နှလုံးသား၏ အမှောင်ခြမ်း

နှလုံးသား၏ အမှောင်ခြမ်း
May 4, 2017 Asian Fame

2:36 pm
နှလုံးသား၏ အမှောင်ခြမ်း

Kyunit_Articleအချို့သော သမိုင်းပညာရှင် များက ကမ္ဘာမြေတွင် မနုဿ လူသားများ ပေါ် ပေါက်ရှင်သန် လာကြသည်မှာ ခရစ်တော် မပေါ်ထွန်းမီ ကာလ BC နှစ်တစ်သန်း လောက် ကဖြစ်မည်ဟု ခန့်မှန်းထားကြသည်။ သို့ဆိုလျှင်…မနုဿ လူသားတို့၏ သက် တမ်းသည် နှစ်တစ်သန်းနှင့် ထောင်စုနှစ် ၂ စုကျော်ခဲ့ပြီ ဟုဆိုနိုင်ပါသည်။ ထိုမျှရှည် လျားကြာမြင့်သော ကာလအတွင်း မနုဿ လူသားသည် ညာလက်ဖြင့် ကမ္ဘာမြေကို လှပသာယာအောင် ဖန်တီးခဲ့ပြီး ဘယ်လက် ဖြင့် အကျည်းတန်အောင် လုပ်ကြံ ဖျက်ဆီး နေသည်မှာ.. မနုဿ လူသားသည် မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် ကိုင်စွဲထားသော ရယ်ရွှင်ဖွယ် (သို့မဟုတ်) အော့နှလုံးနာဖွယ် သတ္တဝါ တစ်ကောင်နှင့် တူသယောင်ယောင် ဖြစ်နေသည်ဟု ကျွန်တော်ထင်သည်။

ဘာသာတရား ရှုထောင့်မှလည်းကောင်း၊ အတွေးအခေါ် ပညာ ရှုထောင့်မှလည်း ကောင်း၊ စိတ်ပညာဒဿန ရှုထောင့်မှ လည်းကောင်း သုံးသပ်ခဲ့ကြသည်မှာ လူ တွင် စိတ်ကောင်းနှင့် စိတ်ယုတ် (ကုသိုလ် စိတ်နှင့် အကုသိုလ်စိတ်) နှစ်မျိုး ဒွန်တွဲဖြစ် တည်နေသည်။ အချို့လူတို့တွင် စိတ်ကောင်း က အားသာပြီး စိတ်ယုတ်သည် ရှေ့တန်းသို့ တစ်ခါတစ်ရံမှသာ ထွက်လာတတ်သည်။ အချို့ လူတို့မှာမူ မွေးရာပါ စိတ်ယုတ်ကသာ အချိန်အများဆုံးလွှမ်းမိုးနေရာ စိတ်ကောင်း သည် ရှေ့ဆောင်ပေါ်ထွက်ရန် အခွင့်မသာ ဘဲ ငုံ့လျှိုးလျက်သာ နေသွားရသည် ဟူ၍ ဖြစ်သည်။ ခြွင်းချက် ဆိုရလျှင် ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ သူတော်စင် ယောဂီများတွင် အကြွင်းမဲ့ စိတ်ကောင်း နှလုံးကောင်းတို့သာ ဖြစ်တည်စွဲမြဲလျက် ရှိကြသည်။ အကြွင်းမဲ့ စိတ်ကောင်း နှလုံးကောင်း ရှိသူများသည် ပုထုဇဉ် လူသားများကို လမ်းညွှန်မှုများသာ ပေးအပ် သွန်သင်နိုင်သည်။ စိုးမိုးချုပ်ကိုင် နိုင်ခြင်းမရှိ။ တစ်နည်းဆိုသော် လောကီ အရှုပ်အထွေး၊ အညစ်အကြေး များနှင့် အ ဝေးဆုံး နေရာမှာသာ အထူးခြားဆုံး ဖြစ် တည်မှုဖြင့် မွေ့လျော်ကြသည်။ လောကီလူ့ ဘောင် ကို စိုးမိုးချုပ်ကိုင်ဖို့ ကြိုးစားနေကြသူ များမှာ သူတော်စင် များမဟုတ်။ အလို လောဘကို အားထားသော လောကီလူ သား ပုထုဇဉ် များချည်းသာ ဖြစ်ကြသည်။ သက်ရှိလူသား အသိန်းအသန်းများစွာ လှုပ်ရွတွန်း ထိုး၍ မိမိတို့၏ အလိုလောဘ ပြည့်မြောက်ရေး အတွက် စစ်ဆင်နေသော ကမ္ဘာ လောကကြီးသည် မည်သို့လျှင် ပကတိ ငြိမ်းချမ်းခြင်းဖြင့် သာယာ လှပနိုင်ပါအံ့နည်း။

