သူတို့အမြင်

သူတို့အမြင်
March 16, 2017 Asian Fame

11:54 am
သူတို့အမြင်

opinion1လက်ရှိ မဟာသင်္ကြန် ရုံးပိတ်ရက် များသည် ရက်ရှည်ကာလ ရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ရှည် ဖြစ်ပေါ်စေသဖြင့် နိုင်ငံတကာနှင့် ဆက် သွယ် ဆောင်ရွက်ရာ တွင် ရုံးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်လာခြင်း နှင့် ကုန်စည် စီးဆင်းမှုများ နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဟူ၍ ယခင်က ၁ဝ ရက်ရှိခဲ့သော မဟာသင်္ကြန် ရုံးပိတ်ရက်များအား ၅ ရက်အဖြစ် ပြင်ဆင် သတ်မှတ်လိုက်သည့် အမိန့်ကြော်ငြာစာ ကို ပြည် ထောင်စုအစိုးရ အဖွဲ့မှ မတ်လ ၁ဝ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြင်ဆင် သတ်မှတ်ချက်သည် နိုင်ငံ အဝှမ်းရှိ ပြည်သူများ အကြားတွင် အထူး လှုပ်ခတ်ခဲ့သည်ကို အားလုံး အသိပင်ဖြစ်ကြ ပါလိမ့်မည်။ အဓိက အချက်မှာ ယခု ၂ဝ၁၇ ခုနှစ် မဟာသင်္ကြန် ပိတ်ရက်များကို ချက်ချင်းပင် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ပင်ဖြစ်သည်။ အဘယ်ကြောင့် ဖုတ်ပူမီးတိုက် အဆောတလျင်ပြောင်းလဲ သတ်မှတ်ရလေသနည်း။ အချိန်ယူ၍ အဘယ်ကြောင့် မစီမံကြလေ သနည်း။ ထိုသို့ ပြောင်းလဲ သတ်မှတ်လိုက်သဖြင့် မည်သို့သော တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သနည်း။ ထိုသို့ပြောင်းလဲ သတ်မှတ် လိုက်သဖြင့် မည်သို့သော ဆိုးကျိုးများ ပေါ်ပေါက်လာနိုင် သနည်း။ အစရှိသည်တို့နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စား လှယ်များ အပါအဝင် ပြည်သူတို့၏ အသံများကို တင်ပြလိုက်ရပါကြောင်း။

ဦးနေဘုန်းလတ်
(သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

လျှော့တဲ့ကိစ္စကတော့ အစောကြီးကတည်းက ငါး ရက်ပဲပေးတာ။ ဆယ်ရက်ကို တိုးလိုက်တာ။ ဟိုး အရင် တုန်းက ငါးရက်ပဲသွားနေတာ။ တကယ်တမ်း စီးပွားရေး အမြင်အရ ကြည့်မယ်ဆို ရက်အရှည်အကြာကြီး ပိတ် တာက မကောင်းဘူးလေ။ အထူးသဖြင့်တော့ ဘဏ်လုပ် ငန်းတွေ၊ ကျန်တဲ့ လုပ်ငန်းတွေလည်း ရက်ရှည်ပိတ်တဲ့ အခါ အနည်းနဲ့ အများတော့ အခက်အခဲဖြစ်တယ်။ ရက် အရှည်ကြီး မထားသင့်ဘူး ဆိုတာက မနှစ်ကလည်း ပြောခဲ့ကြတယ်။ အခုကိစ္စက လူထုကို သေချာရှင်းပြဖို့လို တာပေါ့။

နောက်တစ်ခုက အချိန်ပေးပြီး သေချာရှင်းပြဖို့ တော့ အားနည်းတာပေါ့။ ဆယ်ရက်ကို ငါးရက်လျှော့မယ် ဘာကြောင့် လျှော့သလဲ၊ ဘာလို့ လျှော့ဖို့ လိုအပ်သလဲ။ လျှော့ခြင်း မလျှော့ခြင်းအပေါ်မှာ ဘာတွေ ထိခိုက်နစ်နာ နိုင်သလဲ ဆိုတာကို လူထုကိုသေချာ ဂဃနဏ ရှင်းပြပြီး မှသာလျှင် လုပ်တာ ပိုကောင်းမယ်။ အခုဟာက လုပ် လိုက်တာက ရုတ်တရက်ကြီးလေ။ ၁ဝ ရက်ပေးနေရာ ကနေ ရုတ်တရက် ငါးရက်ပဲ ပေးတော့မယ် ဆိုတော့ တော် တော်များများက ဘယ်သူမှလက်မခံချင်ဘူးလေ။ အမှန် က ဆယ်ရက်ဆက်တိုက် မပေးတာ ဘဲ ဖြစ်ပြီးတောာ့ လျှော့သွားတဲ့ ငါးရက်ကို အခြား တစ်နည်းနည်းနဲ့ပေးတဲ့ ပုံစံမျိုးနဲ့ စဉ်းစားသင့်တယ်။ အဲဒီလိုပဲ စဉ်းစားမယ် ထင် ပါတယ်။

