ကလေးတို့ အဖေ လူပျိုကြီး (သို့မဟုတ်) ပရဟိတ လူသား

ကလေးတို့ အဖေ လူပျိုကြီး (သို့မဟုတ်) ပရဟိတ လူသား
April 6, 2017 Asian Fame

2:54 pm
ကလေးတို့ အဖေ လူပျိုကြီး (သို့မဟုတ်) ပရဟိတ လူသား

Life-(4)အိမ်ခန်းထဲတွင် ကလေး ပေါင်းစုံ၏ အော်ငိုသံ၊ ဆော့ကစား သံများဖြင့် ဆူညံလို့နေသည်။ ”ဖေ့ ဖေ့ချစ်သားလေး ရယ် အိပ်ပါတော့ နော် အိပ်တော့နော်”ဆိုသည့် သား ချော့တေးသံက ကလေးများ၏ ဆူ ညံသံကြားမှပင် အခန်းအပြင်ဘက် သို့ ပျံ့လွင့်လာသည် ။

အခန်းထဲတွင်တော့ အသက် သုံးဆယ်ကျော် ခန့်ရှိမည့် အမျိုးသား တစ်ဦး၊ လက်ထဲတွင် ငိုနေသည့် လသား အရွယ် ကလေးကို ချော့နေ ရင်းမှ သူ၏ခြေနှစ်ချောင်းကိုဖက် ကာ ဂျီကျနေသည့် နှစ်နှစ်သားငယ် လေး ငိုမဲ့မဲ့မျက်နှာကို ငုံ့ကြည့်ကာ သူက ပြုံးနေသည်။

”သားသားကြီးရေ ခဏနော်၊ ညီလေး အိပ်ရင် ဖေဖေချီမယ်နော်” ဟုကလေးကို ငုံ့ကြည့်ရင်း ပြော လိုက်သည့် သူ့အသွင်က တကယ့် ဖခင်တစ်ဦး၏ မေတ္တာ ပေါ်လွင်နေ သည်။

သူက ကလေးများ အပေါ် စိတ်ရှည်သည်။ မေတ္တာထားသည်။ ပင်ပန်းသည်ဟု မညည်းညူ။ လ သားအရွယ် ကလေးငယ်များ အပါ အဝင် စွန့်ပစ်ခံကလေးငယ် ၁၅ ဦး နှင့်မိဘမဲ့ကလေးငယ် ၁ဝဝ ကျော် ကို ပြုစု စောင့်ရှောက်နေသည့် သူ့ ကို ကလေးများက ဖေဖေဟုခေါ် ကြ သော်လည်း သူကအိမ်ထောင် မကျသေးသည့် လူပျိုကြီး။

ထိုလူပျိုကြီးသည် အခြားလူ မဟုတ်၊ မွန်မြတ်သည့် ပရဟိတ စိတ်ဓာတ်ကြောင့် လတ်တလော facebook ပေါ်တွင် လူသိများလာ သူ၊  စွန့်ပစ်ခံကလေးများကို လိုက် လံခေါ်ယူ မွေးစားကာပြုစုစောင့် ရှောက်နေသူ ကိုဖိုးဇော်ပင် ဖြစ် သည်။

Life-(3)ရင်နာရတဲ့ ဇာတ်လမ်းလေးတွေ

အနားတွင် ဝိုင်းနေသည့် ကလေးများနှင့် ကိုဖိုးဇော် အလုပ် ရှုပ်နေ သည့် ကြားမှ တယ်လီဖုန်း ကမြည်လာသည်။ ကလေးတစ် ဖက် ဖုန်း တစ်ဖက်ဖြင့် တစ်ဖက်က ပြောသမျှကို နားထောင်ရင်း သူ သက်ပြင်း တစ်ချက်ချ၍ တစ်ဖက် လူကို ပြောလိုက်သည် က ”ရတယ် ညီမလေး လာခဲ့လေ” ဟုပင်။

