YBS ၂၁ ယာဉ်လိုင်း၏ အဲကွန်းဘတ်စ်သီးသန့်ယာဉ်လိုင်းကို Class များခွဲ၍ ပြေးဆွဲပေးမည်

YBS ၂၁ ယာဉ်လိုင်း၏ အဲကွန်းဘတ်စ်သီးသန့်ယာဉ်လိုင်းကို Class များခွဲ၍ ပြေးဆွဲပေးမည်
April 5, 2017 Asian Fame

3:13 pm
YBS ၂၁ ယာဉ်လိုင်း၏ အဲကွန်းဘတ်စ်သီးသန့်ယာဉ်လိုင်းကို Class များခွဲ၍ ပြေးဆွဲပေးမည်

21ybs

သီဟ

ရန်ကုန်၊ ဧပြီ ၃

YBS ၂၁ ယာဉ်လိုင်းမှ လူပို တင်ဆောင်ခြင်းမပြုသော အဲကွန်းဘတ်စ်သီးသန့်ယာဉ်လိုင်းကို C class အမည်ပေး၍ ဧပြီလအတွင်းပြေးဆွဲပေးမည်ဟု Power Eleven Public ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

”ဧပြီလထဲမှာ စဆွဲပေးဖို့ လျာထားပါတယ်။ ဈေးနှုန်းကတော့ ခရီးသွားပြည်သူတွေနဲ့ ညှိနှိုင်းသွားမှာပါ။ အဓိက က YBS ယာဉ်လိုင်းတွေ ဖွံ့ဖြိုးတိုးတက်စေလိုတာပါ။ အနာဂတ်မှာလည်း ဝန်ဆောင်မှု ပိုပေးနိုင်ဖို့ YBS ၂၁ အဲကွန်းသီးသန့်ယာဉ်များကိုပြေးဆွဲဖို့စီစဉ်နေပါတယ်” ဟု ကိုတရုတ် လေးကပြောသည်။ လက်ရှိပြေးဆွဲနေသော ပုံ သေယာဉ်လိုင်းကို ပယ်ဖျက်၍ A class, B class, C class ဟူ၍ သုံးမျိုးသတ်မှတ်ကာ ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

YBS ၂၁ ယာဉ်လိုင်း၏ A class ယာဉ်သည် ၁၉၉၆ခုနှစ် မော်ဒယ်ယာဉ်စီးရေ ၃ဝ စီးဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ယာဉ်စီးခနှုန်းများကို ၁ဝဝ ကျပ်၊ ၂ဝဝကျပ် စသည်ဖြင့် မှတ်တိုင်အကွာအဝေးအပေါ် မူတည်ကောက်ခံမည် ဖြစ်သည်ဟု ၎င်းကပြောသည်။ ”မှတ်တိုင်အကွာအဝေး ဆိုတာက အနောက်ပိုင်းတက္ကသိုလ် မှ တညင်းကုန်းဆို ၁ဝဝ ကျပ်၊ တညင်းကုန်းမှ သမိုင်းလမ်းဆုံဆို ၁ဝဝကျပ်၊ သမိုင်းလမ်းဆုံမှ လှည်းတန်းဆို ၁ဝဝ ကျပ်ကောက်ခံမှာပါ။ လှည်းတန်းက မော်တင်ဆိုလည်း ၁ဝဝကျပ်ပါ။ ဂိတ်စကနေ ဂိတ်ဆုံးကတော့ ၂ဝဝ ကျပ်ကောက်ခံမှာပါ” ဟု ကိုတရုတ်လေးက ပြောသည်။

YBS ၂၁ ယာဉ်လိုင်း၏ B class သည်၂ဝဝ၆ ၊၂ဝဝ၇ ခုနှစ် မော်ဒယ်အဲကွန်းဘတ်စ်စီးရေ ၄ဝ စီးဖြင့်ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခ နှုန်းထားမှာ ပုံသေ၂ဝဝ ကျပ် ဖြစ် သည်။ YBS ၂၁ ယာဉ်လိုင်း၏ C class သည် လူပိုတင်ဆောင်ခြင်းမပြုဘဲ ထိုင်ခုံအပြည့်တပ်ဆင်ကာမောင်းနှင်မည်ဖြစ်ပြီး ၂ဝဝ၇၊ ၂ဝဝ၈ခုနှစ် မော်ဒယ် အဲကွန်း ဘတ်စ်ယာဉ်စီးရေ ၃ဝ စီးဖြင့် ပြေးဆွဲမည်ဖြစ်သည်။

”လူပိုတင်မရအောင်လည်း ထိုင်ခုံများ အပြည့်တပ်ထားပါတယ်။ သူများနိုင်ငံမှာ သူဌေးတွေလိုင်းကားစီးပြီး ခရီးသွားသလို စနစ်မျိုး ဖြစ်ပေါ်လာအောင်လည်း စီစဉ်ထားပါတယ်” ဟု Power Eleven Public ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။ A class တစ်စီး၊ B class တစ်စီး၊ C class တစ်စီးသတ်မှတ်၍ ဂိတ်မှထွက်ခွာစေမည်ဖြစ်ပြီးခရီးသွားပြည်သူများ ရွေးချယ် စီးနိုင်အောင် စီစဉ်ထားသည်ဟု ၎င်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*