နောက်ကျွန်တော် တို့ဆီမှာ ပိတ်ရက်က တနင်္ဂနွေနဲ့ တိုက်သွားတာ မျိုးရှိတယ်။ အဲဒါမျိုး ဆိုရင်လည်း ဘယ် လိုပြန်ပြီးပေးမ လဲပေါ့။ နှစ်ဖက်ပေါ့နော် စဉ်းစားမယ် ဆိုရင်။ ဝန်ထမ်း အလုပ်သမားရယ်၊ အလုပ်ရှင်ရယ် ဆိုပြီး တစ် ဖက်တည်း ကို ကြည့်ပြီးတော့ တစ်ဖက် တည်းကောင်းဖို့ အတွက် လုပ်မယ် ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေ မှာ မဟုတ်ဘူး။ နိုင်ငံအကျိုး စီးပွားလည်း ကြည့်ရမယ်။ ပါဝင်ပတ်သက်နေတဲ့ အလုပ်ရှင်၊ အလုပ်သမားတို့ရဲ့ အကျိုးစီးပွားရော၊ သဘောထား အမြင်ရော စဉ်းစားသုံး သပ်ပြီးမှ ညှိညှိနှိုင်းနှိုင်း လုပ်တာ ပိုကောင်းမယ်။

အခုက  ပြောစရာရှိတာက အရမ်း မြန်တယ်။ ပြီး တော့ ကြိုတင် အသိပေးရှင်းပြမှု အားနည်းတယ်။ လူထု နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ ကိစ္စကို ဝုန်းဒိုင်းကြီး ငါတို့ လျှော့တယ်ကွာ ဆိုပြီး လုပ်လိုက်တာကြီးက ကိုယ်စား လှယ်တစ်ယောက် အမြင်အရတော့ မဖြစ်သင့် ဘူး။ လျှော့သင့်တယ်လို့ ယူဆတယ် ဆိုရင်တောင်မှ လူထုကို လျှော့ရခြင်း အကြောင်းရင်းကို အလေးအနက်ထား ရှင်းပြ ဖို့ လိုမယ်။ အစက ဝန်ကြီး ဌာနတွေကို သဘောထား တောင်းခံတဲ့စာ ထွက်လာတော့ အဲဒီအခါကျ ဒီနှစ် သဘောထား တောင်းပြီး နောက်နှစ်ကျမှ တကယ်လျှော့ မလား ထင်မိသေးတယ်။ အဲဒီလို မလုပ်ဘဲနဲ့ ချက်ချင်းကြီး ဒီနှစ်ကို လျှော့ချလိုက်တဲ့ ပုံစံမျိုး ဖြစ်သွားတယ်။

အမှန်က တစ်နှစ်တာလုံးက အချက် အလက်တွေ ယူမယ်၊ သဘောထားတွေ ယူမယ်၊ လိုအပ်ရင် စစ်တမ်း ကောက်မယ်။ ရှင်းပြတဲ့ လုပ်ငန်းစဉ်တွေ လုပ်မယ်ပေါ့။

အလုပ်သမားတွေ စဉ်းစားတာကလည်း အရမ်းမှန် တယ်။ တချို့ အလုပ်သမား အခွင့်အရေးတွေ တောင် မရသေးတာကို တိုက် ယူနေရတဲ့ အချိန်မှာ ရပြီးသား အခွင့်အရေးလေး ဆုံးရှုံးသွားတယ် ဆိုတဲ့ အမြင်မျိုး။ ဒါ ဘာမှ သူတို့ကိုအပြစ် သွားမြင်လို့မရဘူး၊ ဒီလိုပဲ မြင်မှာ။

အဲဒီအခါကျတော့ အလုပ်သမားတွေရဲ့ အခြားသော ခံစားခွင့်တွေ ရပိုင်ခွင့်တွေ၊ လျှော့ရက်တွေရော ရအောင် ဘယ်လောက် လုပ်ပြီးပြီ လဲပေါ့။ အဲဒါတွေ လည်း စဉ်းစား သင့်တယ်။

ကျွန်တော်တို့ ဆီက အလုပ်သမားတွေဆိုတာက တော့ ကျွန်တော် သိသလောက် အခွင့်အရေး တော်တော် ဆုံးရှုံးတယ်။ အဲဒီထဲကမှ ရပိုင်ခွင့်ငါးရက် ထပ်ပြီးပေး လိုက်ရသလို မျိုးကြီးကျ သူတို့ဘက်က မကျေမနပ်ဖြစ် တယ်ဆိုတာလည်း သဘာဝကျပါတယ်။

ဦးမောင်ကြိုင်
(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှု
လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)  

