သူတို့အမြင်

သူတို့အမြင်
March 8, 2017 Asian Fame

12:26 pm
သူတို့အမြင်

 opinionပါတီစုံ ဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ အတွက် အင်အားကောင်းသော အတိုက်အခံ ပါတီများ မရှိမဖြစ် လိုအပ်နေပြီ ဟူသည့် အသံများ အတော်ပင် ကြားလာရသည်။ လက်ရှိတွင် ပါတီဝင်အား အများဆုံး အတိုက်အခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှာ ငြိမ်ချက်သား ကောင်းလွန်းနေလျက် အတိုက်အခံ လုပ်ရမည့် ကိစ္စရပ် များဝယ် အတိုက်အခံ မလုပ်ခြင်းကလည်း တစ်ကြောင်း ဖြစ်ပြီး၊ အခြားသော ပါတီငယ်လေး များအနက် ပါတီအချို့ထံမှ သာလျှင် အတိုက်အခံပြုမူချက် တို့ကို ရံဖန်ရံခါတွေ့နေရသလို၊ ကျန်ပါတီ ငယ်များထံမှ ဘာသံမျှ မကြားရပြန်သည် ကလည်း တစ်ကြောင်းဖြစ်ကာ၊ လက်ရှိမြန်မာ့နိုင်ငံရေး လောက မှာလည်း အတိုက်အခံ ယဉ်ကျေးမှုနှင့် များစွာရင်းနှီးမှု မရှိသေးသည်က လည်း တစ်ကြောင်း ဖြစ်နိုင် သည်။ အခြားသော အကြောင်းအချက် များလည်း ရှိကောင်း ရှိနိုင်သေးသည်။

ထို့ကြောင့်ပင်လျှင် ပြည်သူတို့သည် လက်ရှိ အာဏာရပါတီ အပေါ် မိမိတို့ အားမလို အားမရဖြစ်နေသည်တို့ကို အချက် ကျကျနှင့် ရဲရဲရင့်ရင့် ထောက်ပြဝေဖန်သည့် အတိုက်အခံပါတီ တို့ကို လိုချင်တောင့်တနေခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အတိုက်အခံ ပါတီကောင်းတို့ လိုအပ်ခြင်း/ မလိုအပ်ခြင်း အပေါ် ပြည်သူထဲက ပြည်သူတို့၏ အသံများကို စုစည်းတင်ပြလိုက်ရပါကြောင်း။

ဦးဇော်မင်း
(၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းဝင်၊
ပါတီထူထောင်သွားမည့်ဘက်ထဲ လိုက်ပါမည့်သူ)

ကိုယ်ပိုင် ရပ်တည်ချက်နဲ့သွားမယ်။ တူညီတာကို ပေါင်းပြီး လုပ်မယ်။ ထောက်ပြတာတွေလည်း လုပ် ဆောင် သွားဖို့ ရှိတယ်။ အတိုက်အခံ ဆိုတာမျိုးကိုတော့ ကျွန်တော်တို့ မသုံးချင်ဘူး။ ဒီစကားလုံးက ပြင်းထန် တယ်။ ပူးပေါင်း ဆောင်ရွက်တာတွေတော့ လုပ်ကိုလုပ် သွားမယ်။ ဥပမာပြောရရင် ငြိမ်းချမ်းရေး ကိစ္စ။ ဒါက ပူးပေါင်းရမယ့် ကိစ္စ။ ဒီလိုမျိုးကတော့ လုပ်ကို လုပ်ရမယ်။ ကိုယ့်ရပ်တည်ချက် နဲ့ကိုယ် သွားမယ်ဆိုတာက ရပ်တည် ချက်တူတာများကို ပူးပေါင်း ဆောင်ရွက်မယ်။ မတူသည် များကို ကိုယ့်ရပ်တည် ချက်နဲ့ကိုယ်သွားမယ်လို့ ပြော တာပါ။ ငြိမ်းချမ်းရေးကိစ္စ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေ ကိုလည်း အင်တိုက် အားတိုက် လုပ်ဆောင်သွားမှာလည်း ဖြစ်တယ်။

ဒေါ်စုစုနွေး
(လယ်သမားရေး တက်ကြွလှုပ်ရှားသူ)

ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ အတွက်၊ ကျွန်မတို့ နိုင်ငံ အတွက် အတိုက်အခံ ပါတီကောင်းတစ်ခု ခုအချိန် မှာ မရှိမဖြစ် လိုအပ်လာနေပြီ။ ကျွန်မတို့ ခုလိုချင်နေတဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ လူ့အခွင့်အရေး ပြည့်ဝတဲ့ စစ် မှန်တဲ့ ဒီမိုကရေစီနိုင်ငံပါ။ ခုရပြီလားမေးရင် အဲဒီ ဒီမိုက ရေစီဟာ ခုချိန်အထိ မရသေးပါဘူး။ ဆက်လက်ပြီး ကြိုး စားသွားရမှာပါ။ ဒါတွေကို ရစေဖို့၊ ဒါတွေကို တွန်းအား ပေးဖို့ အတွက် အဓိက ရည်ရွယ်ပြီး ခုလို ပြောရတာပါ။ တချို့ကတော့ ပြောချင်ပြောမှာပါ။ ပြည်သူ တင်မြှောက်တဲ့ အစိုးရရှိနေပြီ။ အဲဒီ အစိုးရကို အတိုက်အခံ လုပ်မယ့် ပါတီ တစ်ခု မလိုသေးဘူးလို့ ဆိုချင်လည်း ဆိုကြပါလိမ့်မယ်။ သို့သော်လည်းပဲ လူတိုင်းဟာ သဘောထား ကွဲလွဲခွင့် ရှိ ပါတယ်။ ကျွန်မဆိုရင် ၁၉၉၁ ခုနှစ် ကတည်းက NLD ပါတီကို ဝင်ရောက်ခဲ့သူပါ။ ဒါပေမယ့်လည်းပဲ အတိုက် အခံပါတီ ကောင်းတစ်ခု လိုအပ်တယ် ဆိုတဲ့ဘက်မှာ ကျွန်မ ရှိသွားမှာပါ။ အခုဆိုရင် NLD ဟာ အစိုးရ ဖြစ်နေပြီ။ လွှတ်တော်ကိုလည်း စိုးမိုးနိုင်ပြီ။ ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ် အချို့ရဲ့ လူထုနဲ့ ထိတွေ့မှု အားနည်းချက် တွေရယ်၊ ရဲရဲဝံ့ဝံ့ ပြောဆိုမှု မလုပ်ရဲတာတွေကြောင့် အောက်ခြေ လူတန်းစားများ၊ ကျေးလက်နေ ပြည်သူများနဲ့ လယ်သမားတွေဟာ ဒုံရင်းကဒုံရင်း ဖြစ်လျက်ရှိနေပါ တယ်။ အဲဒီ လူတန်းစားတွေက လယ်သမား ပါတီတွေ ရှိ လျက်နဲ့ အဲဒီလယ်သမား ပါတီတွေထက် NLD ကို မဲပေး ခဲ့တဲ့သူတွေပါ။ သူတို့ရဲ့ယုံကြည်မှု၊ သူတို့ရဲ့ အားကိုးမှုကို ဘယ်လောက် လုပ်ပေးနိုင်ပြီလဲ ဆိုတဲ့ မေးခွန်းကို အတိုက် အခံ ပါတီကောင်း တစ်ရပ်ကပဲ မေးခွန်းထုတ်နိုင်မှာပါ။ ဖြည့်စွက် ပြောချင်တာက ခုဆိုရင် ဒေါ်အောင်ဆန်းစု ကြည် အသက်ကြီးနေပြီ။ ဒါ့ကြောင့် တတိယပါတီ တစ်ခု ဟာ အမြန်ဆုံးပေါ်သင့်ပြီလို့ ထပ်ပြောပါရစေ။

