ပုဂံတွင်လိုင်စင်မဲ့ E-bike ငှားရမ်းသူ များလာ၍ တရားဝင်လုပ်ကိုင်သူများ အခက် အခဲဖြစ်နေ

ပုဂံတွင်လိုင်စင်မဲ့ E-bike ငှားရမ်းသူ များလာ၍ တရားဝင်လုပ်ကိုင်သူများ အခက် အခဲဖြစ်နေ
March 30, 2017 Asian Fame

11:39 am
ပုဂံတွင်လိုင်စင်မဲ့ E-bike ငှားရမ်းသူ များလာ၍ တရားဝင်လုပ်ကိုင်သူများ အခက် အခဲဖြစ်နေ

Mdy(မန္တလေး၊ မတ် ၂၈)

ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုန်နယ်နိမိတ် အတွင်းလိုင်စင်မဲ့ E-bike (လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်) များကြောင့် တရားဝင် လုပ်ကိုင်သူ များ အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။

E-bike များအား၂ဝ၁၄ ခုနှစ် က ညောင်ဦးမြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ယာယီလိုင်စင် အဖြစ် အစီးရေ (၁ဝ၅၈) စီးချ ထား ပေးခဲ့ခြင်းဖြစ်ပြီး လိုင်စင် ထပ်ချပေး မှု ရပ်နားထားခြင်းကြောင့် လိုင်စင်မဲ့ များပြား လာခြင်းဖြစ်ကြောင်း ငှား ရမ်း လုပ်ကိုင်သူများက ဆိုသည်။

”လိုင်စင် မရှိသူတွေက အောက် ဈေးနဲ့ ဝင်လာကြတော့ ဈေးကွက် ကပျက်သွားတယ်။ ကျွန်တော်တို့ ကျတော့ အောက်ဈေးနဲ့ မငှားနိုင် ဘူးလေ။ တချို့ တည်းခိုခန်းတွေ ဟိုတယ်တွေ ဆိုလည်း ငှားရမ်းခ နှုန်းလျှော့ချတာတွေ၊ တချို့ဆို အခမဲ့ ဝန်ဆောင်မှုပေး တာတွေ တောင် ရှိတယ်။ အဲဒီထဲက တချို့ မှာကလိုင်စင် မရှိဘူး။ အမှန်တကယ် လုပ်ကိုင်စားသောက်နေသူတွေ အရမ်းနစ်နာတယ်။ E-bike စီးပွား ရေးလောကက ပျက်စီးနေပြီ။ ဒါကို သက်ဆိုင်ရာတွေက ဘယ်လိုဖြေရှင်း ပေးမလဲ”ဟု  လိုင်စင်ဖြင့် ငှားရမ်း လုပ်ကိုင်နေ သည့် ပြည့်စုံ E-bike အငှား လုပ်ငန်းရှင် ဦးမြင့်ကျော်က ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

E-bike တစ်စီးလျှင် အမျိုး အစားအလိုက် ကျပ် ၆ သိန်းကျော် ခန့်မှ ၈ သိန်းခန့်အထိရှိပြီး ဒေသ တွင်းတရားဝင် လိုင်စင်ဖြင့်ငှားရမ်း သူ ၁၂ဝ၈ စီးအပါအဝင် အစီးရေ ၃ ထောင်ကျော်ရှိကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ညောင်ဦးမြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ကို တွေ့ဆုံမေးမြန်းရာ ”အနှေး ယာဉ် တွေဖြစ်တဲ့ ဆိုက္ကားတွေ၊ မြင်းလှည်း တွေနဲ့ E-bike ငှားရမ်းသူတွေ အကြားမှာ အတိုက်အခိုက်တွေနဲ့ ဈေးကွက် ပျက် တာတွေ ဖြစ်ပေါ် နေတယ်။ အဲဒီထဲက ယာယီလိုင်စင် မရှိဘဲ ငှားရမ်းသူတွေနဲ့ ဟိုတယ်၊ တည်းခိုရိပ်သာတွေရဲ့ ဝန်ဆောင် မှု တွေကြောင့် ပိုဆိုး လာတာတွေ့ရ တယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒေသန္တရ ဥပဒေကိုရေးဆွဲပြီး တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံတင်ပြ ထားပါတယ်” ဟု ဖြေကြားသည်။

E-bike အသင်းစည်းမျဉ်း သတ်မှတ် ကတည်းက ငှားရမ်းခ တစ်ရက်လျှင် ကျပ်တစ်သောင်း သတ်မှတ်ထားပြီး အမျိုးအစား အ လိုက် ဈေးနှုန်း ကွာခြားမှု ရှိကြောင်း၊ လက်ရှိတွင် အချို့က ကျပ်ငါးထောင် အထိ ဈေးလျှော့ငှား နေကြသဖြင့် ဈေးကွက် ပျက်နေခြင်းဖြစ်ကြောင်း ဝက်ကြီး အင်း ဒေသခံလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*