မမျှော်လင့်တဲ့ တစ်နေရာက ကျေနပ်စရာစကား

မမျှော်လင့်တဲ့ တစ်နေရာက ကျေနပ်စရာစကား
March 31, 2017 Asian Fame

5:22 pm
မမျှော်လင့်တဲ့ တစ်နေရာက ကျေနပ်စရာစကား

Myint-Than-Articleမနှစ်က နှစ်မကုန်ခင် ခရီး ထွက်ရာကအပြန် အရှေ့တောင် အာရှက မြို့ကလေးတစ်မြို့မှာ ကျွန်တော်တို့လင်မယား ခဏဝင်ပြီး နားကြတယ်။ နားကြရတာက မြောက်ဘက်ဆီမှာ အထိုက် အလျောက် ပင်ပန်းခဲ့တာလည်း ပါ တယ်။ ဇနီးကိုလည်း အဲဒီမြို့ ကလေး ကို ပြချင်တာပါတယ်။ သူ ကျင်လည်နေတဲ့ ကွန်ကရစ်တောနက် ကြီးတွေနဲ့ ကွာခြားပုံလည်း တွေ့ စေချင်လို့။ ကျွန်တော် ကတော့ ရောက် ဖူးပေါက်ဖူးရှိတယ်။ ကျွန် တော်တို့တည်းနေကျ မြစ်စပ်က ဟိုတယ်ကလေး ကိုလည်း သူနဲ့ ကျွမ်းဝင်စေချင်တယ်။ ဟိုတယ် ကလေးကတော့ ဟိုတယ်ကလေးပဲ။ ကြယ်ပွင့်တွေနဲ့ ကန့်သတ်လို့ မရ ဘူး။ သတင်းစာ မရှိဘူး။ အခန်း ထဲမှာ ရုပ်မြင်သံကြား မရှိဘူး။ ဒီကို လာနေတဲ့ လူတွေကလည်း ရုပ်မြင် သံကြား မကြည့်ချင်ကြဘူး။ ဒီမြို့ ကလေးက တစ်ချိန်က မင်းနေပြည်။ ခုတော့ တစ်မြို့လုံး ကလည်း ယူနက် စကိုရဲ့ သမိုင်းဝင်ပစ္စည်း အဖြစ် သတ်မှတ် ထိန်းကျောင်းခြင်း ခံထားရတယ်။ ဒီတော့ အထပ် အမြင့် ကြီးတွေနဲ့ ဟိုတယ်ကြီးတွေ ထပ်မဆောက်ရဘူး။ အများစုဟာ ပြင်သစ်ရဲ့ ကိုလိုနီ ပြုကျင့်ထား ခံခဲ့ရစဉ် က ဆောက်ခဲ့တဲ့ အဆောက် အအုံတွေ။ အဲဒီ အဆောက်အအုံ တချို့ကို ဟိုတယ်၊ တည်းခိုခန်း စသဖြင့် ပြောင်းလဲ ထားတာတွေပဲ။ အဆောက် အအုံကြီးတွေမှာ ဟိုစဉ် ရှေးကတည်းက ရှိခဲ့တဲ့ ကျွန်းသား တံခါးကြီးတွေ၊ ပျဉ်းကတိုးခင်းတွေ ရှိနေသေးတယ်။ အဲဒါတွေကိုလည်း ဂုဏ်ယူကြတယ်။ ကျွန်တော် ကတော့ အဲဒီဘက် တစ်ကြောကို ရောက်တဲ့အခါ အဲဒီမှာသွားပြီး ထိုင်နေတတ်တယ်။ ငြိမ်းချမ်းတဲ့ နေရာ တစ်ခုလို့ ထင်တယ်။ တချို့ လူတွေအတွက်တော့ ငြိမ်းချမ်းတာ လွန်နေတယ် လို့တောင် ပြောစရာ။