ဦးကျော်ဦး
(လျှပ်စစ်အင်ဂျင်နီယာ)

မြန်မာပြည်မှာ အတိုက်အခံ အဖွဲ့အစည်းကောင်း လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံ နိုင်ငံရေး လောလောဆယ်မှာ မရှိလို့ပါ။ ကြံ့ခိုင် ဖွံ့ဖြိုးရေးက အတိုက် အခံ ဆိုပေမယ့် သူပြောတာကို ပြည်သူက မယုံလို့ပါ။ နောက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးကြောင့် တိုင်းပြည် မကောင်း တာလို့ထင်နေတော့ ဘာပဲလုပ်လုပ် မကောင်းတာဘဲ မြင်နေမှာပါ။ အဲဒီ အတိုက်အခံမှာတော့ တိုင်းပြည် ကောင်းကျိုး အတွက် တကယ်ချက်ကျ လက်ကျ ပြောနိုင် မယ့်သူတွေ ပါရပါမယ်။ ပြည်သူ လက်ခံ ယုံကြည်သူတွေ ပါရပါမယ်။ ပညာတတ်တွေ ပါရပါမယ်။ ကိုယ်ကျိုး မကြည့်တဲ့သူတွေ ပါရပါမယ်။ လုပ်သမျှဆန့်ကျင်တဲ့ အတိုက် အခံမျိုး မလိုပါဘူး။ အဓိက ကတော့ လူထက် စနစ်ဆိုးတွေကို ထောက်ပြနိုင် ရပါမယ်။ ဥပမာပြောရရင် စည်ပင်က အမှိုက်လှည်းကားတွေ မတန်တဆဈေးနဲ့ဝယ် တာမျိုးပေါ့။ ဆင်းရဲတဲ့ နိုင်ငံတစ်ခုမှာ ဒေါ်လာသိန်းချီတန် တဲ့ အမှိုက်လှည်းကားတွေ သုံးသင့်သလားဆိုတာမျိုးပေါ့။ နောက် အခွန်တွေ ကောက်တာ မညီမျှတာတွေလိုမျိုးတွေ ပေါ့။ အခွန် လိမ်နေတာတွေ ရှိနေသေးပေမယ့် ဘယ် သူမှ မပြော မထောက်ပြဘူး။ ဒါတွေက ထောင်ကျနိုင်တဲ့ ပြစ်မှုကြီးတွေပါ။  ဒါက ဥပမာ တစ်ခုပါ။ ဒါမှမဟုတ် ရင်တော့ ထောက်ပြမှု မရှိဘဲ အရင်အတိုင်းပဲ တဖြည်း ဖြည်းနဲ့ ခြစားမှုတွေ တိုးလာမှာပါ။ လူဆိုတာ လူ့သဘာဝ ရှိပါတယ်။ အဲဒီတော့ အတိုက်အခံ ဆိုတဲ့ စောင့်ကြည့် ထိန်းမတ်တဲ့ အဖွဲ့အစည်း အားကောင်းဖို့ လိုပါတယ်။ အဲသလိုပဲ အမြင် မတော်မှုတွေကို ထောက်ပြနိုင်တဲ့ အ တိုက်အခံကောင်းတွေ လိုပါပြီ။ လက်ရှိ သွားနေတဲ့ အစိုးရ ပေါ်လစီတွေ အမှားတွေကို ချက်ကျ လက်ကျ ထောက်ပြ နိုင်တဲ့ ပညာတတ် လူငယ်လူကြီး အတိုက်အခံကောင်းတွေ လိုအပ်တယ်လို့ပဲ သုံးသပ်မိပါတယ်။

ကိုချမ်းမြေ့သူ
(ကျူရှင်ဆရာ)

