နိုးကြားသောသတိ အစဉ်ရှိစေ (အယ်ဒီတာ့အာဘော်)

နိုးကြားသောသတိ အစဉ်ရှိစေ (အယ်ဒီတာ့အာဘော်)
March 8, 2017 Asian Fame

2:46 pm
နိုးကြားသောသတိ အစဉ်ရှိစေ (အယ်ဒီတာ့အာဘော်)

လူတို့တွင် ကြိုတင်မှန်းဆထားခြင်းတို့ ရှိသည်ချည်းဖြစ်၏။ မိမိကြားသိရသော သတင်းအချက်အလက်များ၊ မိမိ၏ ယုံကြည်လက်ခံမှုနှင့် မိမိ၏အတွေ့အကြုံများအရကြိုတင်မှန်းဆစိတ်ကူး၍ ဟုတ်တန်ရာ၏ဟု ကောက်ချက်ချမှတ်ယူခြင်းများကို ဆိုလိုခြင်းဖြစ်ပါသည်။

အဆိုပါ ကြိုတင်မှန်းဆစိတ်ကူး၍ ဟုတ်တန်ရာ၏ဟု မှတ်ယူထားခြင်းများအရ ဖြစ်ရပ်တစ်ခု၊ အကြောင်းအရာတစ်ခု၊ လူပုဂ္ဂိုလ် အစရှိသည်တို့အပေါ်တွင် ဆန့်ကျင် မှု၊ ထောက်ခံမှု၊ ကြားနေမှုတို့ ပေါ်ပေါက်လာတတ်၏။ ထိုသို့ ကြိုတင်မှန်းဆစိတ်ကူး သည်ဆိုရာဝယ် ယခင်ဖြစ်ခဲ့ဖူးသည့် သမိုင်းကြောင်းနှင့်ယှဉ်၍ မှန်းဆစိတ်ကူးကြသည် က များသည်။ ထို့အပြင် အဆိုပါကြိုတင်မှန်းဆစိတ်ကူး၍ ဟုတ်တန်ရာ၏ဟု ကောက် ချက်ချမှတ်ယူထားခြင်းတို့သည် တကယ့်ဖြစ်ရပ်နှင့် ကွဲလွဲနေသည်ကများ၏။

ထို့ကြောင့်ပင်လျှင် ခိုင်လုံသောအထောက်အထားအချက်အလက်များ ရရှိမှသာ ယင်းအချက်အလက်များထဲမှ အမှန်ကိုရှာဖွေရန် မော်စီတုံးက ဆိုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကျော်စုံထောက်ကြီး ရှားလော့ဟုမ်းဝတ္ထုများကိုရေးသားသူ ဆရာကြီး ဆာအာသာကိုနင်ဒွိုင်းကလည်း ”အချက်အလက်မရခင် ကောက်ချက်ဆွဲတာဟာ အလွန်ကြီးကျယ်တဲ့အမှားဖြစ်တယ်။ ကောက်ချက်ကို အရင်ဆွဲပြီး အဲဒီကောက်ချက် နဲ့ညီအောင် အချက်အလက်တွေကို ရိုက်သွင်းလို့ မဖြစ်နိုင်ဘူး။ အချက်အလက်ကို အရင်ရှာပြီး အဲဒီအချက်အလက်တွေနဲ့ညီအောင် ကောက်ချက်ကိုဆွဲရမယ်”ဟု ရေးသားခဲ့ပါသေးသည်။ ခိုင်လုံသော အထောက်အထားအချက်အလက်များမရှိဘဲ ကြိုတင်မှန်းဆကောက်ချက်ချမှုများကြောင့် တကယ့်ဖြစ်ရပ်နှင့်ဆန့်ကျင်သော ပြောင်းပြန် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာလေ့ရှိသည်ဟုလည်း မီချီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဘရန်ဒန်Óဏ်က ဆိုပါသေးသည်။

