ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ
April 5, 2017 Asian Fame

3:29 pm
ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ

ရွှေပြည်သာမြို့နယ်မှ လွှတ်တော်အမတ်မင်းများထံ တင်ပြတောင်းဆိုခြင်း

ရွှေပြည်သာမြို့၊ အမှန်တကယ်တော့ ဒီမြို့လေးမှာ နေထိုင်ကြသူများဟာ အောက်ခြေလူတန်းစားနှင့် အလယ်အလတ် လူတန်းစားတို့ စုပေါင်းနေထိုင်လျက်ရှိနေကြပါသည်။ တစ်ခါတရံ လူပြတ်လပ်သောလမ်းတို့မှာ ခိုးဆိုးလုယက်သူတို့ ရှိတတ်သလို ဆိုင်ကယ်စီးနင်းပြီး လမ်းသွားလမ်းလာတို့အား လုယက်မှု၊ တိုက်ခိုက်မှုများလည်း ရှိနေတတ်ပါသည်။ ထိုအခါ နယ်မြေငြိမ်းချမ်းသာယာရေးအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အရ ဆိုင်ကယ်များကို များသောအားဖြင့် ညဘက်တွင် လုံခြုံရေးအရ တာဝန်ရှိသူ ရဲဝန်ထမ်းနှင့် အပေါင်းပါတစ်စုတို့က စစ်ဆေးမှုများ တချို့တချို့သော နေ့ရက်များတွင် ပြုလုပ်လေ့ရှိပါ သည်။ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကာကွယ်ရေးတို့အတွက် စစ်ဆေးခြင်းကို ကြိုဆိုရပါသည်။ သို့သော် အခြေအနေ နှစ်မျိုးကို လူပြောသူပြော များလျက်ရှိလာပါသည်။

၁။ မှုခင်းကျဆင်းရေး၊ နယ်မြေလုံခြုံရေးအရ ပုံမှန်စစ်ဆေးခြင်းသည် လက်နက်ပါလာခြင်းနှင့် လူသုံးဦးစီးနင်းခြင်းကို တာဝန်ရှိသူများ အရေးယူ ဖမ်းဆီးခြင်းသည် မှန်ကန်ပါ၏။

၂ ။ ထိုပြစ်မှုများ မကျူးလွန်ပါဘဲ ဆိုင်ကယ်ကို ဖမ်းဆီးပြီး ဖမ်းဆီးဆိုင်ကယ်အား ငွေဖြင့် ရွေးယူစေခြင်းဖြင့် ဌာနဖန်ငွေ သို့မဟုတ် ငွေရရှိရန် ဖမ်းဆီးခြင်းမျိုးလည်း ရှိနေသလိုလို ကြားမိရပါသည်။

အမှန်မှာ ရွှေပြည်သာမြို့နယ်သည် မည်သည့်ဆိုင်ကယ်မျှ စီးနင်းခွင့်မပြုသောမြို့နယ်ဖြစ်ပါသော်လည်း ခရီးသွားပြည်သူများ၊ အလုပ်သမားများ၊ အသွားအလာလွယ်ကူစေရန် ဆိုင်ကယ်စီးနင်းခွင့် မသိမသာ ခွင့်ပြုထားရသော မြို့လည်းဖြစ်နေပါသည်။ အချုပ်အားဖြင့် ပြောလိုသည်မှာ မည်သည့် အကြောင်းအရာဖြင့် စစ်ဆေးသည်ဖြစ်စေ အမှန်တကယ် အရေးယူဖမ်းဆီးရသော ဆိုင်ကယ်ရှိလာပါက မည်သည့် အခြေအနေကြောင့် ဖမ်းဆီးသည်၊ အစီးရေမည်မျှ မည်သည့်နေ့တွင် ဖမ်းဆီးသည်၊ မည်သို့ အပြစ်ဒဏ်ချမှတ်လိုက်သည်ကို စာရင်း အတိအကျ ဖော်ပြ၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်များထံ စာရင်းပေးပို့စေခြင်းတို့ဖြင့် အမှုကို တရားဝင်အောင် စိစစ်ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

Pount Pount

အကြောင်းမဲ့ ဟွန်းတီးခြင်းတို့လျှော့ပေးပါရန်

ရွှေပြည်သာ၊ ထန်းခြောက်ပင်၊ ဘုရင့်နောင်လမ်းမပေါ်တွင် မောင်းနှင်နေသော ယာဉ်မောင်း ဦးဦး /ကိုကိုများခင်ဗျား။ မိမိတို့၏ကားဟွန်းများကို ခရီးသွားနှင့် လမ်းဘေးအိမ်၊ ဆိုင်ခန်းများ၊ လမ်းဘေးဆိုင်များတွင်ရှိသော လူတို့၏နားများကို ထိခိုက်စေသဖြင့် လူကြီးမင်း တို့အနေဖြင့် နားလည်စာနာပြီး အကြောင်းမဲ့ဟွန်းတီးခြင်းတို့လျှော့ပေးပါရန် မေတ္တာရပ်ခံပါသည်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

