ချင်းအမျိုးသမီးများ အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်ဆာရာမန် အီယန်နော်န်ဆုန် နှင့် တွေ့ဆုံခြင်း

ချင်းအမျိုးသမီးများ အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်ဆာရာမန် အီယန်နော်န်ဆုန် နှင့် တွေ့ဆုံခြင်း
March 16, 2017 Asian Fame

2:47 pm
ချင်းအမျိုးသမီးများ အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်ဆာရာမန် အီယန်နော်န်ဆုန် နှင့် တွေ့ဆုံခြင်း

DawSaramanအမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ ပတ်ဝန်းကျင် ရဲ့ အားပေး မှုလိုအပ်တယ်လို့ ချင်းပြည်နယ်  ဟားခါးမြို့ အခြေစိုက် ချင်းအမျိုး သမီးများ အဖွဲ့ ရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ဒေါ်ဆာရာမန် အီယန်နော်န်ဆုန်က ပြောလိုက် ပါတယ်။ သူက ချင်းခရစ်ယာန် တက္ကသိုလ် အင်္ဂလိပ်စာ ဌာနရဲ့ လက်ထောက်နည်းပြလည်း ဖြစ်ပါ တယ်။

မကြာသေးခင်က သူနဲ့ တွေ့ ဆုံစဉ်မှာ သူက အမျိုးသမီးကဏ္ဍ၊ ချင်းဓလေ့ ထုံးတမ်း ဥပဒေ၊ ဒေသ တွင်း စိုက်ပျိုးရေး အခြေအနေတို့ အကြောင်း ပြောပြထား တာဖြစ်ပါ တယ်။

ချင်းအမျိုးသမီးများအဖွဲ့မှာ  စတင် ပါဝင်ခဲ့ပုံအကြောင်း ပြောပြ ပေးပါ။

ဟားခါးမြို့ကို ရောက်တဲ့ အချိန်မှာ ကျွန်မလည်း တက္ကသိုလ် မှာ ဆရာမ လုပ်နေတော့ တွေ့မိ တာတွေက ကျွန်မတို့ အမျိုး သမီး တွေက ကျောင်းပညာရေးမှာ ဘယ်လောက်ပဲ တော်နေနေ အမျိုး သားတွေလောက် ဦးစားပေး မခံရ တာတွေကို တွေ့မိတယ်။ ကျွန်မတို့ ချင်း အမျိုးသမီးတွေက ပညာရေး မှာလည်း ယောက်ျားလေးထက် စာရင် ဦးစားပေး မခံရဘူး။ သူက မိန်းကလေးပဲ ၊ ကျောင်းလည်း မတက်နဲ့တော့၊ တစ်ချိန်ကျရင် သူများ ဇနီးဖြစ်မယ့်ဟာ ပညာ အရမ်း တတ်နေစရာ မလိုဘူးဆိုတဲ့ အဲဒီအတွေးတွေ ကိုလည်း ကျွန်မ မကြိုက်ဘူး။ မိန်းကလေးတွေ ကိုပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟောပြော တာမျိုး မဟုတ်ဘဲ မိဘတွေကို လည်း သိစေချင်ပါတယ်။ အမျိုး သမီး ပညာတတ်တွေ အများကြီး ရှိမှပဲ ကျွန်မတို့ ချင်းပြည်တိုးတက်မယ် ဆိုတာကို မျှဝေချင်ပါတယ်။ ချင်းအမျိုးသမီး များအဖွဲ့မှာ  သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး ညွှန်ကြားရေးမှူး အနေနဲ့ ရွေးချယ် ခံခဲ့ရပါတယ်။ ဘာကြောင့်မို့လို့ အမျိုးသမီးတွေ ခွဲခြားခံနေရတာ လဲဆိုတာကို ဖော်ထုတ်မယ်။ အဲဒါ နဲ့ပတ်သက်ပြီး သုတေသန လည်း လုပ်ချင်တာပေါ့။ သူတို့ပေး တဲ့ရာထူးနဲ့ ကျွန်မ လုပ်ချင်တာနဲ့က ကွက်တိပဲဆိုတော့ တော်တော် လေးကို အဆင်ပြေပါတယ်။

