ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီနျို့ နှင့် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီနျို့ နှင့် တွေ့ဆုံမေးမြန်းခြင်း
March 31, 2017 Asian Fame

2:37 pm
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီနျို့ နှင့် တွေ့ဆုံမေးမြန်းခြင်း

Daw-Maryမြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တို့၏ တစ်နှစ်တာ သက်တမ်း အတွင်း ဆောင်ရွက်မှုများကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံမေးမြန်း၍ အပတ်စဉ်တင်ဆက်လာခဲ့ရာ၊ ယခုအပတ်တွင် မတော့ ရှမ်းပြည်နယ် လွှတ်တော် ၏ ဆောင်ရွက်ချက် များနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီနျို့ နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်း များကို တင်ပြထားပါသည်။

အခုဆိုရင် ဒုတိယအကြိမ် ရှမ်းပြည် နယ်လွှတ်တော်ဟာ တစ်နှစ်ပြည့် သွားပြီဖြစ်ပါတယ်။ တစ်နှစ်သက် တမ်းရှိ ရှမ်းပြည်နယ် ဒုတိယအကြိမ် လွှတ်တော်ရဲ့ ဆောင်ရွက်ချက် တွေအပေါ် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ အားရကျေနပ်မှု ရှိပါသလား။

တော်တော်လေးကို အား နည်းသေးတယ်။ လိုအပ်ချက်တွေ ရှိနေသေးတယ် လို့ ကျွန်မကတော့ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် လွှတ်တော် ရဲ့ဆောင်ရွက်ချက်တွေ အပေါ် အားရမှု မရှိသေးပါဘူး။ တော်တော် အားနည်းသေးတယ် လို့မြင်ပါတယ်။

ဘာဖြစ်လို့ အားမရတာလဲ။ ဘာတွေ က အားနည်းသေးတာလဲ ခင်ဗျ။

အဓိက ကတော့ လွှတ်တော် ကျင်းပတဲ့ရက် နည်းတာပါပဲ။ တစ် ခါတလေ လေးငါးရက်လောက်ပဲ တက်ရတဲ့ အစည်းအဝေးတွေ လည်း ရှိပါတယ်။ ရက်နည်းတဲ့အ ခါကျတော့ လုပ်ရကိုင်ရတာ အဆင် မပြေပါဘူး။ ၂ဝ၁၇/၁၈ ဘဏ္ဍာ နှစ်နဲ့ပတ်သက်ပြီး ဘတ် ဂျက်တွေ ဆွေးနွေးတဲ့ အခါ ကျွန်မအနေနဲ့ အဲဒီ ဘတ်ဂျက်အကြမ်း စာရင်းကို ဆွေးနွေးမယ့် တစ်ရက်အလိုမှ ရပါ တယ်။ ဒီလိုအချိန် နားကပ်ပြီးတော့ မှ ရတဲ့အတွက်  လေ့လာခွင့်လည်း မရဘူး။ အကျေအလည် ဆွေးနွေး ခွင့်လည်း ဆုံးရှုံးရတာပေါ့။  အဲဒီ လို ဆုံးရှုံးရတဲ့ အပြင် ဘတ်ဂျက်ကို လွှတ်တော် လေးရက်နဲ့အပြီး ဆွေး နွေးဆုံးဖြတ်ရတဲ့ အခါကျတော့ အဲ ဒီအပေါ် သဘောမကျဘူး။ အဲဒါ ကြောင့် ဒါတွေဟာ လွှတ်တော်ရဲ့ ဆောင်ရွက်ချက် တွေဟာ လိုအပ် ချက်တွေရှိတယ်။  အားနည်းချက် တွေ ရှိနေတယ်ဆိုတာကို ပြနေတာ ပါပဲ။

ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ် တော်ဟာ သူ့ရဲ့မူလ အလုပ်ဖြစ်တဲ့ ဥပဒေပြုရေး အလုပ်တွေ ကိုရော လုပ်ရဲ့လား။

ဥပဒေတွေတော့ ပြဋ္ဌာန်းနေ ပါတယ်။ ယစ်မျိုးခွန် ကောက်ခံရေး ဥပဒေအပါအဝင် ဥပဒေအချို့ကိုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဥပဒေတွေ နဲ့ ပတ်သက်ပြီးတော့ တော်တော် လေးကို လုပ်နိုင်ခဲ့ပါတယ်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ် တော်ကို လေ့လာရသလောက် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ရှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ စိုးမိုးတဲ့  လွှတ် တော်ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒီတော့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လုပ်ရ ကိုင်ရတာ ကျဉ်းကျပ်မှုရှိပါသလား။