နားမခံနိုင်သူ။

သို့/
ရန်ကုန်တိုင်းဝန်ကြီးချုပ်
မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိလူကြီးမင်းများခင်ဗျား

ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်၍ ပြောင်းလဲပြေးဆွဲခဲ့သော YBS ကားများ မှာ ညနေ ၆ နာရီကျော်သည်နှင့် သတ်မှတ်နေရာသို့ မရောက်တော့ဘဲ မိမိတို့ဂိတ်ဆုံးချင်သည့်နေရာ၌ ဂိတ်ဆုံးကြပါသည် ခင်ဗျား။ ယခုလိုဖြစ်ရပ်မှာ ကျွန်ုပ်တို့ တစ်မြို့နယ်တွင်း၌သာ မဟုတ်ဘဲ ရန်ကုန်တစ်တိုင်းလုံးနီးပါး ဖြစ်နေပါသည်ခင်ဗျား။ ဤကားများမှာ လိုင်းစဆွဲသည့် တစ်ပတ် လောက်အတွင်းမှာတော့ အမှန်တကယ်ပဲပြုပြင်ပြောင်းလဲတော့မည့်ပုံစံဖြင့် စည်းကမ်းသေဝပ်စွာနှင့် ခရီးသွားပြည်သူများ အပေါ်၌လည်း ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံကြပါသည်ခင်ဗျား။ ယခုအချိန် ၂ လကျော်ကြာလာသည့်အချိန်၌ကား ယခင်ဒုံရင်း ပုံစံအတိုင်း ပြန်လည်၍ဖန်တစ်ရာတေနေသောအမူအကျင့်အတိုင်းဖြစ်နေပါသည်ခင်ဗျား။ ကားများမှာလည်းဝန်ကြီးချုပ် ပြောကြားထားသည့် အတိုင်း ည ၁ဝ နာရီအထိ ဆွဲပေးဖို့မဆိုထားနှင့် ညနေ ၆ နာရီကျော်လျှင်ပင် ပြေးဆွဲခြင်းမပြုတော့ပါခင်ဗျား။ ပြောင်းလဲမှုကို မျှော်လင့်တောင့်တနေသော ကျွန်ုပ်တို့ပြည်သူများမှာလည်း ယခင်လိုပုံစံနှင့်ယခင်လိုအပြုအမူများကြောင့် ယခင်က ထက် ကားကျပ်သည့်ဒဏ်နှင့် ကားရှားသည့်ဒဏ်ကိုသာ ပိုမို၍ခံစားရပါသည်ခင်ဗျား။

ကျွန်ုပ်တို့၏ မြို့နယ်အတွင်း၌ ညနေ ၆ နာရီကျော်လျှင် ကားများမရှိတော့ပါသောကြောင့် ခရီးသွားလာရေးအဆင်ပြေစေရန်အတွက် များသောအားဖြင့် ဆိုင်ကယ်ကိုပဲ အားကိုးနေရပါသည်ခင်ဗျား။ ယခုတလောဆိုပါလျှင်လည်း ကျွန်ုပ်တို့ ပြည်သူများသွားလာရေးအတွက် အထူးပင်အားထားရပါသော ဆိုင်ကယ် များအား ဟိုနေရာ သည်နေရာမှ ဖမ်းဆီးနေသည်ကို နေ့တိုင်းပင် ကြားနေရပါသည်ခင်ဗျား။ ဖမ်းဆီးမှုများလည်း ရှိပါသည်ခင် ဗျား။ ကျွန်ုပ်တို့ပြည်သူများမှာ ယခုလိုကားများအား ညပိုင်း၌အားကိုး၍မရသောကြောင့် ယခုလိုဆိုင်ကယ်များအား အားကိုး၍ သွားလာရေး အဆင်ပြေစေရန်အတွက် မဖြစ်မနေအသုံးပြုပါသော်လည်း ယခုလိုဖမ်းဆီး အရေးယူမှုများနှင့် ကြုံတွေ့ နေရပါသောကြောင့် ပြည်သူများမှာြေ>ွမပူရာကင်းမှောင့်ဆိုသကဲ့သို့ လွန်စွာမှအတိဒုက္ခရောက်ရပါသည်ခင်ဗျား။ ဆိုင်ကယ်များအား ဖမ်းဆီးသည်မှာလည်း တစ်ပြေးညီစွာဖမ်းဆီးခြင်းမဟုတ်ဘဲ ဖမ်းချင်သည့်ဆိုင်ကယ် ဖမ်းသည့်အတွက် ဘုရားတ စီးနေရပါသည် ခင်ဗျား။(ဖမ်းသည့် ဆိုင်ကယ်အားလည်း ငွေကြေးဖြင့် ပြန်ရွေးယူ၍ ရပါသည်ခင်ဗျား) သို့ပါသောကြောင့် တာဝန်ရှိ လူကြီးမင်းများအနေဖြင့် ပြည်သူများသွားလာရေးအဆင်ပြေစေရန်အတွက် YBS ကားများအား ယခင်ရည်ရွယ်ချက်အတိုင်း ည ၁ဝ နာရီ အချိန်ထိ ဂိတ်စမှ ဂိတ်ဆုံးပြေးဆွဲစေရန် ဆောင်ရွက်ပေးစေချင်ပါသည် ခင်ဗျား။ သို့တည်းမဟုတ် YBS ကားများမှာ ယခုလိုပဲ ညနေ ၆ နာရီအချိန်ထိ ပြေးဆွဲမည်ဆိုလျှင်လည်း ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ကျွန်ုပ်တို့မြို့နယ်တွင် မရှိမဖြစ်အသုံးပြုနေရသော ဆိုင်ကယ်အသုံးပြုခြင်းကို တန်းတူညီမျှမှုမရှိစွာ ဖမ်းဆီးနေခြင်းအား တားဆီးပေးပါရန် လေးစား စွာတောင်းဆို တင်ပြအပ်ပါသည်ခင်ဗျား။

