လိုင်စင်မဲ့လုပ်ငန်းများအား စစ်ဆေးရာတွင် FDA ဝန်ထမ်းအချို့ အရိုက်ခံရဟုဆို

လိုင်စင်မဲ့လုပ်ငန်းများအား စစ်ဆေးရာတွင် FDA ဝန်ထမ်းအချို့ အရိုက်ခံရဟုဆို
March 16, 2017 Asian Fame

3:25 pm
လိုင်စင်မဲ့လုပ်ငန်းများအား စစ်ဆေးရာတွင် FDA ဝန်ထမ်းအချို့ အရိုက်ခံရဟုဆို

စိုင်းလမင်း
နေပြည်တော်၊ မတ် ၁ဝ

တရားမဝင်လိုင်စင်မဲ့ စားသောက်ကုန် လုပ်ငန်းများအားသွားရောက် စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA ဝန်ထမ်းအချို့ အရိုက်ခံရခြင်းများပင်ရှိကြောင်း FDA မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

”တရားမဝင်၊ လိုင်စင်မရှိတဲ့သူတွေကို ဖမ်းတဲ့အခါကျတော့ ဒီအတိုင်းကြီးပဲ ဖမ်းလို့မရဘူး။ သူတို့ရောင်းလား၊ ထုတ်လုပ်နေလားကို လိုက်ပြီးတော့ ကြည့်ရတယ်။ အဲ့ဒီလိုမျိုးမှာ လုပ်ငန်းရှင်တွေမသိအောင် သွားရတဲ့အတွက် ကျွန်တော်တို့ဆီကဝန်ထမ်းတွေ ရိုက်ခံရတာတောင်ရှိတယ်။ တစ်ယောက်စ နှစ်ယောက်စ ပေါ့” ဟု ၎င်းက ပြောသည်။ ဈေးကွက်သို့ ရောင်းချမည့် အစားအသောက်များအား FDA သို့လာရောက်ပြသသည့် ပစ္စည်း နှင့် လက်တွေ့ရောင်းချသည့် ပစ္စည်း မတူညီခြင်းများကိုလည်း တွေ့ရကြောင်း၊ ထို့ကြောင့်ပစ္စည်း များကို ပြန်လည်တင်သွင်းသည့် အခါ FDA က ထပ်စစ်ကြောင်း၊ ထိုသို့ စစ်ဆေးခြင်းကို ကုန်သည်များက လက်မခံကြကြောင်း ၎င်းက ပြောသည်။

”ဥပမာ-နေကြာဆီကို ဈေးကွက်ထဲရောင်းမယ်ဆိုပြီး ကျွန် တော်တို့ကိုလာပြတယ်။ တကယ်ရောင်းတော့ သုံးပြီးသားဆီတွေကိုသာ ရောင်းချနေတယ်။ ကျွန်တော်တို့ ဒါမျိုးတော့ လုံးဝလက်မခံဘူး။ အဲ့ဒါတွေကြောင့် ပြန် တင်သွင်းတဲ့အခါ ပြန်စစ်တယ်။ အဲ့ဒါကို ကုန်သည်တွေက လုံးဝလက်မခံကြဘူး။ ကျွန်တော်ဆို ခဏခဏ အတိုင်ခံရတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ပြည်သူတွေ ဒုက္ခဖြစ်မယ့်ဥစ္စာမျိုး ကိုတော့ လုံးဝလက်ခံမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။လက်ရှိတွင် FDA အနေဖြင့် အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အမျိုးသားအဆင့်အလုပ် ရုံဆွေးနွေးပွဲကို နေပြည်တော် တွင်ပြုလုပ်ခဲ့ပြီး စားသုံးရန်မသင့်သော အစားအသောက်များနှင့် ဆေးဝါးများကိုလည်း နိုင်ငံပိုင် မီဒီယာများမှနေ၍ ထုတ်ပြန်ပေးလျက် ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*