ကျွန်တော် နိဒါန်း ချီခဲ့သမျှမှာ ရှေးက ဆရာအချို့၏ အတွေးအယူများကို ဆင့် ပွားထားခြင်းမျှ သာဖြစ်ပါသည်။ သတ္တလော ကတွင် မနုဿလူသားသည် အသိဥာဏ် အမြင့်မားဆုံး ဖြစ်သလို၊ ဤမြေကမ္ဘာကြီး ကို နေချင့်စဖွယ်ဌာန တစ်ခုဖြစ်အောင် ကြံ ဆ တွေးတော၍ လက်တွေ့ တည်ဆောက် အပြနိုင်ဆုံး လည်းဖြစ်၏။ တစ်ဖက်၌ ကလေးဆိုး တစ်ယောက် မိမိ၏ ကစားစရာ အရုပ်ကို ပြန်လည် ရိုက်ချိုးဖျက်ဆီး ပစ်သလို ကမ္ဘာမြေကြီးကို အလုံးစုံ သက်မဲ့သောဂြိုဟ် သေတစ်လုံးလို ဖြစ်သွားအောင်လည်း လုပ် ဆောင်နိုင်သူ ဖြစ်နေပြန်သည်။ လူဟူသည် တောတွင်း သားရိုင်း တိရစ္ဆာန်ကြီးအချို့ ထက်ပင် ရက်စက် ကြမ်းကြုတ်သည့် နေရာ တွင် အသာစီး ယူနိုင်ကြောင်း ဤသမိုင်း အဆူဆူက သက်သေခံလျက် ရှိနေကြပြီ။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ ဟိုတစ်ကွက် သည်တစ်ကွက် အလျင်မပြတ် ထတောက် နေကြသော စစ်မီးလျှံ စစ်မီးစွယ်တွေက ဤကမ္ဘာမြေသည် သူရာနှင့် ထာဝစဉ်ထိ တွေ့နေရမှ မွေ့လျော်နိုင်သော ယစ်ထုပ် တစ်ဦးနှင့် တူ သယောင်ယောင် ရှိနေပြီ မဟုတ်ပါလော။

ရှေးကာလများက ဧကရာဇ်တို့ မိမိတို့ ၏ ဘုန်းလက်ရုံး အာဏာကို ထုတ်ဖော်ခင်း ကျင်းလိုလျှင် စစ်စည် စစ်မောင်းသံ တညံညံ၊ စစ်မာန်ဟုန်ဟစ်ကြွေးသံ မိုးလုံးလျှံလျက်၊ သံနှင့်သွေး တစ်သားတည်း လုံးထွေးသွား အောင် စစ်ခင်းကြသည်။ သေလျှင် မြေကြီး ရှင်လျှင် ရွှေထီးဖြစ်၍ ရည်ရွယ်ချက် ပြတ် သားသည်ဟု ဆိုနိုင်သည်။ ကျူးကျော်နယ် ချဲ့စစ်ကို ခုခံတွန်းလှန် စစ်ဖြင့် ရင်ဆိုင်အန် တုကြသည်။ ပါးကိုက်၍ နားကိုက်ခြင်းဖြစ် ရာ သဘာဝ ကျသည်။ နိုင်သူ အကုန်ယူ Winner takes all စနစ်ဖြစ်သည်။ ပသို့ဆို စေ စစ် ဆိုကတည်းက မေတ္တာ၊ ကရုဏာ ကင်းမဲ့မှုက ဖန်တီးပေးလိုက်သော အော့နှ လုံးနာစရာ အနိဋ္ဌာရုံ ဖြစ်ရပ်တွေ ပေါ်ထွက် လာရပြီ။ ထို့ကြောင့် လူသားထု တစ်ရပ်လုံး ကိုယ်စိတ် နှလုံးချမ်းသာ အေးမြရစေအောင် စစ်ပွဲတွေရပ်ဆိုင်းကြဖို့ တားမြစ် တောင်းပန် သံများပေါ်လာကြသည်။ အချို့ကတော့ စစ်ပွဲသည် မရှိမကောင်း၊ ရှိမကောင်းဟု ဆုတ်သာတက်သာ မယုတ်မလွန် ပြောလေ့ ရှိကြသည်။ နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်း တွင် အဖြေ မထွက်လျှင် စစ်မြေပြင်ကသာ အဖြေထုတ်ပေး လိမ့်မည်ဟု ယုံကြည်သူ များ ရှိကြသည်။ ထားလိုက် ကြပါတော့။ ကမ္ဘာပေါ်မှာ မတူကွဲပြားသော လူ့အဖွဲ့အ စည်း တွေ ရှိနေကြသရွေ့ စစ်ပွဲတွေကို ယတိ ပြတ်ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပါလေ။