မျိုးသာကီ

မသိချင်ယောင် ဆောင်နေလျှင် သိအောင် ပြောမည်

ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့

ပဲခူးမြို့ မဇင်းရပ်ကွက် မဇင်း (၁)လမ်း၊ အောက်ချိုင့်လမ်းသို့ ဆက်သွယ်ထားသော လမ်း၏ မူလလမ်းအကျယ်မှာ ၅၃ ပေရှိ ခဲ့ပါသည်။ ၎င်းလမ်းအကျယ်ဟာ လက်ရှိမှာ မူလလမ်းအကျယ် ပျောက်၍ ၂၅ ပေ ခန့်သာကျန်တော့ပါသည်။ ထို၂၅ ပေခန့်သာ ကျန်ရှိတော့သည့် မြေပေါ်တွင် လူနေဈေးဆိုင်တစ်လုံးထပ်ပြီး ဆောက်ထားသည့်အတွက် လမ်းအကျယ်မှာ ၁၃ပေ ခန့်ပဲ ရှိပါ တော့သည်။ ရပ်ကွက်နေပြည်သူများနှင့်တကွ စည်ပင်သာယာအဖွဲ့ မှ လူကြီးမင်းတို့ ကိုယ်တိုင် သိရှိနေလိမ့်မယ်လို့ယူဆပါသည်။ ဒါကို ရှင်းလင်းတင်ပြ တိုင်တန်းခဲ့သည်မှာလည်း အကြိမ်ကြိမ်အခါခါ မကတော့ပါ။ တိုင်တန်းမှုကြောင့် တိုင်းဝန်ကြီး ဦးကျော်မင်းစံ ကိုယ်တိုင်လည်း လာရောက်ဆင်းကြည့်ခဲ့ပါသည်။ သို့ပါသော်လည်း ဘာမှမထူးခြားပါ၍ ထူးခြားလာစေရန် တင်ပြလိုက်ရပါသည်။

ဦးမောင်မောင်နိုင်

Naing Zay Min (1)

ပုံများကို သေချာကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်

အဲဒါကြောင့် ပဲခူးတိုင်းကို အပြစ်ပြောကြ တာ။ လွှတ်တော်ကိုယ်စားလှယ် သုံးယောက်နဲ့ တောက်လျှောက် ဖုန်းပြောလိုက်တာ အာတွေတောင်ခြောက်တယ်ဗျာ။ ကိစ္စကတော့ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကိုင်းကလေးကျေးရွာ ထ (ခွဲ) ပေ ၃ဝ ပေ ၁၂ဝ စာသင်ကျောင်းကို ကုမ္ပဏီတစ်ခု က ဆောက်လုပ်နေတဲ့ကိစ္စပေါ့လေ။ ထိုကုမ္ပဏီ ကပဲ ကျောင်းခြောက်ကျောင်း ဆောက်ခွင့်ရ တယ်လို့ပြောပါတယ်။ ကျောင်းတိုင်းက ဒီလိုချည်းပဲလို့ ဒေသခံတွေကပြောပါတယ်။

Naing Zay Min (3)

ကျွန်တော်ကတော့ ဓာတ်ပုံတွေ ကြည့်ပြီး အတော်ဒေါသထွက်မိတယ်။ ဆရာမကြီးကတော့ စိတ်ရင်းနဲ့လုပ်နေတယ်။ ပြည်သူအပေါ်စေတနာ ထားတယ်ဆိုတာ သုံးသပ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလောက်ရုပ်ပျက်ဆင်းပျက်လုပ်ထားတဲ့ကိစ္စကို ပြန်ဖျက်ခိုင်းဖို့ မလုပ်ရင် တရားစွဲဖို့ ပြည်သူတစ်ယောက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဆရာမကြီးကို အကြံပြုတင်ပြပေးလိုက်တယ်ဆိုတဲ့ အကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။ ပုံများကို သေချာကြည့်ပေးဖို့ မေတ္တာရပ် ခံပါတယ်။

Naing Zay Min

(မှတ်ချက်။     ။ ဖော်ပြပါတင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*