ရန်ကုန် မိုးပျံပူပေါင်းစီမံကိန်းကိုရပ်ဆိုင်းရန် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

ရန်ကုန် မိုးပျံပူပေါင်းစီမံကိန်းကိုရပ်ဆိုင်းရန် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်
May 3, 2017 Asian Fame

11:29 am
ရန်ကုန် မိုးပျံပူပေါင်းစီမံကိန်းကိုရပ်ဆိုင်းရန် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

ဖြိုးထက်အောင်
ရန်ကုန် ၊ မေ ၂

ရန်ကုန်တွင်ပြုလုပ်မည့် မိုးပျံပူပေါင်း စီမံကိန်းကိုရပ်ဆိုင်းရန် အစိုးရသို့တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်ထားဆဲအခြေအနေတွင် ကုမ္ပဏီဘက်မှ လုပ်ငန်းဆောင်ရွက်မှုများရှိလာသောကြောင့် အဆိုပါစီမံကိန်းနေရာ မတိုင်ခင်ကတည်းက နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်လမ်းလျှောက်ကြသူအဖွဲ့များက ဒုတိယအကြိမ်မြောက် ဆန္ဒပြခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်မှုကို မေလ ၂ရက် နေ့ နံနက်ပိုင်းက ကန်တော်ကြီးပန်းခြံအတွင်း ပြုလုပ်ခဲ့ပြီး ယခင်ဆန္ဒထုတ်ဖော်ခဲ့သော လမ်းလျှောက်အဖွဲ့များကပင် အင်အား ၁ဝဝ ကျော်ဖြင့် ဒုတိယအကြိမ် မြောက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။ ယင်းစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် လုပ်ငန်းဆောင် ရွက်မှုများ ရပ်နားထားရာမှ ယခုအခါ ပြန်လည်ပြီး ဖောင်ဒေးရှင်းချခြင်း၊ သစ်ပင်များ ရှင်းလင်းခြင်း၊ ကွန်ကရစ်လောင်းခြင်းများ လုပ်ဆောင်နေ၍ ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ကြခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော လမ်းလျှောက်အဖွဲ့မှ ဦး ဆောင်သူတစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်စန်းက ပြောသည်။ ”လုံးဝ မဖြစ်စေချင်ဘူး။ ကျွန်မတို့ကတော့ ပြည်သူတွေအနေနဲ့ ပြည်သူ့အသံကို ထုတ်ဖော်တာပဲ။ အစိုးရအနေနဲ့ ပြည်သူ့အသံကိုနားထောင်မယ် ကတိတွေပေးထားတာပဲလေ” ဟု ကပြောသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်မှ လွှတ် တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးရန် အောင်က စီမံကိန်းကို ကြိုဆိုကြောင်း၊ သို့သော်လည်း ယခု နေရာတွင်မဟုတ်ဘဲ အခြားနေရာတွင် ဆောင်ရွက်စေလိုကြောင်း ပြောသည်။

”ဘာစီမံကိန်းလုပ်လုပ် ကန့်ကွက်တာမျိုးဆိုရင်လည်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေ တန့်သွားနိုင်တယ်ဆိုတာသိပါတယ်။ ဒီကိစ္စကတော့ ပြန်ပြီးညှိနှိုင်း စေချင်တယ်။ ဒီနေရာလေးက ရန်ကုန်မြို့မှာ ရှားရှားပါးပါး ကျန်နေသေးတဲ့ ပန်းခြံလေးပါ” ဟု ၎င်းကဆိုသည်။ မိုးပျံပူပေါင်းစီမံကိန်းကို ရပ်ဆိုင်းရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းထားသော မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အစိုးရအနေဖြင့် လွှတ်တော်တွင်အဆိုအောင်ထားသော အများပြည်သူနှင့် ဆိုင်သောနေရာများကို စီးပွားရေးအရလုပ်ငန်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်း မပြုရန်ဟူသည့်အချက်ကို သွေဖည်နေကြောင်း ဆိုသည်။

ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်နှင့် လုပ်ကိုင်နေသည့် ရန်ကုန်ရှုခင်းကို ကြည့်ရှုနိုင်မည့် မိုးပျံ ပူပေါင်းစီမံကိန်းကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ပြီး စီမံကိန်းကို Myanmar Voyages International Tourism ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ စီမံကိန်းလုပ်ဆောင်ရန်ကန်တော်ကြီးအတွင်း မြေနေရာ ၂၂၇ဝဝ စတုရန်းပေ ဧရိယာကို ငှားရမ်းထားပြီး တစ်စတုရန်းပေလျှင် ၃၉၆၈ ကျပ်နှုန်းဖြင့် ကောက်ခံထားကာ တိုင်းအစိုးရခွင့်ပြုချက်ဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်၍ ကုမ္ပဏီကစတင်အကောင်အထည် ဖော် နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကလည်း စီမံကိန်းလုပ်ဆောင်မည့် နေရာတွင် ပြည်သူတစ်ရာခန့်က ယင်းစီမံကိန်းမလုပ်ဆောင်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*