ရောက်တာနဲ့ ဇနီးက မေး တယ်။ ဒီမှာ ဘာရှိသလဲတဲ့။ ရှင်း ရှင်းပဲဖြေရတယ်။ ဘာမှ မရှိဘူးလို့။ ဒီတော့ သူက ကျွန်မတို့ ဘယ်ကို မှ လျှောက်ကြည့်စရာ မရှိဘူးပေါ့ လို့ မေးပြန်တယ်။ ဟ ဒီလိုတော့ လည်း မဟုတ်ဘူး။ ကြည့်ချင်ရင် ဘုန်းကြီးကျောင်းကြီးတွေ ရှိတယ်။ တောင်ကုန်းပေါ်မှာ ဘုရားတစ်ဆူ ရှိတယ်။ လှေကားထစ်ပေါင်း သုံးရာလောက်ရှိလေမလားပဲ။ အဲဒီ တောင်ထိပ်ဘုရားက ကြည့် ရင် တစ်မြို့လုံးမြင်ရတယ်။ မင်း နေပြည်တော်ဟောင်း ဆိုတော့ နန်းတော်ဟောင်း ရှိတယ်၊ ဈေးရှိ တယ်၊ ဒီလို ပြန်ဖြေနေတုန်း ဇနီးရဲ့ မျက်နှာမှာ စိတ်ဝင်စားမှု ပေါ်လာ တယ်။ ဒီပတ်တမင်တလ် စတိုး ရှိ သလားလို့ ချက်ချင်းပြန်မေးတယ်။ အဲဒါမျိုးတွေ မရှိဘူး ။ ရေပုလင်းတို့၊ အချိုအချဉ် ကလေးတို့ရောင်းတဲ့ မီနီမတ်ဆိုတာလေးတွေ လောက်ပဲ  ရှိတယ်ဆိုတော့ ဘာမှ ထပ်မပြော  ပေတဲ့ သိပ်ဘဝင်ကျပုံတော့ မပေါ် ဘူး။ မိန်းမဆိုတာကလည်း ဈေး မဝယ်တောင် ဈေးထဲလျှောက်ရ တာမျိုးကို ကြိုက်တတ်ကြတာကိုး။ ညနေဘက်ကျရင် ဘုရားကြီးနဲ့ ဘုရင့်နန်းတော်ဟောင်းကြီး အကြား ကလမ်းကိုပိတ်ပြီး ညဈေးခင်း တယ်။ အဲဒီလျှောက်ကြတာပေါ့ လို့ ယာယီစစ်ပြေငြိမ်းစာချုပ် ချုပ် ကြည့်လိုက်ရတယ်။

နောက်နေ့မနက်တော့ ဟို တယ်မှာပဲ မနက်စာ စားကြတယ်။ မန်နေဂျာမ ကလေးရော၊ လက် ထောက်မန်နေဂျာပါ ကျွန်တော်နဲ့ ရင်းနှီးနေတော့ ကျွန်တော်ကြိုက်တဲ့ စားပွဲနေရာ ကလေးမှာ စီစဉ်ထား ပေးတယ်။ ဟိုတယ်ရဲ့ အပြင်ဘက်၊ မျက်နှာစာမှာ။ မြစ်ကို မြင်နေရ တယ်။ ငြိမ်သက်နေခြင်း၊ တိတ်ဆိတ် နေခြင်းတွေကို ဇနီးသည်က အရသာတွေ့လာပုံပဲ။ ဘာမျှ မလုပ်ဘဲ ဒီလိုထိုင်နေရရင်တော့ လည်း အကောင်းသားလို့ စကား ဆိုတယ်။ ဟိုတယ်က ကျွေးတဲ့ မနက်စာကိုလည်း သဘောကျလာ ပုံပဲ။ ဒီမှာကျွေးတာ အနေတော်ပဲ။ အဆီမတက်ဘူး။ ဝစရာအကြောင်း မရှိဘူးတဲ့ (ဘာလို့မှန်းတော့ မသိ ဘူး။ မိန်းမ အများစုဟာ အသက် ကြီးလာတာနဲ့အမျှ ဝမှာကြောက်ပုံ ရတယ်။ အဲဒါကိုက မိန်းမတွေမှာ အသက်ကြီးရင် ပေါ်လာတဲ့ ရောဂါတစ်မျိုး ဖြစ်လေမလားပဲ။) မနက်စာက ဟိုတယ်ကြီးတွေမှာ ကျွေးလေ့ရှိတဲ့ ဥရောပ မနက်စာ၊ အမေရိကန် မနက်စာဆိုတာမျိုး၊ ဗုန်းပေါလအောတွေ မဟုတ်ဘူး။ လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ ကော်ဖီတစ်အိုး။ ခြံထွက် သစ်သီးစုံ၊ သောက်ချင်ရင် သစ်သီးရည် လတ် လတ်ဆတ်ဆတ် ဖျော်ပေး တယ်။ ကြက်ဥကြော်ရမယ်၊ သူတို့ဘာသာ လုပ်ထားတဲ့ ယိုစုံရတယ်။ နိုင်ငံခြား ကဘူးနဲ့၊ ပုလင်းနဲ့ တင်သွင်းလာ တာမျိုးမဟုတ်ဘူး။ ကျွန်တော့် အကြိုက်ဆုံး ကတော့ ချဉ်ပေါင်သီး ယိုပဲ။ ရာသီလိုက်လို့ ပေါ်တာတွေ ကို သူတို့ဘာသာ ယိုလုပ်ထားတာ။ အဲဒါတွေနဲ့ စားဖို့မုန့်ဖုတ်ဖို ထဲက ထုတ်လာတဲ့ လတ်လတ်ဆတ်ဆတ် ဘဂက် Buguette နွေးနွေးကလေး ရတယ်။ ပြင်သစ် လက်အောက်ခံ ဖြစ်ခဲ့တော့ ပြင်သစ်တွေ စားတဲ့ ပေါင်မုန့်တွေ ဖုတ်ရာမှာ သူတို့တွေ ကပိုင်တယ်။ ဟိုတယ် ရဲ့နောက်ဘက် က လမ်းပေါ်မှာ ပြင်သစ်တွေရဲ့ ဂျုံ အခြေခံနဲ့ လုပ်တဲ့ မုန့်ဆိုင်တွေ ရှိသေးတယ်။ ဒီဒေသ တစ်ကြောမှာ အကောင်းဆုံး ကွာဆောန် Cro­issant  လို့သတ်မှတ်ခံရတဲ့ Jhle Ban­n­eton ဆိုင်ကလည်းအနီးကလေး။ စားချင်တာရှိရင် ဟိုတယ်က စားပွဲ ထိုး ကောင် ကလေးတွေကို သွား ဝယ်ခိုင်းလို့ရတယ်။ ငါးမိနစ်ပဲ။

တစ်နေ့တော့ စားပွဲထိုး ကောင်လေး တစ်ယောက်ကို ဆိုင် က ကွာဆောန် သွားဝယ်ခိုင်းလိုက် မိတယ်။ ကောင်လေးက ကျွန် တော်နဲ့ မျက်နှာ မတန်းမိခဲ့ဘူး။ လူ သစ်ဖြစ်မယ်။ ပြန်လာတော့ သူနဲ့ စကားပြောရင်း ဒီမှာ လာလုပ်တာ လေးလပဲ ရှိသေးတဲ့ အကြောင်း ပြောပြီး ဟိုဟိုဒီဒီ ပြောကြရင်းက ကျွန်တော်တို့ဟာ မြန်မာတွေပဲ ဆို တာပြောလိုက်မိတယ်။ သူက ”ကျေးဇူးတင်ပါတယ်”၊ ”မင်္ဂလာ ပါ” လို့ ပြောလို့ မင်းမြန်မာလား မေးကြည့်တော့ သူက မြန်မာ မဟုတ်ဘူး။ သူ့ကို ဒီမှာအလုပ် သွင်းပေးတဲ့ သူက မြန်မာဆိုတာသိ ရတယ်။ ဒီမှာမြန်မာတွေ ရှိသလား ဆိုတော့ ဒီမှာတော့ရှိရင် လက်ချိုး ရေလို့ ရလောက်တယ်တဲ့။ မြို့တော် ကြီးမှာတော့ အထိုက် အလျောက် ရှိတယ်လို့ သူကြားဖူးတယ်လို့ ပြောတယ်။ ဒီလိုဖြင့် မင်းမိတ်ဆွေ ကို တွေ့ရအောင် ချိန်းပေးပါလား လို့ဆိုပြီး ကျွန်တော်တို့ လင်မယား နှစ်ယောက် နာမည်တွေ ပြောပြ လိုက်တယ်။ ကောင်ကလေးက ဖုန်းဆက်လိုက်လို့ မိနစ်နှစ်ဆယ် လောက်အတွင်းမှာပဲ သူ့မိတ်ဆွေ မြန်မာဆိုတဲ့ လူစကူတာကလေး စီးပြီးရောက်လာရော။ အိတ်တစ်လုံး လွယ်လို့။ စားပွဲထိုးကောင်ကလေး က မိတ်ဆက် ပေးတယ်။

ထိုင်ကွာလို့ မြန်မာလို ပြော လိုက်တော့ သူက လက်အုပ်ချီပြီး ရပ်နေရင်း ဆရာမြင့်သန်းနော်လို့ မေးတယ်။ မြင့်သန်းတော့ မြင့်သန်း ပဲ၊ ဆရာဆိုတာ ကတော့ မဟုတ်ဘူး လို့ပြောတော့ သူက ရယ်တယ်။ သူက မထိုင်သေးဘဲ ကျွန်တော် တော့ သေပျော် သွားပြီဆရာ လို့ ပြောပြန်တယ်။ ဟာ ဒီလိုတော့ မလုပ်နဲ့။ ငါ့ကိုတွေ့လို မင်းသေသွား တယ် ဆိုရင်ဖြင့် ငါလည်းနာမည် ပျက်မယ်။ ဘယ်သူက မှလည်း ငါ့ ကို တွေ့ချင်စိတ်ရှိမှာ မဟုတ်တော့ ဘူးလို့ပြောပြီး ထိုင်ဦးကွာလို့ သူ့ကို ထပ်ပြောရတယ်။ ထိုင်ပြီးတော့မှ သူက စလွယ် သိုင်းလွယ်ထားတဲ့ အိတ်ကို ချွတ်ပြီး အိတ်ထဲက ကျွန်တော်ရေးတဲ့  အရပ် တစ်ပါးမှာ ဝတ္ထုများ စာအုပ် ထုတ်ပြတယ်။ ပြီးတော့ ရွှေ အမြုတေ နှစ်အုပ် ထုတ်ပြပြန်တယ်။ ကျွန်တော် ဆရာ့စာတွေဖတ်တာ ဆယ်နှစ် မကတော့ဘူးလို့ပြောပြီး စားပွဲ ထိုး ကောင်ကလေး ကိုညွှန်ရင်း ကျွန် တော့်ဇနီး ကိုကြည့်ပြီး ဆရာ ကတော့်နာမည်က ပါလာတော့ ဒါဟာ ဆရာမြင့်သန်းပဲ ဖြစ်ရမယ် လို့ တွက်ကြည့် လိုက်မိတယ်။  ဆရာ့ရဲ့စာအုပ်တွေထဲက ကျေးဇူး တင်တဲ့ စာရင်းထဲမှာ ဆရာ ကတော့်နာမည်လည်း ဖတ်ဖူးလို့ သတိရနေ တာလို့ သူကပြောတယ်။ ဒီတော့ကျွန်တော့်ဇနီးက ကျွန်တော့် ကိုညွှန်းရင်း သူ့ကို ဆရာခေါ်တာ မကြိုက်ဘူး။ အန်တီလည်း ဆရာ ကတော် အခေါ်ခံရတာ မကြိုက်လို့ လွယ်လွယ်ကူကူ ရင်းနှီးတဲ့ အနေနဲ့ အန်တီ-အန်ကယ်ခေါ်ပါလားလို့ ဝင်ပြောတယ်။ သူကလည်းသဘော ကျတော့ အဆင်ပြေသွားတယ်။

