သမိုင်းထဲက မြန်မာပြည်သား (၅)

သမိုင်းထဲက မြန်မာပြည်သား (၅)
March 23, 2017 Asian Fame

2:35 pm
သမိုင်းထဲက မြန်မာပြည်သား (၅)

Think-Lu-Article(၁ဝ)

ဘုရင်ညံ့သုံးပါး (ပထမပိုင်း)

မြန်မာ့ပဒေသရာဇ် သမိုင်းမှာ ရွံစရာ ကောင်းတဲ့ ဘုရင်ညံ့ သုံးပါးဟာ ခေတ်သုံး ခေတ်မှာ ပေါ်ခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။ ဒီဘုရင်ညံ့တွေ ရဲ့ လက်ထက်မှာ တိုင်းပြည် ပျက်လေ့ ရှိတယ်လို့လည်း ပြောကြပါတယ်။ သူတို့ကတော့-
(၁)    ပုဂံခေတ် နရသီဟ ပတေ့မင်း
(၂)    အင်းဝခေတ် ဟံသာဝတီပါမင်းနဲ့
(၃)    ကုန်းဘောင်ခေတ် သီပေါမင်းတို့ ပါတဲ့။ အဟုတ်တကယ် ညံ့၊ မညံ့ကိုတော့ တစ်ဦးစီကို အကဲခတ်ကြည့်ကြရမှာပါ။

နရသီဟပတေ့

သူက လေးမည်ရမင်းဖြစ်ပါတယ်။ နရ သီဟပတေ့၊ မင်းခွေးချေး၊ တရုတ်ပြေးမင်း၊ သားမြွာဘဆိုတဲ့ အမည်လေးမျိုးနဲ့ ရာဇ ဝင်မှာ လူသိများတယ်။ ”စလေငခွေး၊ မင်း ခွေးချေး၊ လူရေးပျက်တော့သည်” လို့ ပက် ပက်စက်စက် အပြောခံရတဲ့မင်း ဖြစ်ပါတယ်။ သူညံ့ ပုံတွေကို တန်းစီပြောရင် မပေါ်လွင် မှာစိုးလို့ Category ခွဲပြီး တင်ပြပါ့မယ်။

(က)ဝါနုခြင်း

မြန်မာရာဇဝင်မှာ သြဇာရှိသူ နန်းတွင်း အမတ်ကြီး၊ သို့မဟုတ် ဆွေတော် မျိုးတော် တစ်ပါးပါးက သူ့သြဇာခိုင်စေဖို့ ရုပ်ပြ ဘုရင် တစ်ပါးပါးကို နန်းတင်တော့မယ် ဆိုရင်  ငယ် ရွယ်နုနယ်သူ မင်းသားငယ် များကို စိတ် ကြိုက်ရွေးချယ် တင်မြှောက်လေ့ ရှိပါတယ်။ ပုဂံခေတ် နေဝင်ချိန်မှာ တန်ခိုးထွားတဲ့ အ မတ်ကြီး ရာဇသင်္ကြန်က ဝါရင့်မင်းသားကြီး သီဟသူကို ဘုရင်အဖြစ် မထောက်ခံဘဲ အသက် ၁၉ နှစ် သာရှိသေးတဲ့သူကို ထောက်ခံရာက မင်းခွေးချေး တစ်ယောက် ရာဇပလ္လင်ပေါ်ရောက်လာတယ်။

(ခ) လေယူရာ တိမ်း၍ ကြိုးဆွဲရာ ကသူ

ဘုရင်လည်းဖြစ် ကရော၊ ဘုန်းကြီးဝတ် နေတဲ့ သူ့ဦးလေးကို လူထွက်ခိုင်းပြီး သိမ္မ စည်းဆိုတဲ့ ဘွဲ့နဲ့ အမတ်ကြီးခန့်တယ်။ ဘုန်း ကြီး လူထွက် သိမ္မစည်းဟာ တဖြည်းဖြည်း ဘုန်းကြီးလာလိုက်တာ နောက်ဆုံး သူ တွန်းလို့ ပုလ္လင်ပေါ် ထမ်းတင်ပေးခဲ့တဲ့ ရာဇ သင်္ကြန်ကို မင်းခွေးချေးက စည်းစိမ်ရုပ် သိမ်းပြီး ဒလကို နယ်နှင်ခဲ့ပါလေရော။

(ဂ) ဘဏ္ဍာရေး အခြေအနေ

တစ်ပြည်လုံးမှာ ရှိတဲ့ စိုက်ပျိုးမြေဧက များစွာကို ဘုရင်ကရော၊ မင်းညီမင်းသား တွေကရော၊ သူဌေးသူကြွယ်တွေကရော ဂုဏ်တု ဂုဏ်ပြိုင် လုပ်ပြီး သာသနာ့မြေအ ဖြစ် ပေးလှူကြတယ်။ သာဓုခေါ်မလို့ စဉ်း စားနေတုန်း သာသနာ့မြေဟာ အခွန်လွတ် တဲ့အတွက် သူတို့လှူထားတဲ့ မြေဧက သောင်းပေါင်း များစွာအတွက် အခွန်မရ တော့။ ဒါကြောင့်  Budget Negative Balance ပြလာတယ်။

