မွေးနေ့ရှင် နာယကကြီး

မွေးနေ့ရှင် နာယကကြီး
March 9, 2017 Asian Fame

2:41 pm
မွေးနေ့ရှင် နာယကကြီး

Mg-Swe-Thet-Articleသည်ရက်ပိုင်းမှာ ကျွန်တော် အလုပ် များနေသည်။ မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်းမှ စာကြည့်တိုက်မှူးများ ညီ လာခံ ကို ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၈ ရက် နှစ်ရက်ဆက်၍ ကျင်းပသည်။

ဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်က ၈၆ နှစ်၊ ကျွန်တော်က ၈၂ နှစ် မို့ မသက်ဆွေက သတိပေးသည်။

”ကိုယ့်အသက်ပဲ ကိုယ်သတိထားဖို့ တော့လိုမယ်နော်။ တပ်ထဲမှာ ဘာမဆို တက်ညီ လက်ညီလုပ်ဖို့ ဖွဲ့စည်းပုံရှိပေမယ့် NGO ဆိုတာက တပ်လို မဟုတ်ဘူး ဆိုတာ လည်း သတိထားဦး” ဟုဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညမှောင် မှ အိမ်ပြန်ရောက်သော အခါ မသက်ဆွေ က ဆီးပြောပြန်သည်။

”မမရွှေ (ဒေါ်တင်မိုးဝေ) တယ်လီဖုန်း ဆက်တယ်။ မတ်လ ၁၂ ရက် အဘိုးကြီး (ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး) မွေးနေ့ဖိတ် စာ ဗိုလ်မှူးကြီး စိုးသိမ်းဆီ ပေးထားတယ်။ ဆက်ဆက် လာကြပါလို့ပြောတယ်” ဟု ဆို သည်။

သြော်… တစ်ချိန်က ကျွန်တော်တို့ ဆရာသမား တိုင်းမှူးဖြစ်ခဲ့သော NLD နာယကကြီး မွေးနေ့ ရောက်တော့ မှာပါလား ဟုတွေးရင်း ”ဘာလိုသေးလဲ သွားမေးလိုက် ကြသေးတာပေါ့” ဟု ပြောကာ ညစာစားဖို့ စားပွဲမှာ ဝင်ထိုင်ခဲ့ရ သည်။

တနင်္ဂနွေနေ့ ၂၆ ရက် ညနေ ၄ နာရီ ခွဲလောက် ဗိုလ်ချုပ်ကြီးတင်ဦး အိမ် ရောက် သည်။ ညစာ စားနေသည်။ ခဏနေမှ မမရွှေ ဆင်းလာသည်။ ဗိုလ်ချုပ်က မနက် စာ ညစာ ပေါင်းစားနေသည်ဟု ဆိုသည်။ ရှေ့နေဦးကိုနီကိစ္စ ကျိုက္ကဆံပွဲ သွားပြီး ပြန် ရောက်မှ ဆာသည်ဟု ပြော၍ ညစာပြင် ကျွေးထားသည်။ သွားတွေက မကောင်း သောကြောင့် ဖြည်းဖြည်းချင်း ဝါးစားရ သည်ဟု ဆိုသည်။

မမရွှေစကား နားထောင်ရင်း ကျွန် တော့်မျက်စိထဲမှာ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော်က တော်လှန်ရေး ကောင်စီ ဝင် တိုင်းမှူး ဗိုလ်မှူးကြီး တင်ဦး စည်းဝေးပွဲ မှာ အားရပါးရ မိန့်ခွန်းပြောနေသော ပုံရိပ် ကို မြင်ယောင်လာသည်။ တိုင်းမှူးကြီးက ထမင်းစား ဖို့ မေ့နေသော်လည်း ထမင်းဆာ ၍ အူလိမ်နေသော ကျွန်တော်တို့ ဦးစီး အရာရှိတွေ ဘဝ သတိရနေမိသည်။ တစ် ဆက်တည်း ပင်နီတိုက် ပုံဝတ်လျက် NLD တံဆိပ်ရင်ဘတ်မှာ တပ်လျက် မိန့်ခွန်းခြွေ နေမည့် နာယကကြီးပုံကို တွေးကြည့်နေမိ ပါသေးသည်။