အစိုးရကတော့ သူတို့ စီးပွားရေးနဲ့ သူတို့ဘဏ္ဍာရေး ကိစ္စတွေကြောင့် လျှော့လိုက်တာလို့ ပြောတာပေါ့။ ကျွန် တော်တို့ အလုပ်သမားတွေ ဘက်ကျတော့ နစ်နာပါတယ်။ ခါတိုင်း ၁ဝ ရက်ပိတ်တဲ့ ဟာမျိုးပဲဖြစ်စေချင်တယ်။ သူတို့ ကတော့ သူတို့ အမှန်ပဲပြောမှာပေါ့။ ကျွန်တော်တို့ အလုပ် သမားထုကလည်း ပင်ပန်း နွမ်းနယ်နေတဲ့ အချိန်လေးမှာ  ၁ဝ ရက်လောက်တော့ နားချင်တာပေါ့ ဗျာ။ နှစ်စဉ် လုပ် နေရတဲ့ အလုပ်ကြီးလေ။ နှစ်တိုင်းလည်း ပိတ်ထားတော့ ပိတ်စေချင်တာ အမှန်ပဲ။

ကျွန်တော်တို့ အလုပ်သမား အဖွဲ့တွေလည်း ထုတ် ပြန်ထားပါတယ်၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး။ ဒီငါးရက် လျှော့ လိုက်လို့လည်း ဘာမှ အကျိုးယုတ်တာ တော့ အရင်က လည်း မကြားခဲ့ဖူးဘူးဗျ။ ၁ဝ ရက်ပိတ်လိုက်လို့ ဆိုပြီး နိုင်ငံကြီး ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ် ဆိုပြီး မကြားမိဘူး။ အကျိုးလည်း ယုတ်လိမ့်မယ်လို့တော့ ကျွန် တော်မထင်ပါဘူး။

ဦးခင်အောင်ထွန်း
(ဒုတိယဥက္ကဋ္ဌ၊
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်)

အမှန်တော့ အနည်ဆုံးပေါ့ ခြောက်လလောက် ကြို ပြောဖို့သင့်တဲ့ ကိစ္စတစ်ခုဗျ။ ကျွန်တော့် အမြင်ပေါ့။နောက် တစ်ခုက မှန်ပါတယ် ၁ဝ ရက် ပိတ်ထားတယ် စနေတနင်္ဂ နွေ ဆက်ရင် ၁၂ ရက် ၁၃ ရက်တောင် ဖြစ်သွားတယ်။ အဲဒီလောက်ကြီး တစ်လလုံးမှာ တစ်ဝက်လောက် ပိတ် နေတဲ့ဟာကတော့ အထူးသဖြင့် လုပ်ငန်းတွေ၊ စက်ရုံ တွေ၊ ဘဏ်လုပ်ငန်းတွေ Export  လုပ်ငန်းတွေ အတွက် မကောင်းဘူးပေါ့လေ။

တစ်လတည်းမှာ ပိတ်ရက် တစ်ဝက်လောက်ရှိတဲ့ တိုင်းပြည် ဆိုတာ ကျွန်တော့် အထင် ကမ္ဘာပေါ်မှာတောင် သိပ်မရှိလောက်ဘူး။ ဒါကတော့ ကျွန်တော်တို့လည်း မနှစ်သက်ပါဘူး။ ဒါပေမဲ့လည်း ပြောသလိုပေါ့ အနည်း ဆုံး ခြောက်လ တစ်နှစ် ကြိုပြောသင့်တဲ့ ကိစ္စပါ ဒါက။ အခုက ပြက္ခဒိန်တွေလည်း ထွက်ထားပြီး ဖြစ်နေပြီးတဲ့ အခါကျတော့ လူတွေက တချို့ရက်တွေမှာ အလှူတွေ ဘာ တွေလုပ်မယ်။ ရဟန်းခံကြမယ့်လူတွေ၊ ခရီးသွားကြမယ့် လူတွေ။ အထူးသဖြင့် ပြည်ပ ခရီးထွက် ကြမယ့်လူတွေ ပေါ့။

ဒီမှာလည်း လူတွေက ပြည်ပ ခရီးတော်တော်လေး ထွက်လာပြီလေ။ ထိုင်း၊ မလေး၊ အာဆီယံနိုင်ငံတွေ၊ အခုဆိုရင် မြန်မာပြည်က ဥရောပ ကိုပါ ထွက်လာကြတာ တစ်နှစ် နှစ်နှစ် ရှိကြပြီ။ ဥရောပနိုင်ငံတွေ လိုမျိုးကို သွား ကြတယ်ဆိုရင်  အနည်းဆုံး ၁ဝ ရက်လောက် က လိုကြ တာကိုး။ ဒါတွေလည်း ကြိုပြီး စီစဉ်ရတာကိုး။

ဆိုတော့ အခုကျတော့ မရတာ့ဘူး ဆိုတဲ့အခါ တချို့ တော့လည်း ရချင်ရမှာပေါ့လေ မရတဲ့ အခါတော့ ကုမ္ပဏီ တွေနဲ့ ပြန်ညှိရမှာတွေ ရှိလာမယ်။ ကျွန်တော့် ကုမ္ပဏီတွေ စက်ရုံတွေကတော့  ဒီနှစ်တော့ ၁ဝ ရက်လောက် ပိတ် ပေးပြီး နောက်နှစ်ကျမှ စပြောင်းကြမှာပေါ့။

