တရုတ်မှ မှာယူထားသော YBS ဘတ်စ်ကားများ မေလတွင်ရောက်ရှိမည်

တရုတ်မှ မှာယူထားသော YBS ဘတ်စ်ကားများ မေလတွင်ရောက်ရှိမည်
March 29, 2017 Asian Fame

11:30 am
တရုတ်မှ မှာယူထားသော YBS ဘတ်စ်ကားများ မေလတွင်ရောက်ရှိမည်

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၂၇

ရန်ကုန်တိုင်း အစိုးရအဖွဲ့က မှာယူထားသည့် ဘတ်စ်ကားအစီးရေ ၁ဝဝဝ ဖြင့် ဇွန်လဆန်းပိုင်းတွင် ရန်ကုန်မြို့တွင်း စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

”မှာထားတဲ့ကားတွေက ရန်ကုန်ကို မေလထဲရောက်မှာဖြစ်ပါတယ်။ ရောက်ပြီးနောက်လဆိုရင်တော့ စတင်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်” ၎င်းက ဆက်ပြောသည်။ တရုတ်နိုင်ငံမှ မှာယူထားသည် ဘတ်စ်ကားအစီးရေ ၁ဝဝဝ သည် တစ်စီးလျှင် ကန်ဒေါ်လာ ၅၆ဝဝဝ အထိရှိပြီး တရုတ်နိုင်ငံထုတ်ကားများဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ထို့ပြင် YBS ယာဉ်လိုင်းအချို့သည် စည်းကမ်းဖောက်ဖျက် မှုများရှိနေပြီး စည်းကမ်းဖောက်ဖျက်မှုကြောင့် အများဆုံးတိုင်ကြားခံရသည့် YBS ဘတ်စ်ကားများသည် နံပါတ် ၆ နှင့် ၇ ဖြစ်ပြီး ၃၁၊ ၆၄ နံပါတ်များလည်း တိုင်ကြားခံရမှုရှိကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။ အဆိုပါ တိုင်ကြားမှုများအနက် ခရီးသည်အား ကိုယ်ထိလက်ရောက် ကျူးလွန်မှုကိုချက်ချင်းအရေးယူမှုများ ပြုလုပ်ခဲ့ပြီး လိုင်စင်များပိတ်သိမ်းသည့် အထိအရေးယူဆောင်ရွက်ကြောင်း ၎င်းက ဆက်ပြောသည်။

YBS ယာဉ်လိုင်းစီးနင်းသူ မဆုပိုပိုအောင်က” ကားတွေထပ်တိုးရင်တော့ အဆင်ပြေတာပေါ့။ အခုကတော့ အဆင်တော့ ပြေပါတယ်။ ဒါပေမယ့် လူတွေ တိုးစီးနေရတုန်း ဖြစ်တယ်။ နည်းနည်းတော့ကျပ်တယ်” ဟု ပြောသည်။ ”အခု YBS က သိတဲ့အတိုင်း တချို့စည်းကမ်းလေးတွေ ဖောက်လာတာတွေ့ရပါတယ်။ လုတာတို့၊ ပြိုင်တာတို့ရှိတယ်။ အဲဒါကို စနစ်တကျဖြစ်အောင် ပြန်ပြီးလုပ်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ ယခင် မထသ စနစ်ကိုဖျက်သိမ်းပြီး YBS ယာဉ်လိုင်းစနစ်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က စတင် ပြောင်းလဲပြေးဆွဲပေးခဲ့သည်။ လက်ရှိတွင် YBS စနစ်၌ ယာဉ်လိုင်းပေါင်း ၈ဝ ကျော်နှင့် ဘတ်စ်ကားပေါင်း ၃၅ဝဝ ကျော် ပြေးဆွဲနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*