သူကလည်း အလုပ်သွားရ တော့မှာဖြစ်လို့ အချိန် သိပ်မရဘူး။ ခြံစည်းရိုးကျော်ပြေးရင်းက ဖြစ် သလိုနေခဲ့တဲ့ ဘဝထဲမှာ သူ့ခမျာ အတော်ကြာကြာ ရုန်းကန်ခဲ့ရတာ။ မြန်မာပြည်မှာ တုန်းက တက္ကသိုလ် ဒုတိယနှစ်အထိ တက်ခဲ့ရပေတဲ့ တစ်ရပ်တစ်ကျေးမှာ ကြုံရာ ကျပန်း လုပ်ရင်းက အလုပ်ကြမ်း သမား ဘဝ ရောက်ခဲ့တယ်။ နောက်တော့ ထမင်းဆိုင်က ပန်းကန်ဆေးဘဝ။ အမှိုက်ကျုံး သမားဘဝ ဆိုတာ တွေနဲ့ဆုံခဲ့ပြီး ဟိုတယ်ကြီး တစ်ခုက မီးဖိုခန်းမှာ သန့်ရှင်းရေး သမား အလုပ်ရတယ်။ အဲဒီကနေ အလုပ် သင် စားဖို မှူး ဖြစ်လာတယ်။ ချက် တတ်ပြုတ်တတ်လာတယ်။ နောက် တော့ ဒီဘက်ကိုလာပြီး အစမ်း သဘောနဲ့ ဟိုတယ်ကလေးတစ်ခု မှာ ဝင်လုပ်။ ဟိုမှာ၊ ဒီမှာဝင်လုပ်ရင်း အခု သူလုပ်နေတဲ့ စားသောက် ဆိုင်ပိုင်ရှင် လင်မယားက သဘော ကျလို့ အလုပ်ပေးတယ်။ ခုတော့ အတော် အောင်မြင်တဲ့ စားဖိုမှူး ဖြစ်နေပြီ။ ဒီက တိုင်းရင်းသား တောင် ဖြစ်နေပုံပဲ။ တိုင်းရင်းသား စကားလည်း ကောင်းကောင်း ပြော တတ်တယ်။ မြန်မာပြည်မှာ တော့ ဆွေသားမျိုးပြတ်ဖြစ်နေပြီတဲ့။ သူက ဘဝနာထားလေတော့၊ ဒီ ဟိုတယ်က စားပွဲထိုးကောင် ကလေးမျိုးတွေနဲ့ဆုံရင် သူသိတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ် တွေမှာ အလုပ်သွင်းပေးလေ့ရှိ တယ်။ မနက်ဖြန် ကျွန်တော့်အား ရက်မို့ အန်ကယ် တို့ကို ထမင်းကျွေး ပါရစေလို့ သူကပြောတယ်။ မင်း မကျွေးနဲ့။ မနက်ဖြန် ကုလားစာ သွားစားကြမယ်လို့ စီစဉ်ထား တယ်။ လူး(မ) (ဟိုတယ်က လက် ထောက်မန်နေဂျာ) ပြောတဲ့ဆိုင်။ ဆယ့်တစ်နာရီ လောက်လာကွာလို့ ပြောတော့၊ မရောက်စရာမရှိဘူး အန်ကယ်။ မြို့တစ်ပတ် ဘိုင် စကယ် နင်းရင်တောင် နာရီဝက်နဲ့ ပြီးသတဲ့။ ဟုတ်တယ်။ ဒီမြို့မှာ ကားလည်း နည်းတယ်။ ကားကျပ် လို့ လမ်းပိတ်တာမျိုး မရှိဘူး။ ကျွန် တော်တောင်ဟိုတယ်က ဘိုင်စကယ် ယူပြီးလျှောက်နင်း လေ့ရှိတယ်။ ဇနီးကတော့ ကားဝင်တိုးမှာ စိတ်ပူ နေတတ်လို့ ပြောပြရသေးတယ်။ ဒီမှာတော့ ရပ်ထားတဲ့ကားကို ကိုယ်ကဝင်တိုးရင် တိုးမှပဲလို့။