အစိုးရအနေ နဲ့ကတော့ အဆင်ပြေအောင် ဘဏ် လုပ်ငန်းတွေလည်း ဖွင့်လို့ရအောင် လူတွေလည်း ပိတ် ရက်အရှည်ကြီး မဖြစ်အောင် ဆိုပြီး လုပ်လိုက်တာ။ ဒါပေမဲ့ လွဲချော်သွားတာက သိပ်ပြီး နီးကပ်နေပြီပေါ့ဗျာ။ ဒီလိုမျိုးတော့ မလုပ်သင့်ဘူး။ ဒါတော့ ဒီလို လုပ်ထား တယ် နောက်နှစ်မှ စမယ်ဆိုလည်း ဒါကရတာပဲ။

ပုဂ္ဂလိကတွေ ကတော့ အလုပ်သမားတွေနဲ့ အလုပ် ရှင်ကြားမှာ ထိပ်တိုက်တွေ့ချင်မှာ မဟုတ်ဘူးလေ။ ဆို တော့ တော်တော် များများ ကျွန်တော် ကြားနေရတဲ့ အ ထည်ချုပ်တွေ ဆိုလည်း ပိတ်ပေးမယ်။ ကုန်သွယ်ရေး လုပ်ငန်းတွေ ကတော့ ဒါကို ပိုကြိုက်တာပေါ့ဗျာ။ ခရီး သွားလုပ်ငန်း ကတော့ ဒါကို ကြိုရောင်းထားတဲ့ ကိစ္စမျိုး တွေ ဖြစ်နေတဲ့အခါ ကျတော့ အနည်းနဲ့ အများတော့ ထိခိုက်တာပေါ့။

ဥပမာ ကျွန်တော် ပြောသလိုပေါ့ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် ခရီးစဉ်တွေကတော့ ငါးရက် ခြောက်ရက်ထက် မပိုဘူး ဆိုတော့ ပြဿနာ မရှိဘူး။ တချို့ ဂျပန်တို့ ကိုရီး ယားတို့ ဥရောပ တို့ကျတော့ ခက်ကုန်တာပေါ့။ ဒီရက်မျိုး တွေက အလှူတို့ ဘုန်းကြီး ဝတ်ကြတာတွေ ရှိတယ်။ ဒီအတွက် လုပ်ထားတဲ့ ဟာတွေက နည်းနည်းပြန်ပြီး လုပ် ရမယ့်ဟာတွေက ခက်တာပေါ့။

ဘာပဲလုပ်လုပ်ဗျာ နောက်ကြိုပြီးတော့ စဉ်းစားပြီး တော့ လုပ်ကြရင် အကောင်းဆုံးပဲ။ မလုပ်နဲ့လို့ မပြော ဘူး။ အဓိက ကတော့ တိုင်းပြည် လူထုကို ကြိုပြီးပြော စေချင်တာပေါ့။

ဒီလို လုပ်လိုက်တာဟာ ပြည်ပခရီးသွား လုပ်ငန်းတွေ အတွက်တော့ မကောင်းဘူးပေါ့။ သွားမယ့်လူတွေ အတွက် တော့မကောင်းဘူး။ ကုန်သွယ်ရေး၊ ဘဏ်တွေလုပ်တဲ့ လူတွေအတွက်တော့ ကောင်းတယ်။ အချိန်ကြိုပြောတယ်
ဆိုရင် အားလုံး လက်ခံနိုင်ပါသေးတယ်။

ဒေါ်ကြည်ပြာ
(ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်-၁၊
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

မနှစ်တုန်းကလည်း ကျွန်မ ပြောဖူးပါတယ်။ ကျွန်မ ကတော့ ပိတ်ရက် အရှည်ကြီး ပိတ်ထားတာကို သဘော မကျဘူး။ ကျွန်မတို့ တိုင်းပြည်က အရမ်း အလုပ်လုပ်ဖို့ လိုတဲ့ တိုင်းပြည်ဖြစ်တဲ့ အခါကျတော့ ဘာပဲဖြစ်ဖြစ် ပိတ် ရက်အရှည်ကြီး ကိုတော့ သဘောမကျဘူး။ ဒါပေမယ့် ဟုတ်ပါတယ်၊ သွားရေးလာရေး အဆင်ပြေအောင် ၇ ရက် လောက် ဆိုတာမျိုးပေါ့။ ငါးရက် မဟုတ်ရင်တောင်။ ငါးရက်ကတော့ သင်္ကြန်က ၄ ရက်နဲ့ နှစ်ဆန်း ၁ ရက်နဲ့ က ငါးရက်ဖြစ်သွားပြီလေ။ အဲဒီတော့ သွားရေး လာရေး ကလည်း ဒီနိုင်ငံမှာက ခက်တယ်လေ။ နယ်တွေပြန်တဲ့ အခါကျတော့ ၇ ရက်လောက်ပေါ့။ ၁ဝ ရက်ကျ သိပ် များလွန်းတယ်။ ဒီနှစ်ကို အခုလို လုပ်လိုက်တဲ့ဟာနဲ့ ပတ်  သက်ပြီးတော့ကျ နည်းနည်းမြန်တယ် လို့ ကျွန်မထင် တယ်။