ကျွန်မတို့ တင်တဲ့ အဆိုတွေနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်မယ် ဆို ရင်တော့ လုပ်ရကိုင်ရတာ ကျဉ်း ကျပ်သွားမှာ အမှန်ပါပဲ။ ဒါ့အပြင် သူတို့တွေတင်တဲ့ အဆိုတွေနဲ့ ပတ် သက်လို့ ကျွန်မတို့ဘက်ကမကြိုက် ရင်လည်း ကန့်ကွက်လည်း အပိုပဲ လေ။ မဲများတဲ့သူက နိုင်မှာပဲ။

ပြည်နယ် အစိုးရကိုမေးတဲ့ မေးခွန်း တွေနဲ့ပတ်သက်လို့ရော။

လိုချင်တဲ့ အဖြေမရဘူး ဆိုရင်  တော့ ကျေနပ်အားရမှု ဘယ်ရှိပါ့ မလဲ။ မေးတဲ့ အခါတိုင်းလည်း ကိုယ်စားလှယ်တွေ အားရတဲ့ အ ဖြေ ကို ပြည်နယ် အစိုးရက မပေး နိုင်တာများတယ်။

လွှတ်တော်တွင်း လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ ပူးပေါင်းဆောင် ရွက်မှု အနေအထားကရော ဘယ် လို ရှိနေပါသလဲ။

ကျွန်မတို့ ရှမ်းပြည်နယ်က အရမ်း ကျယ်ပြန့်ပါတယ်။ လွှတ် တော် အစည်းအဝေးတွေ ဆိုတာက လည်း ၂  လမှ တစ်ခါ ၃ လမှတစ် ခါ ဆိုတော့ ပူးပေါင်း ဆောင်ရွက် မှုအပိုင်းလည်း သိပ်ပြီးမရှိဘူး။  နောက်တစ်ခု လွှတ်တော်ထဲ တွေ့ တဲ့အချိန် ကလည်း သုံးလေး ရက် လောက်ပဲဆိုတော့ ပူးပေါင်းဆောင် ရွက်မှုအပိုင်းကို ပြောရရင် တော် တော်လေး အားရ ကျေနပ်မှု မရှိပါ ဘူး။

ကျွန်တော်တို့ ဒီတစ်ခေါက် ရှမ်း  ပြည်နယ် အစိုးရဘက် အကြောင်း ပြောရအောင်။ ပြည်နယ် အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ အပေါ် ကျေ နပ် အားရမှု ရှိလားခင်ဗျ။

ကျွန်မကတော့ လွှတ်တော် ကိုယ်စားလှယ်။ အုပ်ချုပ်ရေးပိုင်း ကို မကျွမ်းကျင်ပါဘူး။ ဒီတော့ အဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်တော့ နားမ လည်ပါဘူး။  ဝေဖန်မှုတွေမှား သွားမှာလည်း စိုးပါတယ်။ ကျွန်မ က ဖယ်ခုံက လွှတ်တော်ကိုယ် စားလှယ်လေ။ ဒီတော့ ဖယ်ခုံဒေသ ခံတွေပြောတဲ့ စကားအတိုင်းပြော ရရင် အရင် အစိုးရနဲ့ အခုအစိုးရ ဟာ မတူတာတော့ သေချာတယ်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့က ရှမ်း ပြည်နယ် လူထုအတွက် ကြီးကြီး မားမား တိုးတက် ပြောင်းလဲမှုတွေ ကို ဖော်ဆောင်ပေးနိုင် ပြီလား။

ဒါကတော့ အားလုံးလည်းသိ ကြ တဲ့အတိုင်းပဲလေ။ ကြီးကြီးမား မားတော့ မရှိသေးပါဘူး။  တစ်ခုပဲ ရှိပါတယ်။ တိုက်ပွဲတွေ ပိုတော့ဖြစ် လာတယ်။

ဘာ့ကြောင့်တိုက်ပွဲတွေပိုဖြစ်လာ တာလဲ။

ကျွန်မက တိုက်ပွဲတွေသိပ် မ ရှိတဲ့၊ တိုက်ပွဲတွေမဖြစ်တဲ့ ရှမ်းပြည် နယ်တောင်ပိုင်းက လွှတ်တော် ကိုယ်စားလှယ်ပါ။ ဒီတော့ မြောက် ပိုင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရေရေရာရာ မပြော နိုင်ပါဘူး။ တစ်ခုတော့ ပြောနိုင်ပါ တယ်။ အဲဒါက ဘာလဲဆိုတော့ တိုက်ပွဲဖြစ်တယ် ဆိုကတည်းက တစ်ဖက်နဲ့ တစ်ဖက်  မပြေလည်လို့ အမြင် မကြည်လို့ ဖြစ်ကြတာပေါ့။

ရှမ်းပြည်နယ် အခုထက်ပိုပြီး ဖွံ့ဖြိုး တိုးတက်ဖို့ အဓိက လိုအပ်ချက်က ဘာလို့ ထင်လဲခင်ဗျ။

