၄၅ နှစ်ကြာ ရပ်ဆိုင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တံဆိပ်ခေါင်း ပြန်လည် ထုတ်ဝေ

၄၅ နှစ်ကြာ ရပ်ဆိုင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တံဆိပ်ခေါင်း ပြန်လည် ထုတ်ဝေ
March 17, 2017 Asian Fame

12:48 pm
၄၅ နှစ်ကြာ ရပ်ဆိုင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တံဆိပ်ခေါင်း ပြန်လည် ထုတ်ဝေ

stamp(ရန်ကုန်၊ မတ် ၁၇)

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ စာပို့တံဆိပ်ခေါင်း ထုတ်ဝေမှု ရပ်ဆိုင်းထားခဲ့တာ ၄၅ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့နှစ်(၇၀)ပြည့် အထိမ်းအမှတ် အနေနဲ့  ဗိုလ်ချုပ်အောင်ဆန်းပုံပါ အထူးထုတ် တံဆိပ်ခေါင်း ကို ပြန်လည် ထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။

လက်ရှိ ထုတ်ဝေလိုက်တဲ့တံဆိပ်ခေါင်းကို လာရောက်ဝယ်ယူသူများပြားနေတာကို လည်း တွေ့ ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဦးဆုံး ၀န်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတံဆိပ်ခေါင်းနဲ့ တံဆိပ်ခေါင်းပါစာအိတ် ၃သိန်း ကို နိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့နှစ်(၇၀)ပြည့် အထိမ်းအမှတ်နေ့ မှာမြန်မာ့စာတိုက် လုပ်ငန်းက ထုတ်ဝေခြင်းဖြစ်တယ် လို့ ရန်ကုန် စာတိုက်ကြီးရဲ့ တာဝန်ခံ အရာရှိ ဒေါ်ကေသီလွင် ကပြောပါတယ်။

”အထူးထုတ် တံဆိပ်ခေါင်းထုတ်တဲ့နေ့ မှာ ရိုက်ပေးတဲ့ တံဆိပ်တုံးကို တံဆိပ်ခေါင်း စုဆောင်းသူတွေက အရမ်း တန်ဖိုးထားကြတယ်။ ဒီနေ့ တစ်ရက်ပဲ အဲဒီတံဆိပ်တုံးကို ထုပေးတဲ့အတွက် အထူး အလေးထားပြီး လာဝယ်ကြတဲ့သူတွေ များတယ်။” လို့ သူမကပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတဲ့ အထူးထုတ စာပို့ တံဆိပ်ခေါင်း၊ တံဆိပ်ခေါင်းပါ စာအိတ်များကို ၅၀၀ ကျပ်နဲ့ ရောင်းချတာဖြစ်ပြီး ဗိုလ်ချုပ်ပုံ တံဆိပ်ခေါင်းပုံစံပို့စကဒ် တစ်ခုကိုတော့ ငွေ ကျပ် ၁၀၀ နဲ့ ရောင်းချပါတယ်။

”ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်တာဆိုလို့ ရှိရင် မြန်မာပြည် လွတ်လပ်ရေးရရချင်းမှာ ၁၉၄၈ ခုနှစ်မှာ ဇန်န၀ါရီလ ၆ ရက်နေ့ မှာ ဗိုလ်ချုပ်ပုံ နဲ့ တံဆိပ်ခေါင်း ငါးလုံး စထုတ်တယ်။ ပြီးတော့ တော်လှန်ရေး ကောင်စီခေတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက်တော့ ထုတ်သေး တယ်။ အဲဒါပြီးကတည်းက မတွေ့ ရတော့တာ အခုမှပဲပြန်တွေ့  ရတော့တယ် အခြားနိုင်ငံတွေ ဆိုရင် ၁၉ ရာစုကနေ ဒီနေ့ အထိ ထုတ်နေ တုန်း။” လို့  မြန်မာနိုင်ငံတံဆိပ်ခေါင်း ၀ါသနာရှင်များအသင်း နာယက ဦးကျော်ဝင်းမောင် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တံဆိပ်ခေါင်းတွေ ထုတ်ဝေတာ အခု တစ်ကြိမ်နဲ့ ဆိုရင် လေးကြိမ်ရှိပါပြီ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရစဉ်က တစ်ကြိမ် ၊ ၁၉၆၈ လွတ်လပ်ရေး ရပြီး ၂၀ နှစ်မြောက်နေ့မှာ တစ်ကြိမ်၊ ၁၉၇၂ ပြည်ထောင်စုနေ့မှာ တစ်ကြိမ် နဲ့ အခု နိုင်ငံခြားရေး ၀န်ကြီးဌာန နှစ် ၇၀ ပြည့်မှာ တစ်ကြိမ် တို့ဖြစ်ပါတယ်။
နှစ်လေးဆယ်ကျော် တံဆိပ်ခေါင်းစုဆောင်းလာတဲ့ အင်းစိန်မြို့ နယ်နေ ဦးအုန်းကြိုင်က ” နှစ်ပေါင်းလေးဆယ်ကျော်ရှိပြီး

ဦးလေး တံဆိပ်ခေါင်းစုတာ သီးသီးသန့်  သန့် ဗိုလ်ချုပ်ပုံ နဲ့ ရတာ ဒီတစ်ကြိမ် ပဲရှိသေးတယ် အရင်တုန်းက ဆိုရင် အိန္ဒိယ ကနေထုတ်တဲ့ တံဆိပ်ခေါင်း ပေါ်မှာ ဗိုလ်ချုပ်ပုံပြောင်းလဲ ရိုက်ပြီး ပြန်သုံးခဲ့ရတယ် ၁၉၄၇ ခုနှစ်လောက်က ။ ဗိုလ်ချုပ်ပုံနဲ့ သီးသီးသန့် သန့်  ထွက်လာ တာ အရမ်း ၀မ်းသာတယ်ဗျာ ” လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ အထူးထုတ် စာပို့ တံဆိပ်ခေါင်းများကို ဒီကနေ့ မတ်လ ၁၇ ရက်နေ့ မှာ တစ်နိုင်ငံလုံး မှာရှိတဲ့ စာတိုက် ၁၃၈၁ တိုက်မှာ တစ်ပြိုင်တည်းရောင်းချ သွားမှာဖြစ်ပြီး အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းဖြစ်တဲ့ အတွက် ကုန်သွားရင် ထပ်မံရိုက်နှိပ်မှာ မဟုတ်ဘူး လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*