ကျွန်တော်တို့ ရေနံမြေအလုပ်သမားတွေက အစိုးရဝန်ထမ်းတွေပါ …ဒီတော့ အစိုးရဝန်ထမ်း အခွင့်အရေးရဖို့လိုပါတယ် …

ကျွန်တော်တို့ ရေနံမြေအလုပ်သမားတွေက အစိုးရဝန်ထမ်းတွေပါ …ဒီတော့ အစိုးရဝန်ထမ်း အခွင့်အရေးရဖို့လိုပါတယ် …
April 5, 2017 Asian Fame

1:44 pm
ကျွန်တော်တို့ ရေနံမြေအလုပ်သမားတွေက အစိုးရဝန်ထမ်းတွေပါ …ဒီတော့ အစိုးရဝန်ထမ်း အခွင့်အရေးရဖို့လိုပါတယ် …

29

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရေနံမြေအလုပ်သမားအဖွဲ့အစည်းတွေ စုပေါင်းပြီး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်တစ်ခုကို မတ်လ ၂၆ ရက်နေ့က စတင်ဖွဲ့ စည်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံမြေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရယ်လို့ သီးသန့်ရပ်တည်မှုနဲ့ ပေါ် ပေါက်လာတဲ့ ဒီအဖွဲ့ ချုပ်ဟာ ရေနံမြေအလုပ်သမားတွေ အကျိုးအတွက် ဘာတွေ ဆောင်ရွက်သွားမယ်၊ အဖွဲ့ရဲ့လက်ရှိအခြေအနေတို့ကိုသိရဖို့ အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးမှူး ဦးလေးနိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံမြေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
ဘဏ္ဍာရေးမှူး ဦးလေးနိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း

အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပြီးဖြစ်တဲ့အတွက် ပထမ ဦးစွာ ဘာတွေလုပ်သွားမယ်လို့ ရည်မှန်းထားပါ သလဲခင်ဗျာ။

အဓိက က ရေနံမြေ အလုပ်သမားတွေရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ရရှိဖို့နဲ့ ကာကွယ် ပေးဖို့ပါ။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို အလုပ်သမားတွေ ရရှိဖို့၊ အလုပ်သမားတွေရဲ့ လူနေမှုဘဝ မြင့်မား တိုးတက်လာဖို့ အစိုးရ / အလုပ်ရှင် / အလုပ် သမား ပူးပေါင်းဆောင်ရွက်ဖို့။ ဒါတွေကို ဦးစွာ လုပ်သွားမှာပါ။ ပြီးတော့ ILO ပြဋ္ဌာန်းချက် ၈၇ အတိုင်း ရေနံမြေအလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ပေါ်ပေါက်လာဖို့ကိုလည်း လုပ်သွား မှာပါ။

အခုဖွဲ့စည်းလိုက်တဲ့ ရေနံမြေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံတစ်ခုလုံးက ရေနံမြေအလုပ်သမားတွေ အားလုံးကို လွှမ်းခြုံ ထားတာလား ခင်ဗျာ။

ကျွန်တော်တို့ နိုင်ငံမှာ ရေနံမြေ စုစုပေါင်း ဒေသကြီး ၁၃ခုရှိတယ်။ အခုဖွဲ့စည်းလိုက်တဲ့ အထဲမှာ ရေနံမြေဒေသ ၁၁ ခု ပါဝင်ပါတယ်။ ကျန်တဲ့ ဒေသ ၂ ခုမှာ ထောက်ရှာပင်ရေနံမြေ (ရွှေရောင်မျိုးဆက်) ဆိုတဲ့ အလုပ်သမားအဖွဲ့က ကျွန်တော်တို့ဆီမှာ မပါဝင်ဘူးပေါ့နော်။ ကျန်တဲ့ ဒေသတစ်ခုကတော့ ရွှေပြည်သာရေနံမြေ။ အဲဒီ ဒေသကတော့ အလုပ်သမားအဖွဲ့အစည်း မရှိသေးလို့ပါ။