နောက်နေ့တော့ တစ်မြို့လုံး မှာ တစ်ဆိုင်တည်းသော ကုလား စာဆိုင်မှာ ဆုံတယ်။ သူက ဝိုင် တစ်လုံးယူလာပေတဲ့ မသောက်ဖြစ် ဘူး။ ကျွန်တော့်မှာ ဝီစကီပါလာ တယ်။ သူ့အကြောင်း ကိုယ့် အကြောင်းတွေ ပြောကြရင်းက သူက စကားတစ်ခွန်းပြောတယ်။ ရွှေအမြုတေ မှာ အန်ကယ့်ရဲ့’မိုးမိုး နဲ့မိဖမဲ့ သားသမီးများ’ ပါလာပြီး တော့ ဟိုဘက်ကမ်းက သူငယ်ချင်း ကို နောက်လထုတ် ရွှေအမြုတေ မှာပေးစမ်း ပါလို့ ပြောရတယ်။ သူက မြန်မာပြည်နဲ့  အဆက်သွယ် ရှိလို့။ ကျွန်တော့်ဆီ ကို မဂ္ဂဇင်း ထွက်ပြီးလို့ နှစ်လကျော်လောက် မှ ရောက်တယ်။ ‘မိုးမိုးနဲ့ မိဖမဲ့ သား သမီးများ’ ပထမအပုဒ် ကို ရွှေ အမြုတေ မှာ ဖတ်ရပြီးကတည်း က အဲဒီထဲမှာ ရဆော့ဟိုတယ်ဟာ ဘယ်ကဟာပဲ ဆိုတာ ကျွန်တော် ရိပ်မိတယ်။ ရိပ်မိတာမဟုတ်ဘူး။ သိလိုက်မိတာတဲ့။ ကျွန်တော်က တော့ အတော့်ကို အံ့သြသွားမိ တယ်။ မမျှော်လင့် ဘဲ တွေ့ရတဲ့ မြန်မာ တစ်ယောက်။ သူ့ဘဝကို ရုန်းကန် လှုပ်ရှားနေရင်း ကျွန်တော့် အရေးအသား တွေကို ဖတ်နေတဲ့ လူတစ်ယောက်။ အဲဒီလူဆီက မမျှော်လင့်တာ ကြားလိုက်ရလို့။ ဇနီးက ဖြတ်မေးတယ်။ မင်းက ဘယ်လိုလုပ်သိတာလဲလို့။ သူ့မျက် နှာမှာ အတိတ်က ရခဲ့ဖူး တဲ့ ဝေဒနာ တစ်ခုခုကို ပြန်သတိ ရလိုက်တာမျိုး ပေါ်လာတယ်။ ခုလို ကျွန်တော့်ကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် လမ်းစပေးတာ ဂူးစတပ်(ဖ) ပါတဲ့။ ကျွန်တော်တို့ လင်မယား ဘာပြော ရမှန်းမသိဘူး။ တစ်ယောက်ကို တစ်ယောက် တိုင်ပင်မထားဘဲ ကြည့်လိုက်မိ ကြတယ်။ သူ့ကို ပြောပါဦးလို့ လမ်းဖွင့်ပေးလိုက် တယ်။ သူ့အကြောင်းတချို့ကို ပြောပြတယ်။

(ဆက်ပါဦးမည်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*