ဖုန်းလာပြီး နာရီဝက်ခန့် အ ကြာတွင် အဆင့်အတန်း ရှိရှိ ဝတ် စား ဆင်ယင် ထားသည့် လူလတ် ပိုင်းအရွယ် အမျိုးသမီး တစ်ဦး ကလေးကိုချီ၍ဝင်လာသည်။ သူမ ၏ မျက်နှာမှာ တုန်လှုပ် ချောက် ချား နေသော လက္ခဏာက ပေါ်လွင် နေသည်။

တံတွေးကို တစ်ချက် မျိုချပြီး သူမ စကားစတင်ပြောဆိုရန် အား ယူသော်လည်း အသံကထွက်မ လာ။ အခြေအနေ ကို နားလည်အ ကဲခတ်မိ ဟန်တူသော ကိုဖိုးဇော် က  ”ဟယ်သားလေးက ချစ်စရာ လေး ဖြူဖွေးနေတာပဲ” ဟုကလေး နှင့် မိခင်ဖြစ်သူကို စတင် မိတ်ဆက် လိုက်သည်။

ထိုအခါ သူမသည်လက်ပေါ်မှ ကလေးကို ငုံ့ကြည့်ရင်း မျက်ရည် များ ပိုးပိုးပေါက်ပေါက် ကျလာ သည်။ သို့သော် ထိုကဲ့သို့သော အ ဖြစ်အပျက်က ကိုဖိုးဇော်အတွက် အထူးအဆန်းမဟုတ်။ သူကြုံတွေ့ နေကျ မြင်ကွင်းမျိုးပင် ဖြစ်သည်။

သူမချီထားသော ကလေးက ဖြူဖြူဖွေးဖွေး၊ မျက်ခုံးထူထူ၊ နှာတံ သွယ်သွယ်၊ ဥပဓိရုပ်က လူခန့်။ တကယ်ပင် ချစ်စရာ။

ကလေး မိခင်ဖြစ်သော သူမ ကရော။ လက်မထပ်ဘဲ အတူနေကြ ခြင်းကို ထမင်းစားရေသောက်လို ကျင့်သုံးလာကြသည့် ယနေ့ခတ် တွင် သူမလည်း ဝင်ရောက် စီးမျောခဲ့ သည်။

သူမသည် အင်္ဂလိပ်နှင့် တရုတ် ဘာသာကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး တစ်လကို ဝင်ငွေ ကျပ် ခုနစ်သိန်း ထိရှိသည့်အမျိုးသမီး တစ်ဦးဖြစ်သည်။ သူမနှင့် အတူနေ သည့် အမျိုးသားသည်လည်း ပညာတတ် တစ်ဦး၊ နိုင်ငံခြားကုမ္ပ ဏီတစ်ခုတွင် တစ်လကို ကျပ်သိန်း ၂ဝ ဝင်ငွေ ရှိသည်။

တရားဝင် လက်မထပ်ရသေး ဘဲ တစ်အိမ်တည်း အတူနေထိုင် ကြရာမှ မမျှော်လင့်ဘဲ ကိုယ်ဝန်ရ လာခဲ့သည်။ ထိုကိုယ်ဝန်ကို အမျိုး သားလုပ်သူက ကျေကျေနပ်နပ် လက်ခံခဲ့သော်လည်း တစ်နေ့တွင် ပြဿနာတစ်ခု တက်ပြီးနောက် ၄င်းအမျိုးသားသည် ရပ်ဝေးသို့ ထွက်သွားခဲ့သည်။

ထိုအခါ မွေးလာသည့် ကလေး ၏ လားရာကား မိဘမဲ့ကလေး များကို စောင့်ရှောက် ပေးနေသည့် ကိုဖိုးဇော်ဆီသို့သာ။