ဘယ်လိုမျိုး သုတေသနလုပ်ငန်း တွေ လုပ်ကိုင်ပြီးပြီလဲ။

ကျွန်မတို့မြို့နယ်မှာ တောင် တွေပြိုတုန်းက  အစိုးရက ဟားခါး ထာရ် ရပ်ကွက် အမှတ် (၁)၊ အမှတ် (၂) ဆိုပြီးတော့ မြို့သစ် ရပ်ကွက် ဖော်ပြီး နေရာ ချပေးပါတယ်။ အဲ့ဒီ နေရာကို သွားပြီး ကျွန်မအမျိုးသမီး တွေနဲ့ စကားပြော ဖြစ်ပြီးတော့ သူတို့ ဘာတွေ ခံစားနေရလဲ ဆို တာကို သုတေသန လုပ်ဖြစ်ပါ တယ်။ သဘာဝဘေးအန္တရာယ် ကြောင့် အခက်အခဲ ကြုံနေတဲ့ အမျိုးသမီးတွေက အရင်တုန်းက တောင်သူ လုပ်ငန်း လုပ်ကိုင်တဲ့သူ တွေပဲ များတယ်။ တောင်ပြိုသွား တော့ မြေနေရာတွေလည်းပျက်ကုန် ပြီး သူတို့ အသက်မွေး ဝမ်းကျောင်း အတွက် ချင်းရက်ကန်း အထည် တွေကို ရက်နေရတယ်။ ဒါပေမယ့် အရမ်းခက်ခဲတာကို တွေ့ရတယ်။ တချို့ မိဘတွေကတော့ သားသမီး ကို ကျောင်းထုတ် လိုက်တာမျိုးတွေ ရှိတယ်။ တချို့လည်း နိုင်ငံတကာ အဖွဲ့အစည်း အကူအညီတွေ နဲ့ ကျောင်းဆက် တက်နေတာကို တွေ့ရတယ်။ တချို့ ကလေးတွေက ပညာရေးမှာ အားနည်းသွားတာ၊   ကျောင်းမတက်နိုင်တာ မျိုးတွေ တွေ့ရတယ်။ အမျိုးသမီး၊ ကလေး ငယ်တွေက အဲဒီ မြေပြိုမှုဖြစ်စဉ် နဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျနေတာ တွေ့ရတယ်၊ လူဦးရေ အရ လည်း အမျိုးသမီးတွေက အမျိုးသားတွေ ထက် များနေတယ်။ သူတို့ကို စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အများကြီး ကူညီပေးရမယ်။ ဒါက ကျွန်မရဲ့တွေ့ရှိချက်ပါ။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတုန်းက ကောက် ထားတဲ့စာရင်းအရပါ။  လောလော ဆယ်တော့ အစိုးရ အကူ အညီ ပေးမှုကြောင့် စားဖို့သောက်ဖို့ တော့ရှိပါတယ်။ သူတို့က တောင် သူပဲ လုပ်တတ်တာ။ ပိုက်ဆံပေး မယ် ဈေးရောင်း ဆိုရင် လည်း ရောင်းတတ်မှာ မဟုတ်ဘူး။ ဘယ်သူ ပဲဖြစ်ဖြစ် ကိုယ်ကျွမ်းကျင်ရာ ကျွမ်းကျင်ကြောင်းပဲ တတ်နိုင်ကြ တာ။ ထောက်ပံ့တယ် ဆိုပေမယ့် အစိုးရရော နိုင်ငံတကာ အဖွဲ့ အစည်းတွေရောက သူတို့ ကန့်သတ် ထားတဲ့ အချိန်အတော အတွင်း မှာပဲကူညီမှာပေါ့၊ အဲဒီနောက်ပိုင်း တော့ ကိုယ့်ဘာသာ ကိုယ်ပဲ ပြန်ပြီးတော့ ရုန်းကန်ကြရမှာ။ အခုက စိုက်ပျိုးရေး လုပ်တဲ့သူက စိုက်ပျိုးစရာ နေရာလည်း မရှိတော့ ဘဝ အာမခံချက် မရှိတော့တာ တွေ့ရပါတယ်။

