးတဲ့ လူကို ထည့်စဉ်းစားပုံမရဘူး။ သူ တို့ထင်ရာ ကြိတ်ထည့် လိုက်တာပဲ။ တစ်ခါက ကျွန်တော့် ဆောင်းပါး တစ်စောင်မှာ ”စဉ်ဆက် ‘ပြတ်’ ဖြစ်ပေါ်မှု” လို့ ရေးလိုက်တာကို ”စဉ်ဆက် ‘မပြတ်’ ဖြစ်ပေါ်မှု” လို့ ပြင်လိုက်တာ ဖတ်ရတယ်။ သွားက ရော။ ဘာအဓိပ္ပာယ်မှ မရှိတော့ ဘူး။ နောက်တစ်ခါကတော့ ‘သွာ ဟာ’ လို့ ရေးတာကို စေတနာပိုပြီး ဝစ္စပေါက် ထည့်ပေးလိုက်တော့ ‘သွား ဟာ’ ဖြစ်သွားပါလေရော။ အ တွေ့အကြုံရှိတဲ့ စာပြင်ဆရာ မရှိ တာလည်းပါတယ်။ ‘သွာဟာ’ ဆို တာက ကောင်းကျိုးချမ်းသာ ဖြစ် ပါစေသတည်းလို့ ဆိုလိုတာ။ ‘သွား ဟာ’ ဆိုတာက တော့ အားလုံးသိ ကြတဲ့အတိုင်း ‘သွားဟာ’ ပဲ။ ဆို လိုရင်းခမျာမှာတော့ သီခေါင်ထိုး အောင် ဝေးသွားတယ်။ ဒီလိုမျိုး အမှားတွေကတော့ အပုံကြီး။

ကျွန်တော် အဓိက ဆိုချင်တာ တော့ စာအုပ် ထုတ်ဝေးရေးလုပ် ငန်းတွေ ပေါလာတဲ့ ကာလမှာ စာ ပြင်ဆရာတွေ ရှိနေဖို့လည်း လို အပ်တယ်ဆိုတာပါ။ အချိန်ပြည့် မ ဟုတ်တောင် အချိန်ပိုင်း အနေနဲ့ တော့ ရှိနေတယ်လို့ ထင်တာပဲ။ တစ်ခုပဲ ပြဿနာ ရှိတယ်။ စာပြင် ဆရာကိုယ်တိုင်က ဘာမှ မတတ် တော့လည်း ဘာမှ မတတ်ရင် တော့လည်း ဘာမှ တတ်နိုင်မယ် မထင်ဘူး။ ဥက္ကဋ္ဌကြီး ‘မှ’ မိန့် ခွန်းပြောကြားပေးပါရန် ဆိုတဲ့ အသံတွေကို တရားဝင် ကြားနေရ တာကိုသာကြည့်။   ။

မြင့်သန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*