အမှန်ပဲ၊ လိုချင်နေတာလည်း မှန်တယ်၊ လိုအပ်နေ တာလည်း အမှန်ပဲ။ ပါတီစုံ ဒီမိုကရေစီမှာ အပြန်အလှန် ထိန်းကျောင်း မောင်းနှင်နိုင်ဖို့အတွက် တစ်ပါတီတည်း ကမဲအပြတ်အသတ် နိုင်တာမျိုးက မကောင်းဘူး။ အခုက တော့ အပြောင်းအလဲ တစ်ခုကို မျှော်လင့်ပြီး ပေးလိုက်ကြ တဲ့သဘောပေါ့။ နောက်ပိုင်းမှာ အားထား ကိုးစားလို့ရမယ့်၊ မဲခွဲယူမယ့်၊ နေရာခွဲယူမယ့် ပါတီတွေ လိုအပ်နေတယ်။ လက်ရှိရှိနေတဲ့ ကျန်ပါတီတွေ ကလည်း မူဝါဒအစီအစဉ် တကျနဲ့ သူတို့သွားမယ့် ပန်းတိုင်ကို ချပြပြီး လူထုထဲဝင် လာဖို့ လိုဦးမယ်လို့ ထင်တယ်။ အမေရိကန် မှာလည်း အင်အားကြီးပါတီ၂ ခုတော့ တစ်လှည့်စီအနိုင်ရနေတာ ပေါ့။ ဒါပေမယ့် သဘော သဘာဝချင်းမတူဘူး။ အမေရိ ကန်ရဲ့ ရွေးကောက်ပွဲ စနစ်ကိုက ပါတီကို ရွေးရတယ်။ တစ်ခုက နိုင်ရ တာမျိုး၊ ဒီမှာက အားလုံး ပါဝင်လို့ရတယ်။ သမ္မတကိုလည်း တိုက်ရိုက် ပြည်သူက ရွေးကောက်တာ မဟုတ်ဘူးလေ။ ဆိုတော့ သဘော သဘာဝချင်း မတူဘူး။ ၂ ပါတီတည်းဖြစ်နေရင် အာဏာကို တစ်ဦးတည်းက ချုပ်ကိုင် ထားတာမျိုးက ရှိနေမှာပဲ၊ ဒီမိုကရေစီမှာ အာ ဏာကို ဖြန့်ဝေ ထိန်းကျောင်းတာ ဖြစ်နေရမယ်။ House ထဲမှာ  Check and Balance ဖြစ်နေရမယ်။ တစ်ပါတီက နေရာအများကြီး ရထားမယ် ဆိုရင် ထိန်းကျောင်းမှု အား နည်းမယ်။ Check and Balance အားနည်းမယ်။ ဒီ နေရာမှာ အရေးကြီးတာက ပါတီတွေ အကြား နားလည်မှု တည်ဆောက်တာ ပူးပေါင်း ဆောင်ရွက်တာ မျိုးတွေပေါ့။ သူများပါတီက သူများဘာသာ လုပ်ချင်ရာလုပ် ငါ့ပါတီ လည်း လုပ်ချင်ရာ လုပ်မယ်ဆိုတာက ပါတီစုံစနစ်မှာ အလုပ် မဖြစ်ဘူး။ ဘုံရည်မှန်းချက် တစ်ခုအတွက် ပူးပေါင်း ကြတာ ဆွေးနွေး ညှိနှိုင်းကြတာ၊ အမြင်ဖလှယ်တာ ဒါမျိုး တွေလိုတယ်။ ဒါမှ လူနည်းစုရဲ့အမြင် ခံစားချက် နဲ့ ရပိုင် ခွင့်တွေကို ဘေးဖယ် ထုတ်ထားတာမျိုး၊ ချန်ခဲ့တာမျိုး မဖြစ် မှာ။ ဥပမာ အမျိုးသမီး အခွင့်အရေး အတွက် ပါတီ ၁ဝ ခုရဲ့ အဖွဲ့ခွဲတွေ ပူးပေါင်း ဆောင်ရွက်တာမျိုး ဒါမျိုးတွေ အရမ်းလိုတယ်။ တစ်ပါတီ နဲ့ တစ်ပါတီ ထိတွေ့နေဖို့လို တယ်။ နားလည်မှု တည်ဆောက်နေဖို့ လိုတယ်။ ဒါက လည်း အင်အားကြီး ဆိုတဲ့ အာဏာရထားတဲ့ ပါတီတွေက ဦးဆောင်သင့်တာမျိုး။