”အဲဒီ အမျိုးသမီးက သူ့ ကောင်လေး ထွက်သွားပြီးနောက် အဆောင်နေပြီး သားဦးကိုမွေးဖွား ခဲ့တယ်။ တစ်လခွဲကြာတော့ သူမ ရှေ့ဆက်ဖို့ အခက်အခဲ ဖြစ်လာ တဲ့အတွက် တစ်လခွဲသား အရွယ် ကလေးက ကျွန်တော့်ဆီ ရောက် လာတော့တာပဲ။ အမေ တစ်ယောက် အနေနဲ့ သူကြိုးစား ခဲ့ပါသေးတယ်”ဟု ကိုဖိုးဇော်က သက်ပြင်းချရင်း ပြောသည်။

အထက်ပါ အဖြစ်အပျက် မှာ ကိုဖိုးဇော် အမြဲကြုံ နေကျ ဇာတ်လမ်း များစွာထဲမှ တစ်ခု ဖြစ်သည်။ စွန့်ပစ်က လေးငယ်၁၅ ယောက် ကို မွေးစားထားသည့် အတွက် အဖြစ်အပျက် များစွာ၊ ဇာတ်လမ်းများ စွာကို ကိုဖိုးဇော် မြင် တွေ့ခဲ့ရသည်။ သို့သော် သူက အဲဒါတွေကို စိတ် ထဲမထား၊ သား သမီးအ ပေါ် စိမ်းရက်နိုင်အား သည်ဟုလည်း ကလေးမိဘ များအပေါ်သူအပြစ်မယူခဲ့။

”ကျွန်တော့် တာဝန်က ကလေး ကို စောင့်ရှောက်ဖို့ပဲ။ ကျွန်တော့် လက်ပေါ် ရောက်လာရင် ကျွန်တော့် သားပဲ” ဟု ကိုဖိုးဇော်က ပြတ်သား စွာပြောသည်။

Life-(2)ကလေးတွေ အဖေဖြစ်လာခဲ့ပုံ    

ကိုဖိုးဇော် ကို ပုသိမ်မြို့တွင် မွေးဖွားခဲ့ပြီး တစ်ဦး တည်းသော သားဖြစ် သည်။ ဖခင်ဖြစ်သူမှာ အစိုးရ ဝန်ထမ်း ဖြစ်သည့် အတွက် ဖခင် တာဝန်ကျရာ နယ်မြေကို လိုက်ရင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်းစုံကို နေခဲ့ရသည်။

Chemistry ဘာသာဖြင့် ဘွဲ့ ရပြီး မန္တလေး FM တွင်ရေဒီ ယို နောက်ခံ စကားပြော၊ ဇာတ်ညွှန်း ရေးသားခြင်း၊ TV ရုပ်သံစီးရီး ရိုက် ကူးရေး အပိုင်းတွင် အနုပညာအ ကြံပေးအဖြစ် လုပ်ခဲ့သည်။

”လူငယ် အချိန်မှာ ဝန်ထမ်း ဘဝက အကောင်းဆုံး ဆိုပေမယ့် အသက် ရလာတဲ့ အခါ ကိုယ်ပိုင်စီး ပွားရေးက အကောင်းဆုံး ဖြစ် တယ် ဆိုတာ သိလာတယ်။ အဲဒါကြောင့် အလုပ် ထွက်ပြီး တစ်ပိုင် တစ်နိုင် စီးပွားရေး စလိုက်တယ်” ဟုကိုဖိုး ဇော် က ပြောသည်။

ကိုယ်ပိုင် စီးပွားရေး အဖြစ် အ မျိုးသမီး လက်ကိုင်အိတ် များ၊ အဲ ကွန်း၊ ရေခဲသေတ္တာ၊ လူသုံးကုန် များကို တင်သွင်းသည်။ ပရဟိတ လုပ်ငန်း များကို အသက်၂ဝကျော် တွင် စလုပ်ခဲ့ ပြီးနောက် စွန့်ပစ် ခံ ကလေးငယ် များကို စောင့်ရှောက် ပေးသည့် အလုပ် ကိုမူ လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စလုပ်ခဲ့သည်ဟု ကိုဖိုး ဇော်က ပြောသည်။

