ရှားပါး ဓာတ်ပုံလေး တစ်ခု

ရှားပါး ဓာတ်ပုံလေး တစ်ခု
March 23, 2017 Asian Fame

11:07 am
ရှားပါး ဓာတ်ပုံလေး တစ်ခု

Mg-Swe-Thet1-Articleကျွန်တော်သည် အသက်ပြည့် သည်နှင့် တပ်မတော်ထဲ ဝင်ခဲ့သူ ဖြစ်ပါ၏။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်မြို့ကြီးကို ဂျပန် စစ်လေယာဉ်ပျံများ လာရောက် ဗုံးကြဲချသည်။ အသက်ခြောက်နှစ် ပြည့် ပြီးစ သူငယ်တန်းကျောင်း  သားလေး၊ လူကြီးမိဘများ နှင့် အတူ လေယာဉ်ပျံတွေကို မော့ကြည့်ခဲ့ဖူး သည်။ နေရောင်မှာ ပြောင်ပြောင် လက် လက်လေးတွေ ကျလာသည် ကိုသဘောကျစွာ လက်ခုပ်လက်ဝါး တီးခဲ့ဖူး သည်။ မြေပြင်ပေါ် ဗုံးတွေ တစ်အုံးအုံးကျသံ ကြားမှ လူကြီး တွေနှင့်အတူ ဘုရားစင်ရှေ့မှာ လက်အုပ်ချီလျက် ဘုရား- ဘုရား ဟု နှုတ်မှရွတ်ဆိုခဲ့ဖူးပါ၏။

ဒုတိယ ကမ္ဘာစစ်မှာ စစ်သား မျိုးစုံ မြင်ခဲ့ရဖူးသည်။ စစ်ကြီးပြီး တော့လည်း မြို့မ အမျိုးသားကျောင်း တွင် စာသင်နေဆဲ၊ အင်းစိန်မြို့ကို KNDO တွေဝင်တိုက် သိမ်းပိုက် သည်ဆို၍ အိမ်နှင့်နီးရာ အလွတ် ပညာသင်ကျောင်းကို ပြောင်းခဲ့ ရဖူးပါ၏။

ဟိုမြို့ သည်မြို့ ဟိုရွာ သည်ရွာ တွေ သောင်းကျန်းသူမျိုးစုံက သိမ်းပိုက်ကြောင်း သတင်းစာတွေ မှာတွေ့ရ၏။ မီးရထားလမ်းတွေ ပျက်နေ တာ။ ရထားတွဲတွေ မှောက် နေတာ၊ တိုက်တာ အဆောက် အအုံတွေ ပျက်စီးနေတာမျိုးစုံကို ဓာတ်ပုံများနှင့် တွေ့ခဲ့ရ၏။

သည်အကြား သည်အမြင် သည် အသိတွေနှင့် အသက်တစ် ဆယ်ရှစ်နှစ်ပြည့်အောင် စောင့်ခဲ့ရ သည်။ ဗိုလ်သင်တန်း တက်ဖို့ လျှောက် သည်။ ဝင်ရောက်ဖြေဆို သည်။ တပ်မတော်သားဘဝ ရောက်ခဲ့ရသည်။ တာဝန်မျိုးစုံ ထမ်းဆောင်ခဲ့ရသည်။

၁၉၆၂ ခုနှစ်မှာ တော်လှန်ရေး ကောင်စီတက်လာပြီး လမ်းစဉ် ပါတီ အစိုးရဖြစ်လာသော ကာ လမှာ ပါတီကေဒါ မြှုပ်နှံရေး ပေါ် လစီအရ ဟု ဆိုကာ နယ်ဘက်သို့ လွှဲပြောင်း တာဝန်ထမ်းဆောင်ခဲ့ ရသည်။ ၁၉၈၂ ခုနှစ် အထိ တပ် ထဲမှာ တာဝန် ထမ်းဆောင်ခဲ့ရ သည်။ ၁၉၈၂ ခုနှစ် မှစ၍ နယ်ဘက် တာဝန်မျိုးစုံ ထမ်းဆောင်ရင်း ၂ဝဝ၆ ခုနှစ် မေလကျမှ အငြိမ်း စားယူခဲ့ရသည်။