ဆိုလိုတဲ့သဘောက ဒီနှစ် တစ်နှစ်နဲ့တော့ မထူး ဘူးလေ။ ဒီနှစ်ကို ၃ လပိုင်း ကျတော့မှ သင်္ကြန်ကိစ္စကို လုပ်တော့ ဒီမှာကား လက်မှတ် တွေကလည်း ကြိုပြီးတော့ တစ်လလောက် ဝယ်ရတာမျိုးလေ။ ကြိုတင် စီစဉ်ကြရ တယ်ဆိုတော့ ၃ လပိုင်းလောက်မှ အသည်း အသန် သင်္ကြန်ကိစ္စကို  မြန်မြန်ဆန်ဆန် လုပ်လိုက်ခြင်း အားဖြင့် မလိုအပ်ဘဲ ပြဿနာလေးတွေ များသွားတယ်ပေါ့။ ဆိုလို တာက မကျေနပ်တဲ့ သူတွေလည်း ရှိလာတာပေါ့။ပုံမှန် အားဖြင့် လျှော့သင့်တယ် လျှော့မယ်ဆိုရင် ငါးလပိုင်း  သင်္ကြန်တွေ ပြီးသွားတော့ မှ သုံးသပ်ပြီး ငါးလပိုင်း၊ ခြောက်လပိုင်း တို့မှာ ကြိုကြိုတင်တင်ပေါ့  ဒါကိုပြင်လိုက် ရင် ပြဿနာ သိပ်မရှိဘူးလေ။ အရမ်းကပ်တော့မှ ဒီလို ပြင်လိုက်တော့ ဟုတ်ပါတယ် ပိတ်ရက်ရှည်ကြီး မလိုဘူး ဆိုတဲ့လူတွေတောင် စီစဉ်ထားတာတွေ နည်းနည်း အခက် အခဲဖြစ်သွား တယ်။

ပြန်ပြီး ချုံ့ပြောမယ် ဆိုရင် ကျွန်မအနေနဲ့ ပိတ်ရက် အရှည်ကြီးကို နဂိုကတည်းက  သဘောမကျဘူး။ ဒါပေမဲ့ ခုနစ် ရက်လောက်တော့ ဖြစ်သင့်တယ်လို့ မြင်တယ်။ ပြောင်းမယ် ဆိုရင်လည်း သင်္ကြန်နဲ့ဝေးတဲ့ ကာလမှာ ဆုံးဖြတ်ချက် ချပြီး ပြောင်းလဲ သင့်တယ်ပေါ့။

ကိုနေလင်းဇင်
(အထွေထွေအတွင်းရေးမှူး၊
မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း)

အမှန်အတိုင်းပြောရင် ကျွန်တော်တို့ဆီက ရုံးပိတ် ရက်က များပါတယ်။ ဒါပေမဲ့လည်း ခက်တာက ဧပြီမှာ လုပ်မယ့် ဟာကို မတ်လ ကျမှ ကောက်ပြောင်းတဲ့ အခါကျ တော့ တော်တော်လေး လူတွေ အကုန်လုံး အတွက် ကသိ ကအောင့်ဖြစ်စေတယ်။ လုပ်မယ် ဆိုရင်တော့ နောက် နှစ်ကျမှ ပြက္ခဒိန်မထုတ်ခင် ကြိုလုပ်သင့်တာပေါ့။ အခု ကျ ရက်က အရမ်းကပ်သွားပြီ။ အခုလို ထုတ်ပြန် လိုက် တော့လည်း အားလုံးကတော့ စီစဉ်ပြီးသားတွေပဲ၊ ဒါပေမဲ့လည်း နားလည် ပေးရမှာပေါ့လေ။ ဒီလိုမျိုးကြီးတော့ လည်း ပိတ်လိုက်လို့ တိုင်းပြည် စီးပွားရေး ချက်ချင်းကြီး တိုးတက် သွားမယ်တော့လည်း မထင်ပါဘူး။ လူတွေအ ကုန်လုံးက အရှိန်ရှိတာကိုး။ ကျွန်တော်တို့နိုင်ငံက  ပြန်ညှိရမှာက ၂၆ ရက်လောက်ရှိနေတယ်ဗျ။ သူများနိုင်ငံမှာ မပိတ်တဲ့ လပြည့်လကွယ်တွေ ပိတ်တယ်။ အခြားနိုင်ငံ မှာ မပိတ်တဲ့ရက်တွေ ကျွန်တော် တို့နိုင်ငံမှာ အများကြီး ပိတ် ရက်တွေ ရှိနေတယ်။ အမှန်အတိုင်း ပြော ရရင်တော့ ပြန် ညှိသင့်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပြက္ခဒိန်ကိုက။
ပိတ်ရက်တစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော် တို့နိုင်ငံရဲ့ ဘတ်ဂျက် ကာလကိုလည်း ပြန်ညှိသင့်တယ်။ မတ်လ အကုန်မှာ ဘတ်ဂျက် ပိုင်းတဲ့ အတွက် တော်တော်ဒုက္ခ ရောက်ကြတယ်။ ဖြစ်နိုင်ရင်တော့ ဘတ်ဂျက်နှစ်ကို ပြက္ခဒိန်နှစ် အတိုင်းသွားရင် ပိုကောင်းမယ်။