(ဃ)အခြားဌာန တို့မှ အကောက်အခွန်များ တိုးမြှင့်ခြင်း

ကြံရာမရတဲ့အခါကျတော့ ပြည်သူပြည် သားတွေထံက အခွန်အကောက်တွေ ရသ လောက် တိုးမြှင့်ကောက်ခံတယ်။ သက်လူ မျိုးတို့နေ ထိုင်ရာ မစ္ဆဂီရိ အရပ်မှာ ထုံးစံထက် အများကြီပိုပြီး အခွန်တော်ကောက်လို့ ပုန် ကန်ထကြွမှု စတင်လာတယ်။ ပုဂံကိုလာပြီး ရောင်း ဝယ်ဖောက်ကားတဲ့ တရုတ်ကုန် သည်တွေရဲ့ လား ဝန်တင်ပစ္စည်းတွေကို အခွန်မတရားကောက်လို့ စကားများ ရန် ဖြစ်ကြတယ်။

(င) မိုးလွန်မှ ထွန်ချ

တရုတ်က ဝင်တိုက်လို့ စစ်ရှုံးပြီး ထီးနန်း ကိုရော၊ တိုင်းပြည်ကိုပါ စွန့်လွှတ်ထွက်ပြေး ပါတယ်။ သူ့အမှားတွေကို မိဖုရားစောက ပြောဆို ဆုံးမဖျောင်းဖျတော့ နောင်တရခဲ့ ရှာတယ်။ ဒါပေမယ့် အချိန်သိပ်နှောင်းခဲ့ပြီ။

(စ) လမ်းဆုံး

ထွက်ပြေးတိမ်းရှောင်လာတာ ပုသိမ် ကနေ သားတော်ရှိတဲ့ ပြည်ကို အရောက် သားတော်က အဆိပ်ပါတဲ့ စားပွဲတော်ကို ဆက်သတယ်။ အဆိပ်ပါမှန်း သိသိကြီးနဲ့ စားရရှာတယ်။ ”ငါသည် နောင်ဘဝများ၌  သားယောက်ျားဖခင် မဖြစ်ရပါစေနှင့်”လို့ မျက်ရည်လည်ရွဲ ဆုတောင်းသွားပြီး ဘုန်း ကြီးစဉ်အခါ က ဟင်းခွက်သုံးရာနဲ့ နေ့စဉ် ပွဲတော်တည်တယ် လို့ နာမည်ကြီးခဲ့တဲ့ နရ သီဟပတေ့ဟာ အစားကြောင့်ပဲ နတ်ရွာ စံခဲ့ရရှာပါတယ်။ သူနဲ့အတူ ပုဂံခေတ်ကို လည်း တစ်ခါတည်း စုတေစေခဲ့ တယ်လေ။

(၁၁)
ဘုရင်ညံ့သုံးပါး (ဒုတိယပိုင်း)

ဒုတိယမြောက် ဘုရင်ညံ့အဖြစ် မှတ် တမ်းဝင်သူကတော့ ဟံသာဝတီပါ မင်းပါ တဲ့။ မွန်တို့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရပြီး ဟံသာဝတီ ပဲခူးကို ဓားစာခံအဖြစ် ပါသွားခဲ့လို့ ဒီအမည်တွင်ပါတယ်။ သူ့ရဲ့ ညံ့ကွက်များကတော့-

(က) ဝါနုခြင်း

တရုတ်ပြေးမင်းလို အဖြစ်မျိုး သမိုင်း တစ်ပတ်လည်ပြီး သူ့မှာ ကြုံခဲ့ရတာပါ။ ခမည်းတော် တနင်္ဂနွေမင်း နတ်ရွာစံတော့ ညီတော် ဗဒုံမြို့စား နန်းရနိုင်ပါလျက်နဲ့ နန်းတွင်းမှာ သြဇာလွှမ်းတဲ့ ဝန်ကြီးဦးပုက ဇွတ်အတင်းအဓမ္မ နန်းတင်ရာက အသက် ၁၉ နှစ်မှာပဲ မင်းပျိုမင်းလွင်လေး ဘဝနဲ့ ဘုရင်ဖြစ်လာခဲ့တယ်။ ပျော်လိုက်တာ မိုး မဆုံး လေးမဆုံးပေါ့။