နှစ်ပေါင်း ငါးဆယ့်နှစ်နှစ် ကျော် တာဝန် ထမ်းဆောင်ခဲ့စဉ် အတွင်း စစ်တိုက် ခဲ့ရသည်။ ဆန် စပါးဝယ်ခြင်း ရောင်းခြင်း လုပ်ခဲ့ရ သည်။ သံခင်းတမန်ခင်း လုပ်ငန်း လုပ်ခဲ့ရသည်။ ဝန်ထမ်းကာလ တစ်လျှောက်လုံး စစ်တပ်နှင့် မကင်း ကွာခဲ့။

၁၉၅၄ ခုနှစ်မှစ၍ တပ်မ တော်နေ့တိုင်း နယ်မှာဖြစ်စေ၊ မြို့ တော်မှာဖြစ်စေ အခမ်းအနားများ တက်ခဲ့ရသည်။ ကိုယ်တိုင် ပါဝင် ဆင်နွှဲ ချီတက်ခဲ့ရဖူးသည်။

ယခုတော့ အသက်ကြီးပြီ။

၁၉၄၅ ခုနှစ် မတ်လက အသက် ဆယ်နှစ်သားလေး ကျွန် တော် ဗဟန်းရွှေဂုံတိုင်လမ်းမှာ နေ ခဲ့သည်။ ယခု တပ်မတော် ပန်းခြံ ဟု ခေါ် တွင်သော ပန်းခြံသို့ ချီတက် စုရုံးကြသော စစ်သည်တွေကို တွေ့ခဲ့ရသည်။

၁၉၅၄ ခုနှစ်မှ ၂ဝဝ၆ ခုနှစ် အထိ တပ်မတော်နေ့ ရောက်တိုင်း စစ်ဝတ်စုံနှင့် ပါဝင်ခဲ့ရဖူးသလို အရပ်ဝတ်နှင့်လည်း တက်ရောက် ခဲ့ရဖူး သည်။

နှစ်စဉ် မတ်လသို့ ရောက် သည်နှင့် တပ်မတော်နေ့ အခမ်း အနား ကိုသာ အရုံရောက်နေခဲ့ရ သည်။ စစ်ဆင်ရေး နယ်မြေရောက် နေချိန်မှာပင် စစ်မြေပြင်ထွက် စစ် ဝတ်စုံနှင့် ရောက်ရာ အရပ်မှာ ရှိ သမျှ အရပ်သားတွေနှင့် တပ်မ တော်နေ့ အခမ်း အနားလေး ကျင်းပ တက်ရောက်ခဲ့ရသေးသည်။

နိုင်ငံတော်က ကျင်းပသော တပ်မတော်နေ့ အခမ်းအနားသို့ တက်ခဲ့ရပုံကို မှတ်မိနေသည်။ နောက်ဆုံး တက်ရောက်ခွင့်ရခဲ့သော တပ်မတော်နေ့ ပွဲတော်ဖြစ်ပါ၏။

တပ်မတော်နေ့ အခမ်းအနား သို့ ဖိတ်ကြားခံ ရသဖြင့်တက်ရောက် လျှင် တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့စဉ်က နောက်ဆုံး အဆင့်တံဆိပ်ကို တပ်ဆင်လျက် အခမ်းအနား ဝတ်စုံကို ဝတ်ဆင်ခွင့် ရှိသည်။ သို့သော် ၁၉၈၂ ခုနှစ်က ပါတီကေဒါ မြှုပ်နှံရေးပေါ်လစီ ဟူ သော အစီအစဉ်နှင့် နယ်ဘက်သို့ ရောက်ခဲ့ရသော ကျွန်တော် အခမ်း အနားဝတ်စှုံနမလငခနှကငအ အသစ် မချုပ်ဖြစ်တော့ပါ။

၂ဝဝ၆ ခုနှစ် အငြိမ်းစားဗိုလ် မှူးကြီးအဖြစ် တိုက်ပုံ အင်္ကျီနှင့် ခေါင်းပေါင်းနှင့် တက်ရောက်ခဲ့ရ သည်။ နောက်ဆုံး တက်ရောက်ခွင့် ရ ခဲ့သော အခမ်းအနားဖြစ်၍ အမှတ်တရ ရှိခဲ့ပါသည်။