ဒီဒေသမှာ အမျိုးသမီးတွေ အပေါ် ခွဲခြားဆက်ဆံမှု အခြေအနေ ဘယ်လိုရှိလဲ။

အခုက ပွင့်လင်းမြင်သာမှု ရှိ နေပြီ ဆိုတော့ အရင်က ထက်စာရင် ပြောင်းလဲ တာမျိုးတွေ ရှိတာပေါ့။ မပြောင်းလဲသေးတာ က … ချင်း ဓလေ့ ထုံးတမ်း ဥပဒေမှာပါတဲ့ အမျိုးသမီးက အမွေဆက်ခံခွင့် မရှိဘူး။ ပညာရေးပိုင်းမှာ ခွဲခြား ဆက်ဆံမှု ရှိတယ်။ အိမ်ထောင်ရေး ပိုင်းမှာလည်း ဒီအတိုင်းပဲ၊ အစည်း အဝေးတစ်ခု လုပ်တော့မယ် ဆို မိန်းကလေးက အောက်မှာ ထိုင် ရတာမျိုးတွေ ရှိ တယ်။ ယောက်ျား လေး က ထိုင်ခုံမှာ ထိုင်ရတယ်။  မိန်းကလေးတွေ ကိုယ်တိုင်လည်း မပြောင်းလဲနိုင်သေးတာပါ။ အဲ့ဒါ တွေ က ရှေးရိုး အစဉ် အလာတွေ အရပါ။ မိန်းကလေးနဲ့ယောက်ျား လေး တန်းတူ အခွင့်အရေး ရှိတယ် ဆိုတာ တချို့ကတော့ သိကောင်း သိမယ်။ ဒါပေမယ့် အိမ်ထောင် သည် အမျိုးသမီးဆို ထမင်းချက်ရ မယ်။ အဲဒါ မိန်းကလေး အလုပ် ဆိုပြီး တစ်သမတ်တည်း ယူဆခဲ့ တာမျိုးတွေက လူ့အခွင့်အရေး နဲ့ ကြည့်မယ်ဆိုရင် ယောက်ျားလေး မိန်းကလေး တန်းတူညီမျှ ခွင့်တော့ မရှိသေးဘူးပေါ့။ နိုင်ငံရေးမှာ၊ လူမှုရေးမှာ၊ ဘာသာရေးမှာ ခွဲခြား ဆက်ဆံမှုက ရှိနေတုန်းပါပဲ။

ချင်းဓလေ့ ထုံးထမ်းဥပဒေထဲက ဘယ်လိုအချက်တွေ ပြင်သင့်လဲ။

ချင်းဓလေ့ထုံးထမ်း ဥပဒေ မှာပါတဲ့ တခြားအချက်တွေက လယ်ယာမြေ ဥပဒေနဲ့ ဆိုင်တော့ ကျွန်မအနေနဲ့ မကျွမ်း ကျင်တော့ ပြော ရခက်တာပေါ့။ အမျိုးသမီးက အမွေ ဆက်ခံခွင့် မရှိဘူးဆိုတဲ့ဥပဒေ ကိုတော့ လက်မခံချင်ဘူး၊ ပြင်စေ ချင်တယ်။ အိမ်ထောင် တစ်ခုမှာ သားသမီးတွေ ရှိမယ်။ ယောက်ျား လေးကမိဘကို ဒီအတိုင်းပဲ ပစ် ထားတယ်။ သမီးမိန်းကလေးက ကျ တော့ မိဘတွေကို ဂရုစိုက်တယ်။ အဲဒီလို အခြေအနေမှာ မိန်းကလေး ကိုမပေးဘဲ ယောက်ျားလေးကိုပဲ ပေးရင် တရားပါ့မလား။  ယောက်ျား လေးကမှ အမွေရမယ် ဆိုတာ မဖြစ်သင့်ဘူး။ ယောက်ျား ပဲဖြစ် ဖြစ် မိန်းမပဲဖြစ်ဖြစ် တန်းတူအခွင့် အရေးရှိရမယ်။ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲ ဖြစ်ဖြစ် အမွေရပိုင်ခွင့် ရှိတဲ့ အခြေအနေ မျိုးကို ဖြစ်စေချင် ပါတယ်။ ချင်း ဥပဒေမှာ အမျိုးသမီးတွေ နိုင်ငံရေး မှာ ပါဝင်ခွင့် ရှိဖို့ကိုလည်း ပြဋ္ဌာန်း ထားပါတယ်။ သီအိုရီ အတိုင်းရှိတာ မျိုးမဟုတ်ဘဲ၊ နိုင်ငံရေးမှာ အမျိုး သမီးတွေ ပါဝင်ဖို့ကို ဆွဲခေါ်ဖို့လို ပါတယ်။ ဆွဲခေါ်ပြီးတော့ တွန်း အားပေးတာမျိုးတွေ ဖြစ်စေချင် ပါတယ်။ အမျိုးသမီးတွေ ဆိုရင် အိမ်မှုကိစ္စပဲ လုပ်ရမယ် ဆိုပြီးတော့ နိုင်ငံရေးမှာ ပါလာတဲ့ အမျိုး သမီး တွေကိုတော့ တကယ် အထူးအဆန်း လို ဖြစ်နေတာမျိုးတွေတော့ မဖြစ်သင့်ဘူး။ အမျိုးသမီးက နိုင်ငံ ရေးမှာ ပါဝင်တယ် ဆိုရင် သူ့ ပတ်ဝန်းကျင် ကလည်း အားပေး ကူညီဖို့ လိုပါတယ်။ မိန်းကလေး အလုပ်လည်း မဟုတ်ဘဲနဲ့ သူလုပ် နေတယ် ဆိုပြီးတော့ ရှုတ်ချဝေဖန် တာမျိုးလည်း မဖြစ်စေချင်ဘူး။ ပါဝင်လာ နိုင်အောင်လည်း တာဝန် ရှိတဲ့သူတွေက နေရာပေးဖို့ လိုပါ တယ်။