ကျွန်တော်တို့ တိုင်းမှူး(ဟောင်း) ကြီး လှေကားမှ ဆင်းလာသည်။

ယမန်နေ့က ဖျားသည်။ အဖျား ဒီဂရီ ၁ဝ၃ ရှိသည်။ ပါတီမှ တာဝန်ပေးထားသော ဆရာဝန်က ကုသည်။ ဆေးပေးသည်။ သည်နေ့ အဖျားကျ၍ ၁ဝ နာရီအချိန် အိမ်မှ ထွက်သွားသည်။ ၃ နာရီခွဲပြီးမှ ပြန်ရောက်လာသည်ဟု သိရသည်။

”ဗိုလ်ချုပ်က ကျန်းမာရေးကောင်းနေ သေးလို့ အသက် ၉ဝ ဆိုတာကို မေ့ထား တာကိုး” ဟု ပြောလိုက်သောအခါ ရယ်နေ သည်။

”ဒါနဲ့ ပြောရဦးမယ်။ ဟိုတစ်နေ့က ဒို့ဆွမ်းကျွေးတယ်လေ။ ပါမောက္ခချုပ် ဆရာ တော်ဘုရားက ဘာမိန့်သလဲ သိလား။ လူ တိုင်းတော့ အိုနေကြတာပဲ။ တဖြည်းဖြည်း အိုတဲ့လူ နဲ့ မြန်မြန်အိုတဲ့လူပဲ ကွာတယ်။ ဒကာကြီးက ဖြည်းဖြည်းအိုတဲ့ ထဲမှာပါ တယ်။ ကျန်း မာရေးကောင်းအောင် ဘယ် လို ကျင့်ခဲ့သလဲလို့ မေးတယ်”

”တပည့်တော်တို့ ငယ်စဉ် တပ်မတော် သားဘဝက လေ့ကျင့်ခဲ့တာပါ ဘုရားလို့ လျှောက်လိုက်တယ်”

စစ်သားဘဝက ရှင်းသည်။ ရန်သူက ကိုယ့်ကို သတ်တာခံမလား။ ကိုယ်က ရန် သူကို သတ်မလား။ ဒီနှစ်လမ်းပဲ ရှိသည်။ ကိုယ်က ရန်သူကို သတ်နိုင်ဖို့ ကျန်းမာသန် စွမ်းအောင် လေ့ကျင့်ရသည်။ ဝမ်းတွင်းက အသည်းတွေ၊ အဆုတ်တွေ၊ ကလီစာတွေ အားလုံး ကျန်းမာအောင် လေ့ကျင့်နေထိုင် ခဲ့လို့ အခုထိ ရောဂါ ထွေထွေထူးထူးတွေ မဖြစ်တာပါဟု လျှောက်လိုက်သည်ဟု ဆက်ပြောသည်။

တစ်ဆက်တည်းမှာပင် ”ခုလို ကျန်း မာနေသေးလို့ ငယ်စဉ်က လေ့ကျင့်ပေး လိုက်တဲ့ တပ်မတော်ကို ကျေးဇူးတင် ရတယ် ဘုရား လို့ လျှောက်လိုက်တဲ့ အခါ အနားမှာ ရှိတဲ့ ဗိုလ်ချုပ်ကြီးတွေက လည်း ရယ်နေကြ တယ်” ဟု ပြောသေးသည်။

ထိုအခါ မမရွှေက ဝင်ပြောသည်။ ညဥ့်နက်သန်းခေါင် အထိ စာတွေဖတ်လို့ အိပ်ရေးမဝတဲ့ အကြောင်း ပြောသည်။

ဗိုလ်ချုပ်က ရယ်နေသည်။

”စာတွေကလည်း မဖတ်လို့ မရဘူး လေ။ တင်ပြစာတွေကလည်း များတယ်။ ကိစ္စတစ်ခု ပေါ်ရင် မေးရမြန်းရ၊ တွေ့ရှိတာ တွေ တင်ပြကြ ဆိုတော့ ဖတ်ရတာများ တယ်။ ပုံမှန်တော့ ည ၁၂ နာရီ၊ ၁ ချက် လောက်ဖြစ်သွားတယ်။ ဘုရား ရှိခိုးတာနဲ့ ဘာနဲ့ ၁ ချက်၊ ၁ ချက်ခွဲမှ အိပ်ဖြစ်တာေါပ့။ မနက် ဆိုလည်း ၆ နာရီဆိုထရရော” ဟု ပြောနေသော လေသံက ဟိုယခင်ကလို ခပ်သွက်သွက် ရှိသေးသည်။

