ကြားဖြတ်ရွေးကောက်ပွဲ မျှတမှု မရှိမည်ကို ပြည်ခိုင်ဖြိုး စိုးရိမ်နေဟုဆို

ကြားဖြတ်ရွေးကောက်ပွဲ မျှတမှု မရှိမည်ကို ပြည်ခိုင်ဖြိုး စိုးရိမ်နေဟုဆို
March 22, 2017 Asian Fame

11:37 am
ကြားဖြတ်ရွေးကောက်ပွဲ မျှတမှု မရှိမည်ကို ပြည်ခိုင်ဖြိုး စိုးရိမ်နေဟုဆို

PN-051၊ စိုင်းလမင်း

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပြီးဘက်လိုက်မှုကင်းသည့် ရွေးကောက်ပွဲမျိုး မဖြစ်လာမည်ကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် စိုးရိမ်နေသည်ဟု ယင်းပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြောသည်။

NLD အစိုးရက ဖွဲ့ပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကတိုင်ကြားသည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ တင်ပြချက်များအား လုံးကို ပယ်ချပြီး အရှုံးဟုသာ ဆုံးဖြတ်ချက်ချနေမှုအပါအဝင် ပြည်နယ် အစိုးရသစ်ကပြီးခဲ့သည့်ရက်ပိုင်းက ပါတီဥက္ကဋ္ဌ၏ အရေးကြီးသည့် မူလစီစဉ်ထားသော ကယားပြည်နယ်လူထုတွေ့ဆုံပွဲကိုဖျက်သိမ်းခိုင်းမှုတို့ ကြောင့် စိုးရိမ်စိတ်ဝင်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

စာရင်းပေးမှု နောက်ကျခဲ့သည့်အတွက် NLD ပါတီဝင်မပြိုင်ဖြစ်သည့် လစ်လပ်မဲဆန္ဒနယ်တစ်နေရာရှိသည့် ကယားပြည်နယ် ဖရူဆိုတွင် ပြည် ခိုင်ဖြိုးက မတ်လ ၉ ရက်နေ့၌ မဲဆွယ်ပွဲလုပ်မည့်အကြောင်း၊ လွိုင်ကော် တွင်လည်း လူထုတွေ့ဆုံပွဲတို့ လုပ်သွားမည့်အကြောင်း မြို့နယ်အုပ်ချုပ်ရေး မှူး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့ ဖေဖော်ဝါရီ လကုန်ပိုင်းကတည်းက တရားဝင်တင်ပြခဲ့ရာ ခွင့်ပြုမိန့်ရခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း လူထုတွေ့ဆုံပွဲလုပ်မည့်နေ့တွင်မူ ခရိုင်အုပ်ချုပ်ရေးမှူးက ၂ ရက် ကြိုတင်ခွင့်ပြုမိန့် မတောင်းဟုဆိုကာ ပွဲဖျက်ခိုင်းခဲ့ကြောင်း ဦးပိုက်ထွေးက ပြောသည်။”ကျွန်တော်တို့ အစိုးရဖြစ်တုန်းကတောင် အဲ့လို လုပ်ရပ်မျိုးတွေ မလုပ်ခဲ့ဘူး”ဟု သူက ဆက်ပြောသည်။

ကယားပြည်နယ် အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးအံ့မောင်က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ လွိုင်ကော်လူထု တွေ့ဆုံပွဲတားမြစ်ကြောင်း အ ကြောင်းကြားစာကို ပြည်နယ်ဥပဒေချုပ်များနှင့် တိုင်ပင်ပြီး စာထုတ်ခဲ့သည်ဟု ပြောသည်။ ”မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်နယ်ရွေးကော်အဖွဲ့က သတိမထား မိဘဲနဲ့ ခွင့်ပြုခဲ့တာ။ ကျွန်တော်တို့ကတော့ အဲဒီအကြောင်းကို လုပ်မယ့် နေ့မတိုင်ခင် တစ်ရက်အလိုမှသိခဲ့တာ၊ ဒါ့ကြောင့်တားမြစ်ခဲ့တာပါ” ဟု ဦးအံ့မောင်က ပြောသည်။

လွိုင်ကော်တွင် ကြားဖြတ်ရွေးကောက်ပွဲ မရှိကြောင်း၊ ထို့ကြောင့် မဲ ဆွယ်ပွဲထက် တွေ့ဆုံပွဲသာ လုပ်၍ရကြောင်း၊ အသစ်ပြဋ္ဌာန်းလိုက်သည့် ငြိမ်းစုစီဥပဒေအရ တွေ့ဆုံပွဲကို ၂ ရက်ကြိုတင်ကာ သက်ဆိုင်ရာ ရဲစခန်း မှတစ်ဆင့် တင်ပြရန်လိုကြောင်း ဦးအံ့မောင်က ပြောသည်။တားမြစ်စာကြောင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသည် လူထုတွေ့ဆုံပွဲကိုမလုပ်တော့ဘဲ ပြန်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက လွိုင်ကော်တွင်ပြုလုပ်မည့် ဦးသန်းဌေး၏ လူထုတွေ့ ဆုံပွဲသည် ကော်မရှင်နှင့်မသက်ဆိုင်ကြောင်း၊ ကော်မရှင်ဘက်က ခွင့်ပြု ပေးနိုင်သည့် ဆောင်ရွက်ချက်ထဲမပါဝင်ကြောင်း၊ ကော်မရှင်နှင့်သက်ဆိုင် သည့် ဖရူဆိုမဲဆွယ်ပွဲကို မြို့နယ်ကော်မရှင်နှင့်ချိတ်ဆက်ပြီး ခွင့်ပြုပေးခဲ့ ကြောင်း၊ လွိုင်ကော်ကိစ္စကိုမူ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတို့ထံသာ တင်ပြပါရန် ပြည်ခိုင်ဖြိုးပါတီဘက်နှင့် မိတ္တူကို ပြည်နယ်အစိုးရအဖွဲ့တို့ထံ အကြောင်းပြန်ခဲ့ပြီး ဖြစ်သည်ဟု Popular News ကို ရှင်းပြသည်။ ”ကျွန်တော်တို့ဘက်က တည်ဆဲဥပဒေနဲ့အညီ လုပ်ပြီးသွားပါပြီ။ ကျန်တာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့တာဝန်သာဖြစ်ပါတယ်” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြားဖြတ်ရွေးကောက်ပွဲကို သန့်ရှင်းပြီးဘက်လိုက်မှုကင်းသည့် ရွေးကောက်ပွဲဖြစ်အောင်လုပ်မည်ဟု ပြောဆိုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*