အိသဉ္ဇာမောင်
(လူ့ဘောင်သစ်လူငယ်၊ အတွင်းရေးမှူး)

လက်ရှိမှာ အတိုက်အခံ ဆိုတာနဲ့ ကြံ့ခိုင်ရေးကို ပြေးမြင်ကြတယ်။ ဆိုတော့ ကြံ့ခိုင်ရေးသည် အတိုက် အခံကောင်း တစ်ခုဖြစ်ပြီလား ဆိုတဲ့ အပေါ်မှာတော့ တိုင်း တာရလိမ့်မယ်။ ကျွန်မ အနေနဲ့တော့ အတိုက်အခံ ကောင်း  တစ်ခုဖြစ်ခြင်းသည် ပြည်သူတွေဘက်က ရပ်ပြီးတော့ အစိုးရကို အတိုက်အခံ လုပ်သလား မိမိပါတီကောင်းစား ရေးအတွက်ပဲ အစိုးရနဲ့ အတိုက်အခံ လုပ်သလားဆိုတဲ့  အပေါ်မှာပဲ စဉ်းစားတယ်။ လတ်တလော ကြံ့ခိုင်ရေးပါတီ ထဲက လူတချို့ရဲ့ လုပ်ဆောင်ချက်တွေ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ ဘာသာရေး နဲ့နိုင်ငံရေး မရော ယှက်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်တွေ အပေါ် ကျော်လွန်ပြီး လုပ်ဆောင် နေသလို တချို့ အပြုအမူတွေ သည် ပါတီအာ ဏာ ပြန်ရရေးကိုပဲ သဲကြီးမဲကြီးလုပ်နေတာကို တွေ့ရတဲ့ အတွက် ပြည်သူဘက်က ရပ်တည်တဲ့ အတိုက်အခံကောင်း တစ်ခုလို့ ဆိုလို့မရဘူး။ ဆိုတော့ အတိုက်အခံတွေ ပျောက်နေသလား မေးရင် မပျောက်ပါဘူး၊ ရှိပါတယ်။ ဥပမာ SNLD လို တိုင်းရင်းသားပါတီတွေ၊ DPNS လို ပါတီတွေ၊ နောက် နိုင်ငံရေး သုတေသီတွေ အများကြီးရှိပါ တယ်။ တကယ့်ကို အစိုးရကိုကောင်းစေချင်တဲ့ စေတနာ နဲ့ ဝေဖန် ထောက်ပြနေတဲ့ ပါတီတွေ လူပုဂ္ဂိုလ်တွေ ရှိပေမယ့် လက်ရှိ အစိုးရကလည်း အတိုက်အခံ ယဉ်ကျေးမှုနဲ့ အင်မတန် အားနည်းနေပါသေးတယ်။ အတိုက်အခံယဉ်ကျေး မှု အားနည်းနေသေးတဲ့ အတွက် တချို့ဆို သိပ်မပြောကြ တာတွေ ရှိသလို တချို့ဆို အစိုးရကို အတိုက်အခံ လုပ်တဲ့ ပါတီ မဟုတ်ပါဘူးတွေတောင် ပြောလာတာတွေ ရှိတယ်။ ပြည်သူတွေဘက်က ရပ်တည်ပေးမယ့် အတိုက်အခံ ပါတီ တွေက လိုကို လိုအပ်ပါတယ်။ အကယ်၍သာ အတိုက်အခံ စစ်စစ်တွေရဲ့ အသံကို သေချာနားထောင်မယ် ဆိုရင် ဒါတွေက အစိုးရအတွက် အထောက်အကူကောင်းတွေ ဖြစ်လာမှာပါ။