အဆိုပါ လူတို့၏ ကြိုတင်မှန်းဆစိတ်ကူး၍ ကောက်ချက်ချခြင်းကို ထိရောက် သောလက်နက်တစ်ခုသဖွယ် အသုံးချသည်ကလည်းရှိသေး၏။ ယနေ့ခေတ်လို လူမှုကွန်ရက်ခေတ်တွင် ပို၍ပင်အသုံးချလျက်ရှိနေပြီး နိုင်ငံရေးနယ်ပယ်တွင်ရော စီးပွားရေးနယ်ပယ်တို့တွင်ပါ လွန်စွာထိရောက်သော လက်နက်တစ်ခုဖြစ်နေလေပြီ။ယင်းမှာကား အခြေအနေနှင့် အချိန်အခါတစ်ခုကို သေချာစွာရွေးချယ်ကာ ထိုအချိန်တွင် ဖြစ်ပေါ်နေလောက်သည့် လူများစု၏အတွေးနှင့်စိတ်ခံစားမှုကို သေချာစွာချိန်ဆတွက်ချက်၍ ဟုတ်သယောင်ရှိသည့် သတင်းအချက်အလက်မှားများ၊ အမှန်နှင့်အမှားရောနှောထားသော သတင်းအချက်အလက်များကို လူထုကြားဝယ် ပျံ့နှံ့စေခြင်းပင်ဖြစ်လေ၏။

အဆိုပါအချက်အလက်မှား မီးပွားတို့သည် မီးတောက်တစ်ခုအဖြစ် လျင်မြန်စွာ တောက်လောင်လာတတ်သည်။ တကယ့်ဖြစ်ရပ်နှင့် လုံးဝဆန့်ကျင်သော မှန်းဆချက် များ၊ စိတ်ကူးများ လူထုကြားဝယ် လျင်မြန်စွာပေါ်ပေါက်လာစေတတ်သည်။ အဆိုပါ မှန်းဆချက်များအရ လက်တွေ့အကောင်အထည်ဖော်ကြပြီဆိုလျှင်မူ မလိုလားအပ် သော ပြဿနာများပေါ်ပေါက်လေပြီ။ ယနေ့ လူမှုကွန်ရက်ခေတ်ဝယ် သတင်းအချက်အလက်များ လိုအပ်သည်ထက် ပိုမိုစွာ အလျှံပယ်ပေါများနေခြင်းကလည်း လွဲမှားစွာကြိုတင်မှန်းဆစိတ်ကူး၍ ဟုတ်တန်ရာ၏ဟု ကောက်ချက်ချမှတ်ယူခြင်းများကို ပိုမိုပေါ်ပေါက်စေသည်။

ထို့ကြောင့် ပြည်သူတို့အနေဖြင့် မိမိတို့ကြားသိရသည့် သတင်းအချက်အလက်များ အပေါ်ဝယ် နိုးကြားသောသတိဖြင့်ဆင်ခြင်ပြီးမှသာလျှင် လက်ခံယုံကြည်သင့်သည်။ ထိုသို့ နိုးကြားသောသတိအစဉ်ရှိခြင်းသည် ရှင်တော်မြတ်ဗုဒ္ဓ၏ ‘ဝိဘဇ္ဇ’ ခေါ် ဝေဖန်ပိုင်းခြားပြီးမှသာလျှင် လက်ခံယုံကြည်ခြင်းနည်းနှင့်လည်း ကိုက်ညီ၏။ ထိုသို့ နိုးကြားသောသတိ အစဉ်မရှိဘဲ မိမိတို့ကြားသိသမျှတို့ကို မိမိ၏ စိတ်ပိုင်း ဆိုင်ရာ အဂတိအရ မိမိကြိုတင်မှန်းဆထားသည်နှင့်ကိုက်ညီလျှင် လက်ခံယုံကြည်ကာ အမှန်ဟု ယူဆလိုက်ခြင်းသည် ခေတ်အခြေအနေအရ တစ်ပါးသူ၏အသုံးချခံ သားကောင်ဖြစ်သွားနိုင်ပါကြောင်း သတိပေးရေးသားလိုက်ရပါသတည်း။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*