(ခ) လေယူရာတိမ်း၍ ကြိုးဆွဲရာကသူ

ထုံးစံအတိုင်း ဘုရင်လည်း ဖြစ်ကရော ငယ်ဆရာမောင်ဖြိုးကို ရာဇနန္ဒ ဘွဲ့ချီးမြှင့်ပြီး အတွင်းဝန်ခန့်တယ်။ အထိန်းတော်နဲ့ ပေး စားပြီး ဘုရင့်နောင် ဘွဲ့တပ် မြှောက်စားခဲ့ တယ်။ အမြှောက်စားခံရတဲ့ မောင်ဖြိုးက မာန်တွေတက်ပြီး ကုန်းချောတော့လည်း လွယ်လွယ်ကူကူ ယုံစား ပြီး ကျေးဇူးရှင် ဝန် ကြီး ဦးပုကိုရော၊ သံဃရာဇာကိုပါ ကွပ်မျက် စေခဲ့တယ်။

(ဂ) အခွန်၊ အကောက်

တောင်သူ လယ်သမားတွေရဲ့ စပါးကို ထွက်သမျှရဲ့ လေးစုတစ်စု (၂၅ ရာခိုင်နှုန်း) အခွန်ကောက်ယူခြင်းကြောင့် လယ်မစိုက် ကြတော့တဲ့အတွက် ဆန်ရေစပါး ရှားပါးမှု ကြီး ဖြစ်ပေါ်လာတယ်။

(ဃ) ဘဏ္ဍာရေးအခြေအနေ

ငွေဒင်္ဂါးလည်း နောက်ထပ် မလုပ်နိုင် တော့လို့ ငွေချိန်နဲ့ပဲ သုံးစွဲနေကြရတယ်။ နေပြည်တော်မှာ ရိက္ခာပြတ်လပ်တာကို အခွင့်ကောင်း ယူပြီး နန်းတွင်း ကျီတော်ငွေ ထဲက ဆန်စပါးကို မိဖုရားနဲ့တကွ နန်း တွင်းသူတွေက အမြတ်ကြီးစား ဈေးတင် ရောင်းကြပြန်တယ်။

တိုင်းသူ၊ ပြည်သားတို့ အစာရေစာ ငတ်မွတ်ခေါင်းပါးလာကြလို့ ဆူပူအုံကြွမှု တွေဖြစ်နေတုန်း ဟံသာဝတီပဲခူးက မွန်တို့ ရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ခံရတယ်။ ပဲခူး သားတွေကို ခုခံတိုက်ခိုက်ဖို့ အားအင်ကုန် ခန်းနေကြတဲ့ ဗမာတွေဟာ ကိုယ့်လက်နက် တောင်ကိုယ် မထမ်းနိုင်လောက်အောင် အခြေအနေဆိုးလွန်းကြတဲ့အတွက် စစ်ပွဲ ဟာ မတိုက်ခင်က ရှုံးပြီးဖြစ်ခဲ့ရတယ်။

(င) မိုးလွန်မှ ထွန်ချ

ဝန်ကြီးဦးပုနဲ့ အမတ်ကြီးသုံးဦးကို ကွပ်မျက်စဉ်က ဦးပု မသေခင် ”ငါတို့မှူးမတ် တစ်စုသေရတာထက် နိုင်ငံပျက်မှာကို ငါ သနားလိုက်ကဲ့” လို့ ပြောခဲ့တာကို ပဲခူး ရောက်ပြီး အကျယ်ချုပ်မှာနေရမှ သူ သတိရတယ်။ ”ဝန်ကြီး ဦးပုရှိသော် ဤကဲ့ သို့မဖြစ်လေ”ဆိုပြီ တမ်းတသတဲ့။ နောက် ကျရှာသကိုး။

(စ) လမ်းဆုံး

ပဲခူး မှာအကျယ်ချုပ် ခံနေရတုန်း ငါး ကြီးတစ်ကောင် ခေါင်းပုပ် သေဆုံး နေပြီးမှ အမြီးတခပ်ခပ် ဖြစ်နေတယ်ဆိုတဲ့ သတင်း ကို သူကြားတော့ ”ငါတည်းဟူသော ဦး ခေါင်းပုပ်၍ သေပြီဖြစ်သော်လည်း အမြီး တည်းဟူသော ငါတို့ ဗမာ အမျိုးသားတို့ သည် မကြာခင် အထွက် အထိပ်သို့ရောက် လိမ့်မည်”လို့ အချုပ်ထဲက ကြုံးဝါးသတဲ့။ ဒီသတင်း မွန်မင်းကြားတော့ ဒင်းထားလို့ မဖြစ်ချေဘူး ဆို ပြီး ခေါင်းဖြတ် သတ်လိုက် လို့ သေရှာပါလေရော။

(ဆက်ပါဦးမည်)
သင့်လူ
ကိုးကား
၁။    ဦးတင်၊ ပုဂံဝန်ထောက်၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းများ၊ ဒုတိယတွဲ
၂။    ညိုမြ၊ ကုန်းဘောင်ရှာပုံတော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*