ချင်း ဓလေ့ထုံးတမ်း ဥပဒေအရ အမျိုးသမီးက အမွေ ဆက်ခံခွင့် မရှိဘူးဆိုတော့ မိဘကရော ကိုယ့် ကို အမွေပေးမယ် လို့ ထင်လား။

ချင်းမှာလည်း အမျိုးမျိုးကွဲ တယ်။ တချို့လူမျိုးက အငယ်ဆုံး သားကရတာမျိုး၊ အကြီးဆုံး သားက ရတာမျိုး ဆိုပြီးတော့ မတူ ညီကြဘူး။ ကျွန်မ မိဘကလည်း ချင်းလူမျိုးပဲ ဖြစ်တဲ့အခါကျတော့ ချင်းယဉ်ကျေးမှု အစဉ်အလာ နဲ့ပဲ သွားကြတာ များတယ်။ အဲဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်မကိုယ်တိုင် ယုံကြည် စိတ်ချမှု မရှိပါဘူး။

ချင်းအမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှု အကြောင်း နည်းနည်းပြော ပြပေးပါ။

အမျိုးသမီးတွေ ခံစားချက်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပေးမယ့် သူ မရှိဘူး။ ချင်း အမျိုးသမီးတွေက နိုင်ငံရေးမှာ ပါဝင်မှု နည်းပါတယ်။ ဘာကြောင့် နည်းပါးလဲ ဆိုတော့ အကုန်လုံးနဲ့ ဆိုင်သွားပြီ။ နေရာ မပေးတာရော၊ ခွဲခြားဆက်ဆံ တာတွေကြောင့်ရော။ အမျိုးသမီး တွေ ကိုယ်တိုင်က အိမ်တွင်းပုန်း လုပ်နေတာ။ ကိုယ်ကိုယ်တိုင် စူးစမ်း လေ့လာမှုမရှိဘဲနဲ့ ငါမဖြစ်လောက် ပါဘူးဆိုတဲ့ ယုံကြည်စိတ်ချမှု မရှိ တာကြောင့်လည်း ပါ ပါတယ်။ အဲဒါကြောင့် အောက်ခြေမှာဖြစ် နေတဲ့ ခံစားချက်တွေကို ဖော်ထုတ် လို့မရဘူးပေါ့။ နိုင်ငံတော် အစိုးရ ကရော၊ လူမှု အသိုင်းအဝိုင်း က ရော အမျိုးသမီးတွေရဲ့ အရေးပါ မှုကို နားလည်စေချင်တယ်။ မိသားစုမှာ ပဲဖြစ်ဖြစ် အပြင် လောက မှာပဲ ဖြစ်ဖြစ် အမျိုးသမီး ဆိုပြီး နှိမ်တာမျိုး၊ ခွဲခြားဆက်ဆံ တာမျိုး မဟုတ်ဘဲနဲ့ သူ့တို့ကို နေရာ ပေးမယ်၊ သူ့တို့ကို အားပေးစေ ချင်တယ်။ အမျိုးသမီး တစ်ယောက် သာ နိုင်ငံရေးမှာ ပါခဲ့မယ် ဆိုရင် ငြိမ်းချမ်းမှုကိုလည်း ပိုရနိုင်မယ် လို့ထင်ပါတယ်။ အမျိုးသမီးတွေ က စိတ် သဘောထား နူးညံ့တယ်၊ စေ့စေ့စပ်စပ် တွေးတတ်တဲ့အလေ့ ရှိတယ်။ အမျိုးသမီး ကဏ္ဍကို နား လည်ပေးပြီးတော့ နေရာပေးဖို့၊ ခံစားချက်ကို နားထောင်ပေးဖို့။ ချင်းတွေ သာမကဘူး အမျိုးသမီး တွေဘဝ ကဏ္ဍ အရေးပါလာပြီး  သူတို့ ကိုယ်တိုင်လည်း ယုံကြည်မှု တွေရှိလာပြီးတော့မှ ဒီနိုင်ငံအတွက် ကောင်းတဲ့ အကျိုးကိုလည်း ရစေ မယ်။