ဓားလျှင်ဓားချင်း၊ လှံလျှင် လှံချင်း ယှဉ်ပြိုင် ထိုးခုတ်ရသော စစ်ပွဲမျိုးတို့သည် လိုလားဖွယ် မဟုတ်သည့်တိုင် နှလုံးနာစရာ မဖြစ်သေး။ လက်နက် ဆို၍ အပ်တိုကလေး တစ်ချောင်းပင် ကိုင်မထားသော အပြစ်မဲ့ အရပ်သားတို့ကို လက်နက်ကိုင်အုပ်စုကြီး က ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် အကြမ်း ဖက်ရုံမျှမက ‘ကျူးပင်ခုတ်၊ ကျူငုတ်မကျန် စေရ’ ဝါဒ ethnic cleansing ကျင့်သုံးပြီ ဆိုလျှင်တော့ နှိုင်းပြစရာ စကားဥပမာပင် ရှာ မတွေ့လောက်အောင် ကမ္ဘာလောက အမှောင်ကျ သွားပြီဟု ဆိုနိုင်သည်။

ထိုသို့သော အဆုံးစွန် အရိုင်းစိတ်ဝင် ခဲ့သည့် တုန်လှုပ် ချောက်ချားစရာ ဖြစ်ရပ် မျိုးများသည် သမိုင်းမတင်မီ ကာလက မည်ရွေ့မည်မျှ ရှိခဲ့ကြောင်း မည်သူမျှ မပြော နိုင်။ သမိုင်းတင် ပြီးကာလ ပေါ်ပေါက်ခဲ့ သော ဖြစ်ရပ်များထဲမှ အချို့ကို ကျွန်တော် တို့ သိခွင့် ရခဲ့ကြပြီ။ မည်ရွေ့မည်မျှ သမိုင်း တင်ခွင့်မရဘဲ မြုပ်ကွယ် ပျောက်ဆုံးခဲ့ကြ မှန်းမည်သူမျှ အပ်ကျမတ်ကျ မပြောနိုင်ပါ။ အချို့မျက်ရမ်းမှန်းဆ ပြောကြသလို ”ဤ ကမ္ဘာမြေတွင် လူသေ မမြှုပ်နှံဖူးသော နေရာမရှိ” ဟုဆိုသည့်အတိုင်း ဘယ်သူမျှ ရှာမတွေ့ သေးသော အဓမ္မ သတ်ဖြတ်မြှုပ် နှံခြင်းခံရသည့် ရုပ်အလောင်း အကြွင်းအ ကျန် အမှုန်အမွှား များသည် ကမ္ဘာမြေ နေရာအနှံ့မှာ နစ်မြုပ် ပျောက်ကွယ်နေ ကြမှာတော့ သေချာသည်။

ဂေါတမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် ကာလတွင်း မဇ္စျိမဒေသတွင် အမုန်းတရား အခြေပြုမျိုးတုံး သတ်ဖြတ်မှု ကြီးတစ်ရပ် ဖြစ်ပွားဖူးသည်။ ကျူးလွန်သူ ခေါင်းဆောင်မှာ သာဝတ္ထိပြည် ဘုရင် ‘ဝိဋ ဋူဘ’ ဖြစ်သည်။ သူသြဇာအာဏာ အရှိန် အဝါကြီးမားချိန်တွင် အတိတ်က အာဃာတ အငြိုးဖြင့် ကပိလဝတ်ပြည်မှ သာကီဝင်မှန် သမျှကို မျိုးတုံး သတ်ဖြတ်စေခဲ့သည်။ မြတ် စွာဘုရားရှင် တားမြစ်မေတ္တာရပ် သည်ကို ပင် ဝိဋဋူဘက လက်မခံဟု ဆိုသည်။ ကျွန် တော်ငယ်ငယ်က ဖတ်ခဲ့ ကြည့်ခဲ့ဖူးသော ပန်းချီရုပ်ပြ စာအုပ်ထဲတွင် ဝိဋဋူဘ သတ် ဖြတ်ပုံမှာ ကြမ်းကြုတ် ရက်စက်သည့် နေ ရာတွင် ဟစ်တလာ၏ နာဇီဖက်ဆစ် များပင် လျှင် လိုက်မီနိုင်မည် မဟုတ်ဟု ထင်သည်။ ကွင်းပြင်ထဲတွင် လူတွေကို ဦးခေါင်းပေါ်ရုံ အရှင်လတ်လတ် မြေမြှုပ်ထားသည်။ ထို့ နောက် သံထွန်သွားများ တပ်ဆင်ထားသော ထွန်တုံးများကို ပါးကွက်သားများက နွားဖြင့် မောင်းကာ လူခေါင်းတွေ ပေါ်နေရာ မြေ ပြင်တစ်ဝှမ်းမှာ ခပ်ကြမ်းကြမ်း ထွန်ယက်ကြ တော့သည်။ မည်သို့မည်ပုံ ဖြစ်ပျက်ကုန် မည်ကို မိမိတို့ဘာသာ တွေးကြည့်စေလို ပါသည်။ လူသား အချင်းချင်း ဤမျှလောက် ထိ ရက်စက် ကြမ်းတမ်းပုံမှာ ထိုခေတ်အခါ ကသာ ယခုခေတ်လို ‘ဂလိုဘယ် မီဒီယာ’ ရှိနေလျှင် တစ်ကမ္ဘာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။

လူလူချင်း အမုန်းတရား အခြေပြုသတ် ဖြတ်ခြင်းကို ယဉ်ကျေးသော လူ့အဖွဲ့အ စည်းတွင် ‘လူမျိုးနွယ်ကို ပြုန်းတီးစေသော ရာဇဝတ်မှုကြီး’ အဖြစ် သတ်မှတ်သည်။ သို့ရာတွင် ရှေးကာလကမူ လူသတ်မှုကျူး လွန်သူအား ‘သေစားသေစေ’ ပြစ်ဒဏ်ချ မှတ်သည်။ ခရစ်ယာန် အယူအရ An eye for an eye ဖြစ်သည်။ လက်စားချေ တုံ့ပြန် ခြင်းသာဖြစ်သည်။ ထိုရှေးဟောင်းခရစ် ယာန်တို့၏ သမ္မာကျမ်းစာလာ အယူကို ‘ဂျီးဆပ်ခရိုက်’ Jesus Christ ပေါ်ထွန်း လာပြီးနောက် ငြင်းဆိုဖြုတ်ပစ် လိုက်သည်။ ကျွန်တော်တို့ မြန် မာတွေ သိထားကြ သည်မှာ ‘ပါးကိုက်နားကိုက်’ အယူနှင့် ‘ပေ ဖြစ်ခံ၊ တူဖြစ် နှံ’ အယူ တို့ဖြစ်ကြသည်။ လက်စားချေ မူဝါဒသာ ဖြစ်ပါသည်။ ဗုဒ္ဓ ဘာသာဝင် ပုထုဇဉ်တို့သည် ကိုယ်ကအ ထက်စီးရ၍ လက်စားချေမည် ကြံတိုင်း ထိုအကျင့် အကြံ အပြုအမူကို ဗုဒ္ဓရှင်တော် ဘုရားက တားမြစ်ထားကြောင်း သတိရ သင့်သည်။ မြန်မာတို့ ဆိုရိုး ‘ပြုသူ အသစ်၊ ဖြစ်သူအဟောင်း’ ဟူသည်ကိုလည်း သတိရဖို့ ကောင်းသည်။ ‘လက်စားချေ ခြင်း’ မှာ ပြီးဆုံးရပ်တန့်ခြင်းမရှိ။ အပြန် အလှန် လက်စားချေနေ ကြခြင်းဖြင့် မဆုံး သံသရာ လည်နေမည်သာ ဖြစ်သည်။