နောက်တစ်ခုက ပိတ်ရက်တွေ များတဲ့အထဲမှ သတင်း ကျွတ်ကို သုံးရက်ပိတ်တာ၊ တန်ဆောင်တိုင်ကို ၂ ရက် ပိတ်တာတို့၊ New Year ကို ထပ်ပိတ်တာ တို့ကတော့ များတယ်။ သတင်းကျွတ် လပြည့်တို့၊ တန်ဆောင်တိုင် လပြည့်တို့ ဆိုတာလည်း ပိတ်စရာ မဟုတ်ဘူး။ ပိတ်ရက် က ဒီလောက်ဆို စီးပွားရေး အတွက်လည်း အိုကေတယ် ဝန်ထမ်းတွေ အတွက်လည်း အိုကေတယ်။ ဒီနှစ်ကတော့ ဖရိုဖရဲဖြစ်မှာပဲ။ ကျွန်တော်တို့ ဆိုလည်း ဒီလိုပိတ်ရက် တွေများရင် ဘဏ်တွေက ပိတ်တယ်။ ပိုက်ဆံပေးချေရ တဲ့အခါ တောင်သူ လယ်သမားတွေ စပါးပေါ်ပြီးခါစ ပိုက်ဆံတွေအိမ် မှာ အထုပ်လိုက်နဲ့။ ဘဏ်ကပိုက်ဆံ မထွက်တဲ့အခါလေ။ တော်တော်လေး အခက်အခဲဖြစ် တယ်။ ကောက်ပဲ သီးနှံ ထွက်တဲ့အချိန်မှာ စပါးဝယ်ဖို့၊ အလှူအတန်း လုပ်ဖို့ ပိုက်ဆံ သုံးရတာ ဘာညာနဲ့ စပါး တွေ ထွက်ရောင်းတဲ့အချိန်လေ။

ဒေါ်လှဒါလီခင်
(တိုးဒီခရီးသွားလုပ်ငန်း၊ မန်နေးဂျင်းဒါရိုက်တာ)

ဒီလို အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် ခရီး သွားလုပ်ငန်းမှာ အထိအခိုက် ရှိလားဆိုတော့ အနည်းနဲ့ အများတော့ ထိခိုက်မှု ရှိပါတယ်။ တချို့ရက်ရှည် ခရီးစဉ် တွေ ဥရောပ ခရီးစဉ်တွေ အမေရိက ခရီးစဉ်တွေသွားမယ့် သူတွေအတွက် ကျတော့ ဘာပဲပြောပြော သင်္ကြန်ပိတ် ရက်မှသာလျှင် သွားလို့ရတာလေ။ စောစောစီးစီး ကြိုပြီး သတင်း ထုတ်ပြန်ပေးမယ် ဆိုရင် အစီအစဉ် မလုပ်ရသေး တဲ့သူတွေနဲ့ ကျွန်မတို့လို ခရီးသွား ဝန်ဆောင်သူတွေ အနေ နဲ့ အာမခံတင်ပြီး နေရာတွေ ယူထားရတာလေ။ အဲဒီလို ယူထားရတဲ့ အခါ ကျတော့ အနားရောက်မှ အခုလိုဖြစ် တော့ ဧည့်သည်လည်း အဆင်မပြေ ကိုယ်လည်း အဆင် မပြေ ဖြစ်တာပေါ့။ မလာသေးတဲ့ လူတွေရော ကြိုတင်မှာ ထားတဲ့ သူတွေရော ချီတုံချတုံတွေ ဖြစ်ကုန်တာပေါ့။ စိတ် အနှောင့်အယှက် ဖြစ်ရတာပေါ့။ အခုက ဆယ်တန်းဖြေ နေတဲ့အချိန်လေ။ မိဘတွေက ကလေးတွေ စာမေးပွဲပြီးတဲ့ အခါကျမှ Booking လုပ်ကြတာလည်းရှိတော့ အနီးကပ်မှ ပိတ်တယ် ဆိုတော့ ရက်ရှည်ခရီးစဉ်တွေ လူပြည့်ဖို့ ခဲယဉ်း သွားတာပေါ့။ အစကတည်းက သိရင် ကျွန်မတို့အနေနဲ့ လည်း ရက်အတို သွားလို့ရတဲ့ ခရီးစဉ်လေးတွေပဲ တတ် နိုင်သမျှ ဆွဲမှာပေါ့နော်။

