11:36 am

ရဲလွင်
ရန်ကုန်၊ မေ ၁
မလေးရှားသို့ လုပ်သား ပို့ဆောင်ခွင့်ပိတ်ထားမှု ၄လကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် မလေးရှားသွားမည့် မြန်မာလုပ်သား တစ်သောင်းကျော် Calling သက်တမ်း ကုန်ဆုံးသွားကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် MOEAF မှ သိရသည်။
ယင်းသို့ Calling သက်တမ်း ကုန်ဆုံးလုပ်သားများတွင် အချို့မှာ သက်ဆိုင်ရာ အေဂျင်စီများက မလေးရှားဘက်ရှိ အလုပ်ရှင်ထံသို့ သတ်မှတ်အချိန်အတွင်း အလုပ်သ မား မပို့နိုင်သဖြင့် လျော်ကြေးပေး မှုများ ရှိနေကြောင်း MOEAF ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။ ”မလေးဘက်က အလုပ်ရှင်ကို ပြန်ပေးရတာ။ အားလုံးမပေးရပေ မယ့် သက်တမ်းကုန်သွားတဲ့အထဲမှာ အချို့ကတော့ပေးနေရပြီ။ စာ ရင်းတော့ အတိအကျကောက်တာ မလုပ်ရသေးပါဘူး” ဟု ၎င်းက ဆိုသည်။
မလေးရှားသို့ အလုပ်သမားပို့ ခွင့်ပိတ်ထားသည့်အတွက် အလုပ်ခေါ်စာ ( Calling ) ကျထားပြီးသူများကို သံရုံးကခွင့်မပြုခြင်း၊ သံရုံးက ခွင့်ပြုထားပြီးသူများကိုလည်း Cabinet တင်ဆဲကာလတွင် ရှိသော အလုပ်သမားများအပါအဝင် မလေးရှားသို့ သွားရန်စီစဉ်နေသည့် လုပ်သားစုစုပေါင်း တစ်သောင်းကျော်မှာ မလေးရှားဘက်မှ အလုပ်ခေါ်စာ သက်တမ်းများ ကုန်ဆုံးသွားခြင်းများ ရှိကြောင်း သိရသည်။
ယင်းတွင်မလေးရှားရှိ အလုပ်ရှင်အချို့က မြန်မာနိုင်ငံမှ အလုပ်သမားခေါ်ယူမည့် အလုပ်ခေါ်စာ (Demand Letter) သက်တမ်းကုန်သွားသော်လည်း အလုပ်သမား ခေါ်ယူခွင့် Approval letter (KDN) သက်တမ်း ရှိနေသောကြောင့် Cancel မလုပ်ဘဲ သက်တမ်း ပြန်တိုးကြမှုများလည်းရှိကြောင်း MOEAF သတင်းပြန် ကြားရေးမှ သိရသည်။ ယင်းသို့ မလေးရှားသို့ အလုပ် သမားပို့ခွင့် ပိတ်ထားသည့် ကာလအတွင်း လေဆိပ်မှ တရားမဝင်သွားရောက်နေမှုများရှိကြောင်း MOEAF အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ဆိုသည်။ မလေးရှားသို့ မြန်မာလုပ်သား ပို့ခွင့်ပိတ်ထားသည်မှာ လာမည့် မေလ ၆ ရက်နေ့တွင် ၅ လပြည့်ပြီ ဖြစ်သည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က မလေးရှားတွင် ဦးဆောင် ဆန္ဒ ထုတ်ဖော်မှုတစ်ခုကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ တွင် ပြုလုပ်ပြီးနောက်ပိုင်း မြန်မာမှ မလေးရှားသို့ အလုပ်သမားပို့ ဆောင်ခွင့်ကို ဒီဇင်ဘာ ၆ ရက်နေ့ တွင် စတင်ပိတ်ထားခဲ့ခြင်းဖြစ်သည်။