များများစားစား ကြီးကြီးမား မားမလိုပါဘူး။ ငြိမ်းချမ်းရေးရဖို့ ပါပဲ။ ဒါရရင်တော့ အားလုံးဟာ ပြီးသွားမှာပါ။

ငြိမ်းချမ်းရေး မရသေးဘူးဆိုရင် လည်း တခြား ဘာလုပ်ဖို့လိုသေး လဲ။ ဆိုလိုတာက မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုအပ်မယ့် အရာတွေပေါ့။

ရှမ်းပြည်နယ်က ကြီးမားကျယ် ပြန့်တယ်။ ဒီတော့ လုပ်ရမယ့် အ လုပ်တွေကလည်း အများကြီးဖြစ် နေတယ်။ ဒီဟာပဲလုပ်ပါ၊ ဟိုဟာပဲ လုပ်ပါ လို့တော့ ပြောလို့ မရတဲ့အ နေအထား ဖြစ်နေတယ်။ ဒါ့ကြောင့် အတိုချုံးပြီး ပြောရရင် မလိုအပ်တဲ့ နေရာမှာ မသုံးဘဲနဲ့ လိုအပ် တဲ့နေ ရာမှာသုံးစွဲပါလို့ပဲ ပြောချင်ပါတယ်။

ရှမ်းပြည်နယ် အထဲကနေ ပြည်ပ ကို အလုပ်ထွက်ပြီး လုပ်နေတဲ့သူ တွေ အများကြီး ရှိနေပါတယ်။ သူ တို့ကို ပြန်လာစေ ဖို့ ပြည်နယ် အစိုးရ က၊ ပြည်ထောင်စု အစိုးရက  ဘာ တွေလုပ်ပေးဖို့ လိုမလဲ။

ရှမ်းပြည်နယ် ထဲကနေ ပြည် ပကိုထွက်ပြီး အလုပ်လုပ်နေတဲ့သူ တွေက အများကြီး ရှိနေပါတယ်။ အခုလည်း အရင်က ထက်ကို ပိုပို ပြီး များလာပါတယ်။ သူတို့တွေကို ဒီမှာပြန်ခေါ်ပြီး အလုပ်လုပ်စေဖို့ ကတော့ တော်တော်လေး ခက်ပါ လိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်နိုင်ငံက ဟိုဘက်နိုင်ငံ လို လစာ မျိုးမပေးနိုင်ဘူး။ အခွင့်အရေး လည်းမပေးနိုင်ဘူး။ နေထိုင်မှုပုံစံ ကိုလည်း အဆင့်မြှင့် မပေးနိုင်ဘူး။ ဒီတော့ သူတို့ထက် လစာ အများ ကြီး တိုးမြှင့်ပေးရမယ်။ နေထိုင်မှု ပုံစံကိုလည်း အဆင့်မြှင့် တင်ပေးရ မယ်။ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ဖန်တီးပေးရမယ်။ ဒါ တောင် အပ်ကျမတ်ကျ မပြောနိုင်သေးဘူး။

ပြည်နယ်ထဲမှာလည်း မူးယစ်ဆေး ဝါးပြဿနာက တော်တော်လေး ရှိ နေတယ်နော်။

ဟုတ်ပါတယ်။ လူငယ်တော် တော်များများလည်း မူးယစ်နွံထဲ နစ်နေပါတယ်။ အမျိုးသမီးအချို့ လည်း မူးယစ်ဆေး သုံးစွဲနေတာ တွေ ရှိပါ တယ်။ ဒီတော့ မူးယစ် ဆေးပပျောက် ဖို့ဟာ အားလုံးအတူ တကွ လက်တွဲလုပ်မှ ရမယ့်ကိစ္စပါ။ ဒီကိစ္စက တော်တော်လေးကို ရှုပ် ထွေး ပါတယ်။ ဒီပြဿနာကို ရှင်း လည်း ရှင်းမယ်။ တစ်ဖက်ကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ကို ဖန်တီးပေးမယ် ဒီလိုလုပ်မယ် ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ပပျောက်သွားမှာပါ။

တရားဥပဒေ စိုးမိုးရေး နဲ့ပတ်သက် ပြီး အပြောင်းအလဲတွေ ဘာတွေ ရှိသွားပါသလဲ။ ပြည်နယ်ထဲမှာ။

အရင်ကထက်ကို ပိုပြီးလုံခြုံမှု ရှိတယ်လို့တော့ ခံစားမိပါတယ်။ အရင်က သွားရလာရတာတွေ မလုံ ခြုံဘူး။ အခုတော့ လုံခြုံပါတယ်။ ဒါဟာကျွန်မတို့ ဖယ်ခုံမြို့နယ်ရဲ့ အခြေအနေပါ။ အခြားနေရာတွေ မှာတော့ မပြောတတ်ဘူး။

မင်းသုအောင် မေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*