နံနက် စစ်ရေးပြ အခမ်းအနား သို့ တိုက်ပုံအင်္ကျီ အဖြူဝတ်ဆင်၍  တက်ရောက်ခဲ့ကာ ညစာစားပွဲသို့ တိုက်ပုံအင်္ကျီ အနက် ဝတ်ဆင် တက် ရောက်ခဲ့သည်။ အရပ်ဝတ် ဝတ်ဆင် သူများ ခေါင်းပေါင်း ပေါင်းရသည်။ တိုက်ပုံအနက် ဝတ်ဆင်ရသည်။ ဖိတ်စာမှာ တိတိ ကျကျရေးထား သည်။ အထူး မှတ်ချက်ပါသေး သည်။ ”ကင်မရာ ယူဆောင်လာ ခြင်းမပြုရ” ဟူ၍။

နေပြည်တော်သို့ အစိုးရဌာန များရွှေ့ပြောင်းပြီးစ ကြီးမား၍ ခန့် ညားသော အဆောက်အအုံတွေ ဆောက်လုပ်ပြီး စမို့ အားလုံး အသစ် အဆန်းတွေ ဖြစ်နေသည်။ ဓာတ်ပုံဆရာများ မျက်စိကျစရာ။ တဖြတ်ဖြတ် ရိုက်ချင်စရာ ရိုက်ကွင်း ရိုက်ကွက်တွေ ဖြစ်သည်။

ကျွန်တော် တို့လို ဝန်ထမ်းတွေ သာမက မီဒီယာသတင်း လောကမှ တက်ရောက်ခွင့် ရသူများလည်း ကင်မရာ ယူဆောင်လာခြင်း မပြု ရဆိုသော အခါ သူတို့ သူတို့၏ အူတွေ အသည်းတွေ လက်တွေ မည်မျှ ယားနေမည်ကို တွေးမ ကြည့်ဘဲသိနေရပါသည်။

ရဲဘော် ရဲဘက်ဟောင်းတွေ တွေ့ရသည်။ လုပ်ဖော်ကိုင်ဖက် တွေ တွေ့ရသည်။ အသိ အကျွမ်း တွေ တွေ့ရသည်။ စာပေရဲဘော် ကြီး နှစ်ယောက်ကို တွေ့ရသောအခါ တစ်ကြိမ် တစ်ခါမှ မမြင်ဖူးသော ပုံစံပါသူနှင့် တွဲလျက်မို့ အမှတ်တရ ဓာတ်ပုံရိုက်ချင်သည်။

စာပေနယ်မှ အထင်ကရ ပုဂ္ဂိုလ်နှစ်ဦး၊ ရွှေအမြုတေ ဦးဝင်း ငြိမ်းနှင့် လျှပ်တစ်ပြက် ဦးမြတ်ခိုင် တို့နှစ်ယောက် လုံချည် ဆင် တူ ခေါင်းပေါင်း ဆင်တူ၊ တိုက်ပုံအနက် ဆင်တူ ဝတ်လျက် တွေ့ရသည်။ ဦးဝင်းငြိမ်းကို တိုက်ပုံ အင်္ကျီနှင့် တွေ့ ဖူးသည်။ ခေါင်းပေါင်းနှင့် မတွေ့ဖူးသေး။ ဦးမြတ်ခိုင်ပုံကမှ ထူးဆန်းနေသည်။ ဦးဝင်းငြိမ်းက တစ်ဆယ့်နှစ်နှစ်၊ ဦးမြတ်ခိုင် က နှစ် ဆယ့် နှစ်နှစ် ငယ်ကြသည်။ သတင်းသမားပီပီ ကက်ဆက်တွေ ကင်မရာ ပစ္စည်းတွေ မှတ်စရာ ရိုက်ကူးစရာ တိုလီမိုလီတွေ မျိုးစုံ ထည့်နိုင်သော အိတ်မျိုးစုံပါသည့် ဂျာကင်လို အင်္ကျီကြီး ဖိုးယို့ဖား ယားနှင့် တွေ့နေကျ ပုံစံပျောက် နေသည်။ လည်ပင်းမှာ အမြဲ လွယ် နေကျ ကင်မရာ အကြီးကြီးကို လည်း မပါဘဲတွေ့လိုက်ရသော အခါ သတင်းသမား ပုံစံပျောက် နေသည်။ ထူးခြားဆန်းပြားနေ သည်။