အဖွဲ့ချုပ်က တရားဝင်မှတ်ပုံတင်ထားပြီလားခင်ဗျ။

ခု သင်္ကြန်မတိုင်ခင် တရားဝင်မှတ်ပုံတင်ဖို့ ရှိပါတယ်။ အဖွဲ့ချုပ်ဆိုတော့ နေပြည်တော်အထိကို တင်ရမှာဖြစ်ပါတယ်။

ရေနံမြေအလုပ်သမားတွေ အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာတွေလဲခင်ဗျ ။

အဓိကကတော့ အလုပ်သမား အခွင့်အရေး တစ်ခုမှ မရတာဘဲ။ အလုပ်ချိန် ၈ နာရီရယ်လို့ အတိအကျ မရဘူး။ ကျွန်တော်တို့ ရေနံချောင်း မှာပဲကို တချို့က တစ်ရက် ၈ နာရီ လုပ်ရတဲ့သူ ရှိတယ်။ တချို့က ၁၂ နာရီ လုပ်ရတဲ့သူရှိတယ်။ အချိန်ပိုကြေးလည်း မရကြဘူး။ တခြားဒေသ တွေမှာလည်း အလားတူပြဿနာမျိုးတွေ ရှိနေ တယ်။ ကျွန်တော်တို့ ရေနံမြေအလုပ်သမားတွေ က အစိုးရ ဝန်ထမ်းတွေပါ။ ဒီတော့ အစိုးရဝန်ထမ်းအခွင့်အရေးရဖို့လိုပါတယ်။

ရေနံမြေ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဥပဒေ လိုအပ်ချက်၊ အားနည်းချက်တွေ ရှိနေတယ်ဆို ရင်လည်း ပြောပြပေးပါဦး။

ကျွန်တော်တို့က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနလက်အောက်ဆိုတော့ အစိုးရဝန်ထမ်း ဖြစ်တော့ ၂ဝ၁၄ ခုနှစ် နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်း ဥပဒေနဲ့ သက်ဆိုင်တယ်။ ဒီဥပဒေထဲမှာ ရေနံမြေ အလုပ်သမားတွေကို တခြား အစိုးရ ဝန်ထမ်းတွေ လို ခံစားခွင့်တွေ ပေးလို့ မရတဲ့ အချက်တွေပါ နေတယ်။ ပြောရရင် တခြား အစိုးရ ဝန်ထမ်းတွေ လို မရတဲ့ အချက်တွေ ရှိတယ်ပေါ့နော်။ အဲဒါ တွေကို ပြင်ဆင်ဖို့ ကြိုးစားသွားမှာပါ။

လက်ရှိ အဖွဲ့ချုပ်ရဲ့ အင်အားက ဘယ်လောက်ရှိ လဲခင်ဗျ။ တိုးချဲ့သွားဖို့ စီစဉ်နေတာရော ရှိပါသလားခင်ဗျာ။

ရှိပါတယ်။ ကျွန်တော်တို့က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ဆိုတော့ ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေ အားလုံးရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်သွားမှာပါ။ အဲဒီ ဝန်ထမ်းတွေအားလုံး ပါဝင်လာအောင်လည်း ဆောင်ရွက်သွားမှာပါ။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလားခင်ဗျာ။

ကျွန်တော်တို့ လက်ရှိအနေအထား၊ တကယ် ကို လုပ်ငန်းခွင်အခြေအနေ၊ ဥပဒေပါအချက်အလက်တွေကိုရော ဆုံးရှုံးနေတာတွေ ဖြစ်နေ ပါတယ်။ ဒါတွေကို ကြိုးစားပြီး ပြင်ဆင် ဆောင် ရွက်ပြီး အလုပ်သမားတွေကို အကာအကွယ်ပေးသွားမယ်လို့ ပြောချင်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*