”ဟာ ဒီအသက်အရွယ် မှာ အိပ်ချိန်လုံ လောက်ဖို့လိုတာပေါ့။ မမက မပြောဘူး လား”

”ရှင်တို့တိုင်းမှူးက ဘယ်တုန်းကပြော တာ နားထောင်ဖူးလို့လဲ” ဟုပြန်ပြောသော မမရွှေရဲ့ အသံကလည်း ယခင်အတိုင်း ဖြစ် သည်။

ဗိုလ်ချုပ်က သူ့ကျန်းမာရေးကို သုံး သပ်ထားပြီး ဖြစ်သည်။

”အရင်က ဖျားတာနာတာ လည်း သိပ်မရှိဘူး။ ဖြစ်လည်း ခဏဘဲ ချက်ချင်း Recover ဖြစ်တယ်။ သိသာတာက ၂ဝ၁၆ ခုနှစ်မှာ ဖျားတာ နဲ့ ချက်ချင်းပြန်ပြီး တင်လို့ မရဘူး။ အားပြန်ပြည့်တာ နှေးလာတယ်”

”အသက် ၉ဝ မှာ သိသာလာတာ ပေါ့နော် ဗိုလ်ချုပ်။ အသက် ၉ဝ ဝန်းကျင် ဗိုလ်ချုပ်တို့ လူကြီးတွေထဲမှာ အခုလို လှုပ် ရှားနေတာ ဗိုလ်ချုပ် တစ်ယောက်ပဲ ရှိမယ် ထင်တယ်၊ မလွှဲမရှောင်သာ လို့ လှုပ်ရှား နေရပေမယ့် မကျန်းမာတဲ့ အချိန် အနား ယူဖို့တော့ လိုတာပေါ့ ဗိုလ်ချုပ်”ဟု စကား ထောက်လိုက်မိ သည်။

”တစ်ခါတစ်ခါ တော့လည်း စစ်တပ်ကို လွမ်းတယ်”ဟု တွေးတွေးဆဆလေး ပြော သည်။

”စစ်တပ်မှာ ပင်ပန်းတယ်ဆိုတာ စနစ်တကျ ပင်ပန်းတာ” ဟု ဆိုသောအခါ သူ့မျက်နှာကို ကျွန်တော် ငေးကြည့်နေမိ သည်။ စနစ်တကျ ပင်ပန်းတာဟူသော စကားလုံးလေးက နည်းနည်း ဆန်းသည်။ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့။

”တပ်ထဲမှာ Case တစ်ခုဆိုရင် အ ဆင့်ဆင့်၊ ဖတ်ပြီး တင်ပြချက်တွေနဲ့ တက် လာတော့ တပ်မှူးက ဖတ်ရတာ သိပ်မပင် ပန်းဘူး။ ဆုံးဖြတ်ချက်ရေး လိုက်ရုံပဲ”

”အပြင်မှာတော့ ရုံးလုပ်ငန်း အတွေ့ အကြုံရှိ သူတွေက တင်ပြလာတာဆို တော် တော်ကောင်းတယ်၊ ပြည့်စုံတယ်၊ တချို့ တင်ပြ တာတွေ ကျတော့လည်း အစအဆုံး ပြန်ဖတ်ရတဲ့ အခါလည်း ရှိတယ်။ အမျိုးမျိုး ပေါ့” ဟု ဆက်ပြောသည်။

သည်အချိန်မှာ မသက်ဆွေက အရေး တကြီး အဆိုပြုသည်။

”ဗိုလ်ချုပ်နဲ့ မမကို မွေးနေ့ မတိုင်ခင် ဓာတ်ပုံရိုက်ရအောင်၊ ၁၂ ရက်နေ့ကျရင် တခြားလူတွေနဲ့ မီဒီယာတွေက ရိုက်ကြ တော့မှာ”

ကျွန်တော်တို့က ဓာတ်ပုံရိုက်ဖို့ ခွင့် တောင်းလိုက်သည်နှင့် အဝတ်လဲဖို့ ပြင် တော့သည်။ အိမ်မှာနေရင်း ဝတ်ထားသည် က ပင်နီ အင်္ကျီလက်တိုဖြစ်၍ ရှပ်လက်ရှည် နှင့် တိုက်ပုံအင်္ကျီ ပြောင်းဝတ်သည်။ မကျွတ်သေးသော ဆံပင်ကို သပ်ရပ်စွာ ဖြီးသည်။