ထို့ကြောင့် နိုင်ငံတော် ပွဲကြီး တွင် တရားဝင် ကင်မရာကိုင်ခွင့် မှတ်တမ်းတင် ခွင့်ရှိသော ပုဂ္ဂိုလ်ကို လိုက်ရှာရသည်။ ဆွဲခေါ်လာရ သည်။ အမှတ်တရ ဓာတ်ပုံရိုက်ပေး ဖို့ မေတ္တာရပ်ခံရသည်။

ဦးဝင်းငြိမ်းနှင့် ဦးမြတ်ခိုင်တို့ အလယ်မှာ ကျွန်တော်ရပ်လျက် သုံးယောက်တွဲပုံ ရိုက်ခဲ့ရသည်။

၂ဝဝ၆ ခုနှစ် မတ်လက ဖြစ် ပါ၏။

၂ဝဝ၆ ခုနှစ် မေလမှာ ကျွန် တော် အငြိမ်းစားယူခဲ့ရသည်။ နောက်နှစ် နောက်နှစ်တွေမှာ တပ် မတော်နေ့ အခမ်းအနားသို့ ကျွန် တော် တက်ရောက်မှု မပြုခဲ့ရတော့ ပါ။

ထို့ကြောင့် အသက်ကြီးသော် လည်း မှတ်ဥာဏ် မပျက်စီးသေး သော ကျွန်တော်က မတ်လသို့ ရောက်လေတိုင်း တပ်မတော်နေ့ကို သတိ ရနေသည်။

နှစ်စဉ် ရုပ်မြင်သံကြား အစီ အစဉ်ကို စောင့်ကြည့်နေရသည်။ အခမ်းအနား တက်ရောက်ခွင့် ရသူ များမှာ လက်ရှိ တာဝန် ထမ်းဆောင် နေ သူများ၊ လွတ်လပ်ရေးမော် ကွန်းဝင် ပုဂ္ဂိုလ်ကြီးများ၊ တပ်မ တော်မှ အငြိမ်းစား ဗိုလ်မှူးချုပ်နှင့် အထက်ပုဂ္ဂိုလ်များ၊ မီဒီယာ သတင်းသမား များနှင့် အနုပညာရှင် များဟု ထင်ပါသည်။

တစ်နှစ်ပြီး တစ်နှစ် လွတ်လပ် ရေး မော်ကွန်းဝင်များ၊ တပ်မတော် အရာရှိဟောင်းကြီးများ လျော့လျော့ လာမည် ထင်ပါသည်။ ရုပ်သံ ကို စောင့် ကြည့်သော်လည်း ဦးဝင်းငြိမ်း တို့ ဦးမြတ်ခိုင်တို့ကို မတွေ့ရပါ။ သူတို့က သတင်းမပေးဘဲ သတင်း ယူချင် သူများမို့ သူတို့ပုံများ မတွေ့ ရနိုင်ပါ။

ဖိတ်ကြားခံရမှာ သေချာ သည်။

သူတို့တက်မှာ သေချာသည်။

မဆီမဆိုင် တစ်ခုတွေးမိသေး သည်။

အသက် တစ်ဆယ့်ရှစ်နှစ်ပြည့် ချိန်က တပ်မတော်ထဲ ဝင်ပြီး သေနတ် ပိုက်၍ စစ်တိုက်ခဲ့မည့် အစား… ကင်မရာပိုက်၍ သတင်းလိုက်သော မီဒီယာလောက ဝင်မိလျှင်… မီဒီယာလောကမှာ ပင်စင်မရှိ။

ယခုလည်း အိုကြီးအိုမ သတင်းသမားအဖြစ် တက်ရောက် ခွင့်ရလေမည်လားဟု တွေးနေမိရ ပါတော့သည်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*