ဒေသခံ တောင်သူတွေ ဘယ်လို အခက်အခဲ နဲ့ ရင်ဆိုင်နေရလဲ။

မြေပြန့်မှာ အသုံးပြုနေတဲ့ စိုက်ပျိုးရေး စက်တွေကို အစိုးရ အနေနဲ့ အားလုံး မပံ့ပိုးနိုင်ရင် တောင် အရစ်ကျ ရောင်းပေးသင့် ပါတယ်။ ပညာရှင်တွေ ခေါ်ပြီး စိုက်ပျိုးရေး သင်တန်းတွေ သေချာ ပို့ချသင့်ပါတယ်။ မုန်ညင်းစိုက်တဲ့ သူကလည်း အမြဲ မုန်ညင်းပဲ စိုက် တယ်၊ ပြောင်းဖူးစိုက်တဲ့ သူကလည်း ပြောင်းဖူးပဲ စိုက်တတ်တယ်၊ ပြောင်းဖူး ကနေ အားလူးပြောင်း စိုက်ရင် ဝင်ငွေ ပိုရနိုင်သလား ဆိုပြီးတော့လည်း သူတို့အနေနဲ့ မချိန်ဆတတ်ဘူး။ အစိုးရ အနေနဲ့ ဟားခါးမြို့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံတွေရှိမလား ဆိုတာ ကိုလည်း အသိပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေနဲ့ သေချာလေ့လာပြီး ဒေသခံတွေ ဝင်ငွေ တိုးတက်လာ အောင် အလေးပေး ဆောင် ရွက်စေ ချင်ပါတယ်။ တစ်ယောက် ကစပျစ် စိုက်လို့ နောက် တစ်ယောက်က စပျစ်လိုက် စိုက်တာရှိတယ်၊ ဒါပေ မယ့် ဈေး ကွက် ရှာလို့မရတော့ ဗုံးပေါလအော ဖြစ်သွားတယ်။ အစိုးရ အနေနဲ့ ဈေးကွက်ကိုလည်း ရှာပေးစေချင်ပါတယ်၊ ဈေးကွက် ရှိမှလည်း ဝင်ငွေရမှာလေ။ အခု ဆိုရင် ချင်းပြည်နယ် မှာ ဝဥတွေကို စိုက်ကြတယ်။ ဝဥက တရုတ်နိုင်ငံ ကို သွင်းရတာမျိုးဆိုတော့  ဒီမှာ သာ စက်ရုံ အလုပ်ရုံတွေ ကုန်ချော ထုတ်နိုင်မယ့် အဆင့်မျိုးသာရှိမယ် ဆိုရင် တောင်သူ လယ်သမားတွေ အတွက် သာမကဘူး၊ ချင်းပြည်နယ် အတွင်း နေထိုင်သူ အားလုံး စီးပွား ရေး၊ လူမှုရေး တိုးတက်မယ်လို့ ထင်ပါတယ်။     ။

အိချယ်ရီအောင်
(Myanmar Now)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*