ပုဂံစေတီများပေါ်မှ နေဝင်ရှုခင်းကြည့်ရှုမှုကို စက်တင်ဘာလမှ စတင်ပိတ်မည်

ပုဂံစေတီများပေါ်မှ နေဝင်ရှုခင်းကြည့်ရှုမှုကို စက်တင်ဘာလမှ စတင်ပိတ်မည်
March 9, 2017 Asian Fame

2:28 pm
ပုဂံစေတီများပေါ်မှ နေဝင်ရှုခင်းကြည့်ရှုမှုကို စက်တင်ဘာလမှ စတင်ပိတ်မည်

Travel (Bagan) 2

မေဇင်ဝင်း၊ စိုင်းလမင်း
ရန်ကုန်၊ မတ် ၃

ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ ပုဂံစေတီများပေါ်မှ နေဝင်ရှုခင်းကြည့်ရှုမှုကို ယခုနှစ် စက်တင်ဘာလခန့်မှ စတင်ပိတ်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ ”နေရာ ငါးခုသတ်မှတ်ထားတယ်။ အဲ့ဒီနေရာ ငါးခုကို ခြောက်လအတွင်း နေဝင်ဆည်းဆာရှုခင်း (Sun Set) ကြည့်ရှုဖို့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေ ပြီးရင်တော့ ဘုရားတွေ အပေါ်ကို တက်ရောက် ကြည့်ရှုခွင့်ကို ပိတ် သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင် စုဝန်ကြီး သူရဦးအောင်ကိုက ပြော သည်။

နေဝင်နေထွက် ရှုခင်းကြည့်ရန် သတ်မှတ်ထားသောနေရာ ၅ ခုမှာ ကိုမောက်ကန်၊ ညောင်လက်ဖက်ကန်၊ သူဌေးကန်၊ စူဠာမဏိကန်၊ အိုးထိန်းကုန်း (အရှေ့၊ အနောက်) တို့ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။ လက်ရှိတွင် အဆိုပါ နေရာ ငါးခုအနက် ကိုမောက်ကန်နေရာအား မူလရှိသောအမြင့် ၁ဝ ပေမှ အမြင့် ၁၈ ပေမှ ပေ ၂ဝ အထိ တိုးမြှင့်ကာ နေဝင်ဆည်းဆာရှုခင်း ကြည့်ရှုနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

”ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ စေတီပုထိုးတော်တွေကြားမှာ သဟဇာတ ဖြစ်အောင် ပေါ်လွင်ထင်ရှားမနေအောင် နေဝင်ဆည်းဆာ ကြည့်မယ့် တောင်ကုန်းတွေကို ဖန်တီးသွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။ လက်ရှိတွင် အဆိုပါနေရာများအနက် ကိုမောက်ကန်နှင့် အိုးထိန်းကုန်းမှ ဧည့်သည်များ နေဝင်ဆည်း ဆာရှုခင်း ကြည့်နိုင်ပြီ ဖြစ်ကြောင်း၊ ကျန်နေရာများကိုလည်း ဆက်လက် လုပ်ဆောင်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦး စီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။

”အရှေ့အိုးထိန်းတောင်နဲ့ အနောက်အိုးထိန်းတောင်က မူလကတည်းက အမြင့် ၁၅ ပေလောက်ရှိတယ် ။ ၇ ရာစုလောက်ကတည်းက အဲဒီနေရာတွေမှာ အိုးတွေလုပ်တဲ့ အထောက်အထားတွေ တွေ့ရတယ်။ သမိုင်းအရ တန်ဖိုးရှိတဲ့နေရာလည်း ဖြစ်တော့ ရှုခင်းကြည့်တဲ့ သူတွေအနေနဲ့ ဒါတွေကို မပျက်စီးအောင် သတိပြုဖို့တော့ လိုတာပေါ့” ဟု ၎င်း က ပြောသည်။

အဆိုပါနေရာ ငါးခုလုံး ပြီးစီးပါက ပြည်တွင်း ပြည်ပ ဧည့် ၂ဝဝမှ ၃ဝဝ အကြားအထိ နေဝင်ဆည်းဆာရှုခင်း ကြည့်ရှုနိုင်မည် ဖြစ်ပြီး မလောက်ငပါက ထပ်မံပြီး နေရာသစ်များ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ နေရာသစ်များ လုပ်ဆောင်ရခြင်းမှာ ပုဂံ စေတီများ ရေရှည်တည်တံ့ရေးအတွက် ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။ လက်ရှိတွင် ပုဂံသို့လာရောက် သော ဧည့်သည်များသည် ရွှေဆံ တော်၊ အိုးထိန်းတောင်၊ ကိုမောက်ကန်၊ ဘူးလယ်သီးစေတီစသည်တို့တွင် နေဝင်ဆည်းဆာ ရှုခင်းကြည့် ရှုနိုင်ကြောင်း ပုဂံအခြေစိုက် ဧည့်လမ်းညွှန်များထံမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*