တခြားနိုင်ငံတွေ မှာလည်း ရက်ရှည်တွေ ပိတ်ပေးကြ တာပါပဲ။ မတူတဲ့ ပုံစံမျိုးတွေနဲ့ပေါ့။ နိုင်ငံအတွက် ကောင်း လားဆိုရင်တော့ ဘဏ်လုပ်ငန်းတွေ မှာတော့ ကောင်းမှာ ပေါ့။ ဒီအတိုင်းပဲ ၁ဝ ရက် ဆိုရင်တော့လည်း ရတာပဲလေ ဘာမှ ထိခိုက်နစ်နာမှုမှာ မရှိတာ။ သင်္ကြန် ဆိုတာကနိုင်ငံ တစ်ဝန်းကျင်းပတဲ့ပွဲလေ။ မြန်မာပြည်မှာ ရှိသမျှလူတွေနဲ့ သက်ဆိုင်တဲ့ပွဲလေ။ ဥပမာ တောင်ကြီး မီးပုံးပျံပွဲ ဆိုရင် တောင်ကြီးက လူတွေ သွားကြလာကြမယ်လေ။ အခုကျ တစ်နိုင်ငံလုံး ကျင်းပတဲ့ပွဲကြီး ဆိုတော့ အကုန်လုံးကမျှော် လင့်ထား ကြတာတော့ အမှန်ပဲ။ ဒီပိတ်ရက် ကလေးတွေပဲ အသုံးပြုပြီး မိဘဆွေမျိုးတွေဆီ သွားကြ လာကြရတာလေ။ အစိုးရတစ်ရပ် အနေ နဲ့တော့ အခုလိုလုပ်တာ မဖြစ်သင့် ဘူးလို့ယူဆတာပဲ။ ပိတ်ရက် ဆိုပြီး အတိအလင်းထွက်ထား ပြီးသားလေ။ ကြိုတင်စီစဉ်ပြီးတော့မှ ၂ဝ၁၇ ပြက္ခဒိန် မရောက်ခင်ကတည်းက ၃ လကြိုပြီး အကြောင်းကြား တယ်ဆိုရင်တောင် လက်ခံသေးတယ်။ အခုက တစ်လ တောင် မလိုတော့တဲ့ အချိန်ကျမှ ထုတ်ပြန်တယ် ဆိုတော့ အစိုးရတစ်ရပ်အနေနဲ့ ရှက်စရာကြီး။

ကိုလှကို
(ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံ၊
အလုပ်သမားသမဂ္ဂ)

တစ်နေ့က မန္တလေးတိုင်း၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနကနေ ဖိတ်တယ်။ သင်္ကြန်ကာလမှာ ဆယ်ရက် ပိတ်တာနဲ့ ပတ်သက် ပြီး ဆွေးနွေးပွဲ လုပ်ပါ တယ်။ ကျွန်တော်တို့က ကျတော့လည်း အစိုးရ ဝန်ထမ်း ကနေ  ပုဂ္ဂလိက ဝန်ထမ်း ဘဝကို ကူးပြောင်းလာတဲ့အခါ ကျတော့ ဒါကတော့ ဟိုးအရင်ကတည်း ကနေ ပိတ်လာ တော့ အလေ့အကျင့် တစ်ခုလိုလည်း ဖြစ်နေပြီပေါ့နော်။ အဲဒါကို အခုချိန်ကျမှ ငါးရက် ဆိုတာမျိုး ပြောင်းလိုက်မယ် ဆိုရင် အလုပ်သမားတွေဘက်က ထိခိုက်နစ်နာမှုတော့ရှိ တာပေါ့။

ကျွန်တော်တို့ ပုဂ္ဂလိက ဝန်ထမ်းတွေ တင်မကဘဲ အစိုးရဝန်ထမ်းတွေ ဆိုရင် နယ်ဝေးမှာ တာဝန်ကျနေတဲ့ သူတွေရှိတယ်။ သူတို့က ကိုယ့်ရဲ့ ဇာတိမြေလေးကို ပြန် ချင်တဲ့အခါ အခုလို နှစ်သစ်ကူး ရုံးပိတ်ရက် လေးမှာပဲ ပြန်ရတာ။ ကျန်တဲ့ရက် တွေကျ ပြန်လာလို့ အဆင် မပြေ ဘူး။ သူတို့အခု သင်္ကြန်ပိတ်ရက် ငါးရက်ကို  အခြားရက် တွေထဲ  ပေါင်းထည့်မယ်ဆိုတာကလည်း ကျွန်တော့် အမြင်အရ လုံးဝမဖြစ် သင့်ဘူးလို့ ထင်တယ်။