ပရဟိတလုပ်သည့် ကိုဖိုးဇော် ၏ ရည်ရွယ်ချက်သည် မိခင်များ၏ ဒုက္ခ၊ အခက်အခဲကို ကူညီဖြေရှင်း ပေးစေရန်နှင့် အပြစ်မဲ့ ကလေးများ လူ့လောကမှာ ရှင်သန်ခွင့် ရရန်ဖြစ် ကြောင်း ရိုးသားစွာ ပြောသည်။

”တချို့ကလေးတွေဆို ကျွန် တော်မီအောင် သွားပေမယ့်  အ လာကောင်းပေမယ့် အခါနှောင်း သွားတာတွေ လေးယောက် ငါး ယောက်တောင် ရှိတယ်” ဟု ကိုဖိုး ဇော်က ညှိုးငယ်စွာပြောပြသည်။

မိဘမရှိသော ကလေးများကို ဖခင်ရင်း တစ်ယောက်လို ပြုစု စောင့်ရှောက်နေသော ကိုဖိုးဇော် ၏ ပရဟိတ လုပ်ငန်းကို သူ၏မိဘ နှစ်ပါးကလည်း နားလည် ကူညီပေး ကြသည် ။

သူ့အကြောင်း ပြောနေရင်း တယ်လီဖုန်း မြည်လာသည်။ ဖုန်း သွားနားထောင် နေရာမှ သူမျက်နှာ ပြုံးလာသည်။

”အလှူရှင်တဲ့။ ကလေးတွေ နေဖို့ အဆောက်အအုံ လှူမလို့တဲ့။ အခုအိမ်လေးတွေ လှူတဲ့အပြင် ကလေးတွေနေဖို့ သုံးထပ်ဆောင် တစ်ခု လှူဒါန်းမှာတဲ့။ ကလေးတွေ ရဲ့ကံပါပဲ” ဟုသူက ဝမ်းသာ အားရ ပြောပြသည်။

လက်ရှိအချိန်တွင် ခေါ်ယူမွေး စားထားသည့် စွန့်ပစ်ခံ ကလေး ငယ်များနှင့် မိဘမဲ့ကလေးများကို ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ မှန်ကင်း အမှတ်(၂) မိဘမဲ့ ပရဟိတကျောင်း တွင် ဆရာတော် အကူအညီဖြင့် ထားရှိထားသည်။

တစ်ယောက်တစ်လက် ဝိုင်းကူကြတယ်

ခေါ်ယူ မွေးစားထားသည့် ကလေးများ အပြင်၊ ပြုစုစောင့် ရှောက်ထားသည့် ကလေးများ၏ ကုန်ကျစရိတ်မှာ ၄င်းဝင်ငွေ တစ်ခု တည်းဖြင့် ရပ်တည်ခဲ့ခြင်း မဟုတ် ကြောင်း ကိုဖိုးဇော်က ဆိုလာသည်။

”ကလေး အကူတွေ ခေါ်ထား တော့ ကျွန်တော် အပြင်ထွက်လို့ အဆင်ပြေတယ်။ စီးပွားရေးအတွက် လည်းရှာရသေးတယ်လေ။ ဘယ် မှာ ကလေးကို စွန့်ပစ်ထားပြီ သတင်းကြားတာနဲ့ ထသွားတာပဲ ဘယ်လောက်ဝေးဝေးပါ”ဟု ကိုဖိုး ဇော်က ပြောသည်။

မွေးကင်းစကလေး တစ် ယောက် အတွက် တစ်လလျှင် ပျမ်း မျှ ကျပ်တစ်သိန်း မှ တစ်သိန်းခွဲ ဝန်းကျင်ထိ ကုန်ကျ စရိတ်ရှိသည့် အပြင် ကလေးအကူ လခမှအစ ကုန်ကျစရိတ်များစွာ ရှိကြောင်း သိရသည်။