ဝိဋဋူဘ မပေါ်ခင်ကာလများက လည်း သူ့လိုလူ သူ့ထက်ဆိုးရွားသော အ မုန်းတရား ပူးဝင်ခြင်းခံကြရသော လူရိုင်း တွေရှိခဲ့ဖို့ သေချာပါသည်။ ဝိဋဋူဘ ပေါ် ထွန်းခဲ့ပြီးနောက် နှစ်ပေါင်းထောင်ချီ၍ ကြာခဲ့သော အခါ ဝိဋဋူဘနှင့် မနီးရိုးစွဲအာ ဏာရှင် တစ်ယောက် ဘုန်းလက်ရုံး သြဇာ ဟုန်းဟုန်းတောက်ပြီး ဥရောပတိုက်မှာ ပေါ်ထွန်းလာခဲ့သည်။ အများ သိထားကြ ပြီးဖြစ်သည့် ဂျာမနီမှ နာဇီပါတီ အဓိပတိ အဒေါ့ဖ် ဟစ်တလာဖြစ်သည်။ စင်စစ် ဟစ်တလာ တစ်ဦးတည်းကွက်ကာ အပြစ် ဆို၍မရ။ သူ၏ လူယုံတော်နာဇီ ထိပ်သီး တွေ အများအပြား စိတ်တူ သဘောတူစု ဝေးဆုံးဖြတ်ပြီး ကျူးလွန်လိုက်သည့် အံ့မ ခန်းပြစ်မှုကြီး။ ကမ္ဘာ တည်သရွေ့ မ ပျောက်မပျက်၊ မမှိန်မလျော့ စွဲထင်နေ တော့မည့် သမိုင်းဆိုး သမိုင်းညစ် မျိုးတုံး သတ်ဖြတ်မှုကြီး။ မှတ်တမ်းများ အရမျိုး တုံးသတ်ဖြတ်ခံရသော ယေဝတီလူမျိုး ပေါင်းမှာ ၉ သန်း ဟုဆိုသည်။ ထိုစာရင်း တွင် ယေဝတီလူမျိုး စစ်စစ်တို့အပြင် ယေဝတီ သွေးစပ်ကပြား ဗဒ္ဓတ်တို့လည်း ပါဝင်ကြသည်။ ပိုလန်နိုင်ငံရှိ ယေဝတီ တွေက အများဆုံးဖြစ်ကြပြီး ဂရိ၊ ဟန်ဂေ ရီနှင့် အာမေးနီးယန်း ယေဝတီတွေလည်း ပါဝင်သည်။ ဟစ်တလာ၏ထင်မြင်ခံယူပုံ အရ ယေဝတီ တို့သည် ကမ္ဘာလုံး ချီ၍ လွှမ်းမိုးရန် ကြံစည်ထားသော ဟစ်တလာ ၏ တက်လှမ်းရာ လမ်းကြောင်းတွင် ကန့် လန့်ခံနေကြရာ သူတို့ကို အစတုံး သုတ် သင်ခြင်းသည်သာ သူ့အတွက် အဖြေ ဖြစ် နေသည်။ အဖြေမှန်ကား မဟုတ်ပါ။

ပိုလန်နှင့် ရုရှားနယ်စပ်မှ ထရီဘလင် ကာ Treblinka ရွာကလေးရှိ ရှင်းလင်း သုတ်သင်ရေး စခန်းမှ နမူနာ တစ်ခုကို အ ကျဉ်းမျှ ထုတ်ပြချင်ပါသည်။ ကျွဲနွားတွေ လို ဖမ်းဆီး သယ်ဆောင်လာခဲ့သော နာဇီ မီးရထားကြီးသည် ထရီဘလင်ကာဘူတာ ရုံကလေး၌ ရပ်လိုက်သည်။ ရထားတွဲများ ထဲမှာ ငါးပိသိပ်ငါးချဉ် သိပ်ပါလာကြသော ယေဝတီ များကို ရထားပေါ်မှ မောင်းချ၍ ဘူတာရုံ အနီးမှ အဆိပ်ဓာတ်ငွေ့ခန်းများ ထဲသို့ လက်နက်ကိုင် များက မောင်းသွင်း သည်။ ယေဝတီဦးရေ တစ်သောင်းခွဲကို အဆိပ် ဓာတ်ငွေ့လွှတ်သတ်ပြီး နောက် အ လောင်းတွေကို မြေကျင်းထဲ ဆွဲချသည်အ ထိ ၄၅ မိနစ်သာ ကြာသည်ဟူ၏။

ယင်းသို့သော နှလုံးသားမျိုးတွေ ကမ္ဘာအနှံ့မှာ ယနေ့အထိ တည်ရှိကြဆဲ ဖြစ်ကြောင်း သံသယ ရှိစရာမလိုဟု ထင် ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*