နာယကကြီးတစ်ဦးတည်း ရိုက်သည်။

နာယကကြီးနှင့် ဇနီးတို့ တွဲလျက်ရိုက် သည်။

ပြီးတော့ ကျွန်တော်တို့နှင့် လေးယောက် တွဲ ရိုက်ဖို့စီစဉ်သည်။ ကျယ်ဝန်းသော သုံး ယောက်ထိုင် ကုလားထိုင်ကြီး မှာ လေး ယောက် ထိုင်ဖို့ပြော သည်။ လူကြီး နှစ်ယောက် က ရှေ့ကထိုင်၊ လူငယ်နှစ်ယောက်က နောက်က မတ်တတ်ရပ်လျက်  ရိုက်မည်ဟု မသက်ဆွေ က တောင်းဆိုသည်။ လေး ယောက်တူတူ ထိုင်လျက် ရိုက်မည်ဟု လူကြီးနှစ်ယောက်က ဇွတ်ပြောသည်။ လူကြီးတွေနှင့် လူငယ်တွေ တွဲမထိုင်လို သောကြောင့် ဇွတ်ငြင်းနေဆဲမှာ ဗိုလ်ချုပ် က တစ်ခွန်းပြောလိုက်သည်။ ထူးဆန်းလှ ပါဘိ။

”မသေလို့ တွေ့ကြတဲ့ လူတွေကွာ။ လာ ပါတူတူ ရိုက်ကြမယ်” ဟု လွှတ်ခနဲ ပြော လိုက်သည်။ အမှတ်တမဲ့ ပြောလိုက်ဟန် တူသော စကား တစ်ခွန်းကြောင့် ကျွန်တော် တို့နှစ်ယောက် အသာလေး ဝင်ထိုင်လိုက်ရ ပါတော့သည်။ တစ်ခါမှ မပြောဖူးသော စကား။

နှစ်ပေါင်းငါးဆယ်ကျော်တုန်းက ဆရာ သမား တိုင်းမှူးကြီးသည် အသက် လေး ဆယ် မပြည့်သေး။ ယခု အာဏာရပါတီ နာယကကြီး။ အသက် ၉ဝ ပြည့်လုပြီ။ မတ်လ ၁၂ ရက်နေ့မှာ အသက် ၉ဝ ပြည့် မွေးနေ့ပွဲ ကျင်းပတော့မည်။

နံနက်အရုဏ်မှာ သံဃာတွေ ဆွမ်း ကပ်မည်။ ၁ဝ နာရီမှာ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံမည်။ ပါတီမှ ရဲဘော်တွေ က အားလုံး လိုလေသေးမရှိ  စီစဉ်ထားကြ သည်။ စားဖွယ်စုံတို့ကိုလည်း Feel စား သောက်ဆိုင်က တာဝန်ယူထားသည်။

နိုင်ငံတော်မှ ထိပ်တန်းဧည့်သည်များ လာရောက် ဂုဏ်ပြုကြလိမ့်မည်။ အားလုံး ပြည့်စုံနေသော မွေးနေ့ပွဲ ကျင်းပတော့မည်။

ဘာမှတာဝန် ယူပေးရန် မလိုသော ကျွန်တော်တို့ နှစ်ယောက် ဂါရဝပြုပြီး ပြန် လာခဲ့ကြသည်။

အပြန်လမ်း တစ်လျှောက် စည်ကားနေ မည့် ရွှေပွဲလာ ပရိသတ်ကြီးကို မြင်ယောင် နေသည်။

နားထဲမှာလည်း သည်နေ့မှ ထူးဆန်း စွာပြောသော ဆရာ့စကားများ ကြားယောင် လျက်ရှိသည်။

–    တစ်ခါတလေတော့လည်း
စစ်တပ်ကို လွမ်းတယ်။
–    စစ်တပ်မှာ ပင်ပန်းတယ်ဆိုတာ
စနစ်တကျ ပင်ပန်းတာ။
–    မသေလို့ တွေ့ကြတဲ့လူတွေကွာ၊
လာပါ အတူတူရိုက်ကြမယ်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*