အင်တာဗျူး နေစဉ် တအီအီ ညည်းညူနေသည့် သားငယ်ကို ကိုဖိုးဇော်က တင်ကလေး ပုတ်ကာ ချော့သိပ်နေသည်။ ချော့သိပ်လိုက် သဖြင့် ပြန်လည် အိပ်ပျော်သွား သည့်ကလေးနှင့် အခြားကလေး များကို လှမ်းကြည့်ရင်း ကိုဖိုး ဇော် သက်ပြင်းချလိုက်သည်။

”ကျွန်တော်တို့ ဗုဒ္ဓဘာသာ အများဆုံးနေထိုင်တဲ့ နိုင်ငံမှာ ဒီလို အဖြစ်မျိုး မရှိသင့်ဘူး။ အရမ်းအရုပ်ဆိုး အကျည်းတန် တဲ့ကိစ္စဖြစ်တယ်။ အဲဒါကြောင့် ဒီပြဿနာထဲ မှာပါတဲ့ အပြစ်မဲ့ ကလေးတွေကို ကျွန်တော်ကယ် တင်ချင်တာပါ” ဟု ကိုဖိုးဇော်က ပြောသည်။

ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ကျင့် တရား၊ လူမှုရေးနှင့် ယဉ်ကျေး မှုစံနှုန်းများကို ချိုးဖောက်ခြင်း တို့၏ နောက်ဆက်တွဲ အဖြစ် မိဘများ ကိုယ်တိုင် စွန့်ပစ်ကြ သဖြင့် ကလေးငယ် များသည် မိဘမဲ့များ ဖြစ်ကြရသည်။ ဂေဟာများ၊ သင်တန်း ကျောင်း များသို့ ရောက်ရှိလာကြသည်။

ကိုဖိုးဇော် ခေါ်ယူ စောင့် ရှောက်ထားသည့် ကလေးငယ်များ ကိုလည်း မွေးစားရန် လာရောက် တောင်းခံ ခဲ့ကြသော်လည်း သူက မပေး။ ကလေး၏ မိဘအရင်းမှ လွဲ၍ မည်သူ့ကို မျှပေးမည်မဟုတ် ဟု သူက ပြတ်သားစွာပြောသည်။

”ကလေးမွေးစားချင်လို့၊ အိမ် မှာခေါ်ခိုင်းဖို့ အတွက် ကျွန်တော့် ဆီ အဆက်အသွယ် လုပ်ကြတာရှိ တယ်။ အန်ကယ်က နိုးပါလို့ပဲပြော ပါရစေ။ ကလေးတွေကို သနားလို့ လုပ်တဲ့ လုပ်ငန်းပါ။ ဂုဏ်သိက္ခာရှိ စွာမွေးဖွားခွင့် ရှင်သန်ခွင့်ရအောင် ကြိုးစားပေးထားတဲ့ ကျွန်တော် တို့ရဲ့စေတနာပါ။ ကလေးတွေအ ပေါ်မှာရှိတဲ့ တန်ဖိုးထားမှုပါ” ဟု သူကပြောသည်။

မည်သို့ပင်ဖြစ်စေ ပရဟိတ စိတ်ထားကို ရှေ့တန်းတင်ရင်း ဘဝ ၏ နေ့ရက်များကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနေသော ကိုဖိုးဇော်သည် လူပျိုကြီး တစ်ယောက်ပင် ဖြစ်သော် ငြား ကလေး ၁၅ ယောက် အဖေ ဖြစ်နေပြီ ။

သားချော့တေး မြောက်မြား စွာကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သော လူပျိုကြီး၏ အသည်းနှလုံးသည် လူ သားချင်း စာနာစွာ အမိတိုင်းပြည် ကြီးအတွက် နိုင်ငံသားကောင်း တစ်ဦးအဖြစ် ရပ်တည်လို စိတ်ဖြင့် စွန့်ပစ်ခံကလေးများကို သူ့ရင်ခွင် အား အပြီး ပေးထားနှင့်ပြီဖြစ်သည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*