နှစ်ဆန်း ၁ ရက်နေ့ဆို ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေ အများဆုံးနေတာ ဖြစ်တဲ့အတွက် အဲဒီရက်မှာ ယာဉ်လိုင်းတွေ ဘာတွေလည်း မထွက်ဘူး။ အဲဒီနောက် နေ့မှာ နယ်ဝေးကို ပြန်ပြီး တာဝန် ထမ်းဆောင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနကို အကြံပြုထားပါ တယ်။ နောက်တစ်ခုက ၁ဝ ရက်ပိတ် နေရာကနေ ငါး ရက်ပဲ ပိတ်ပြီး ကျန်ငါးရက်ကို အများပြည်သူ ရုံးပိတ်ရက် တွေမှာ ပေါင်းထည့်ဖို့ ဆိုတာလည်း ဘယ်လိုမှ မပြောင်း လဲဘူးလို့ မြင်တယ်။ ပုံမှန် အတိုင်းပဲ ဖြစ်စေချင်တယ်လို့ သုံးသပ်ပါတယ်။

သူတို့ကတော့ နိုင်ငံတကာရဲ့ ကုန် စည်စီးဆင်းမှု၊ ဘဏ်တွေရဲ့လုပ်ငန်းတွေ ပုံမှန်လည်ပတ် နိုင်ဖို့အတွက် ဒီလို လုပ်တယ် ပြော တာပေါ့လေ။ ကျွန် တော့် အမြင်အရတော့ ထူးထူးခြားခြား ပြောင်းလဲသွားမှာ တော့ ဘာမှမရှိဘူးလို့ မြင်တယ်။

ဒါပေမယ့် တစ်ခု ရှိတာက ဌာန ဆိုင်ရာ အားလုံး မဟုတ်ဘဲနဲ့ ဘဏ်လုပ်ငန်း ဆိုလည်း ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဌာနစိတ်လေး တစ်ခုလောက် ကိုပဲ ခွဲခြား လုပ်သင့်တယ်လို့ ထင်တယ်။ ပြောချင်တာ ကတော့ အ လုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကို  အပြည့် အဝမရလို့ အပြည့်အဝ ရအောင် ဥပဒေနဲ့ အကိုးအကားနဲ့ လုပ်နေတဲ့ အချိန်မှာ နစ်နာပြီးရင်း နစ်နာနေတဲ့ အချိန် မှာ ရနေ တာလေး ထဲကနေ ထပ်ပြီးပေးရမယ် ဆိုတော့ အလုပ်သမားတွေ ရဲ့ ဘဝဟာ ပိုပိုပြီး နိမ့်ကျလာတယ် လို့ မြင်တယ်။ အစိုးရ အနေနဲ့ သေသေ ချာချာလေး ချိန်ဆ ပြီးမှ လုပ်စေ့ချင်တယ်။

ဦးကိုကိုကြီး
(ကုမ္ပဏီဝန်ထမ်း)

အစိုးရက သင်္ကြန်ပိတ်ရက် ကို လျှော့ချ လိုက်တာက ဖုတ်ပူမီးတိုက် လုပ်တဲ့ ပုံစံမျိုးဖြစ်တယ် လို့ထင်တယ်။ ဘာ ကြောင့်လဲ ဆိုတော့ သင်္ကြန် ပိတ်ရက် လျှော့မယ့်အစီအ စဉ်ကို နှစ်ဦးပိုင်း ကတည်းက ကြိုတင် စီစဉ်ထားတာမရှိဘဲ တစ်လ အလိုလောက်မှ အသိပေး တာကို ကြည့်မယ် ဆိုရင် သိနိုင်ပါတယ်။

နားရက်ရှည်တဲ့ အတွက် စီးပွားရေး လုပ်ငန်း အထူး သဖြင့် ကုန်သွယ် စီးဆင်းမှု ဘယ်လောက် ထိခိုက်မှုရှိခဲ့ သလဲဆိုတာ ကိန်းဂဏန်း အတိအကျ နဲ့ လေ့လာဆန်း စစ်ထားတာ ရှိလားဆိုတာ  သိချင်ပါတယ်။ တစ်ဖက်မှာ လည်း ရက်လျှော့လိုက်တဲ့ အတွက် စီးပွားရေး လုပ်ငန်း လက်တွေ့မှာ အကျိုးရလဒ် ဘာတွေ ရနိုင်မလဲ ဆိုတဲ့ အ ချက်တွေကို ဖော်ပြသင့်ပါတယ်။

အဲဒါဆိုရင် ပြည်သူတွေ အများစုကလည်း ရုတ်တ ရက်ပိတ်ရက် လျှော့တာကို လက်ခံပေးနိုင်မယ်လို့ ထင် တယ်။ ပိတ်ရက် နဲ့ ပတ်သက်ပြီး မူဝါဒအသစ်ချမှတ်တာ တွေကို လုပ်သင့်သလား မူလကျင့်သုံးနေတဲ့ အတိုင်းပဲ သွားသင့်သလားဆိုတာ စနစ်တကျ ဆန်းစစ်လေ့လာထား တဲ့ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ဖို့ လိုမယ်။ ပြည်သူ့ရွေးချယ် မှုနဲ့တက်လာတဲ့ အစိုးရ အနေနဲ့ ပြည်သူအများစုရဲ့ အသံ တွေ တောင်းဆိုချက်တွေကို လေးစားဖို့လိုတယ်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*