11:32 am
စိုင်းလမင်း
ရန်ကုန်၊ မတ် ၂၇
ဗဟိုအစိုးရရုံးစိုက်ရာ နေပြည် တော်တွင်မုဒိမ်းမှုများ ယခင်ကထက် ပိုမိုများပြားလာသည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။ထိုသို့ ဖြစ်ပွားရခြင်းမှာ မုဒိမ်းမှုဟု သတ်မှတ်သော အသက်အရွယ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့်ဖြစ်ပြီး ယခင်နှစ် ဖြစ်စဉ်ထက် ၈ မှု၊ ၉ မှုခန့် ပိုမိုဖြစ် ပွားလာသည်ဟုနေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။
”အရင်က အသက် ၁၄ နှစ် မှ မုဒိမ်းဖြစ်တယ်ဆိုပေမယ့် အခုက အသက် ၁၆ နှစ်အောက်လို့ သတ်မှတ်လိုက်တဲ့အတွက် အခုလိုများလာတာပါ” ဟု၎င်းက ပြောသည်။နေပြည်တော်တွင်တစ်လလျှင် မှုခင်းဖြစ်စဉ် ၆ ခုနှုန်း ဖြစ်နေပြီး မုဒိမ်းမှုဖြစ်စဉ်မှာ တစ်လနှင့် တစ်လ ဖြစ်ပွားမှုနှုန်းမတူညီကြောင်း၊ နေပြည်တော်တွင် မှုခင်းအဖြစ် များဆုံးမြို့နယ်မှာ လယ်ဝေး မြို့နယ်ဖြစ်ကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။
”တချို့လတွေဆိုရင် မုဒိမ်း မှုမဖြစ်ပွားတဲ့လတွေတောင်ရှိတယ်၊ ပုံသေဖြစ်နေတာတော့ မဟုတ်ဘူး၊ တစ်လ ၆ မှုနှုန်း၊ တစ်နှစ်ကို ၇၂ မှုနဲ့ ၇၅ မှု ကြားမှာ ဖြစ်နေ တယ်။ အဲ့ဒီထဲမှာတော့ မုဒိမ်းမှု ဖြစ်လာတာက ပိုများလာတာပါ” ဟု ၎င်းကပြောသည်။ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ အနေဖြင့် မှုခင်းဖြစ်ပွားမှု ကျ ဆင်းရန်အတွက် လက်ရှိအချိန် တွင် လှည့်ကင်း ပတ်ကင်းများဖြင့် လှည့်ကာ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ တရားဝင်ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ် တွင် မုဒိမ်းမှု ၇၃၄မှု၊ ၂ဝ၁၄ ခုနှစ် တွင် ၆၈၂ မှု၊ ၂ဝ၁၅ ခုနှစ်တွင် ၅၈၂ မှု၊ ၂ဝ၁၆ နိုဝင် ဘာလအထိ ၉၉၅ မှုရှိခဲ့ကြောင်း သိရသည်။ မုဒိမ်းမှုဖြစ်စဉ်များတွင် သက်ငယ်မုဒိမ်းဖြစ်ပွားမှု ပိုမိုများ ပြားလာပြီး ၂ဝ၁၃ ခုနှစ်တွင် မုဒိမ်းမှုများ၏ ၄၂ ဒသမ ၉၁ ရာခိုင်နှုန်း၊ ၂ဝ၁၄ တွင် ၄၄ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၂ဝ၁၅ တွင် ၄၆ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂ဝ၁၆ ခုနှစ်နိုဝင်ဘာလအထိ ၆၁ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။