ကိုသက်နောင်ထွေး
(ကုမ္ပဏီဝန်ထမ်း)

ပြည်သူ တစ်ယောက်အမြင်နဲ့ ပြောရရင်တော့ အခြား ပါတီကြီး တစ်ခု လိုအပ်ခြင်း၊ မလိုအပ်ခြင်းထက် လက်ရှိ အာဏာရ ပါတီနဲ့ အတိုက်အခံ ပါတီနှစ်ခုစလုံး   ကောင်း ကောင်း အလုပ်လုပ်ဖို့ လိုပါတယ်လို့ ထင်တယ်။ အာဏာ ရပါတီကလည်း ပွင့်လင်းမြင်သာမှု ရှိစွာလုပ်မယ်။ အ တိုက်အခံ ပါတီကလည်း အာဏာရ ပါတီရဲ့ အလဟဿ ဖြစ်သွားမယ့် လုပ်ငန်း တချို့ကို ပြည်သူ့အကျိုး ကိုကြည့်ပြီး သေချာဝေဖန်ထောက်ပြနေနိုင်မယ်ဆိုရင် နောက်ထပ် ပါတီကြီး တစ်ခုဆိုတာ လိုအပ်လာမယ်မထင်ပါဘူး။ အဓိက ကတော့ ပြည်သူက ရွေးချယ် တင်မြှောက်ထားတာဖြစ်တဲ့ အတွက် ပြည်သူ့အသံ ကို ဗဟိုပြုပြီး လုပ်ဆောင်ကြစေချင် ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့  ကျွန်တော်တို့ နောက် ထပ်ပါတီ တစ်ခုကို မျှော်ကြရမှာပဲ။ ပြည်သူတွေ ရွေးချယ် တင်မြှောက်မှု အပေါ်မှာပါပဲ။ ၂ ပါတီတည်း တစ်လှည့်စီ အာဏာရနေတယ် ပြောဖို့ကတော့ ခက်ဦးမယ် ထင်တယ်၊ ဘာလို့လဲ ဆိုတော့ ခုမှ သမ္မတသက်တမ်း တစ်ခုစာကျော် ရုံ သမ္မတ ဒုတိယ သက်တမ်း အစပဲ ရှိသေးလို့ပါ။ ကျွန် တော်တို့ပြည်သူတွေ ကိုယ်တိုင်လည်း မညံ့ကြတော့ပါဘူး။နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ ပြောပြ နိုင်ဖို့ မလွယ်ပါဘူး။ ကြိုက်ခြင်း၊ မကြိုက်ခြင်း ကိုယ်တိုင် က ကျွန်တော် တို့ပြည်သူတွေရဲ့ဆန္ဒပါ။ အနာဂတ် ကာလ မှာ အဲ့ဒီပါတီ မဟုတ်ဘဲ တခြားပါတီ တစ်ခုခုလည်း အာ ဏာရ သွားနိုင်တာပဲလေ။ အခု လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အစွဲနဲ့ အဖွဲ့အစည်း တစ်ခုပေါ် နာကြည်း စိတ်တွေရှိ နေ ကြသေး သရွေ့တော့ ဒီအတိုင်းပဲ သွားနေဦးမယ်ထင်ပါ တယ်။

ကိုမြတ်မျိုးအောင်
(Creative Designer)

ကျွန်တော်တို့မှာက လက်ရှိ အတိုက်အခံ ပါတီကို ယုံကြည်လို့ မရတာက အရိုးစွဲသွားပြီ။ ဒါကတော့ ကျွန် တော်တို့ တမင် မုန်းတီးတဲ့စိတ် နဲ့ ပြည်ခိုင်ဖြိုးဆို နိုးပဲလို့ ဘူးခံနေခဲ့တာတော့ မဟုတ်ဘူး။ သမိုင်းတစ်လျှောက်မှာ သူ့ကြမ္မာသူ ဖန်တီးတဲ့ အမည်းစက်တွေ ဖန်တီးခဲ့ခြင်းရဲ့ အကျိုးဆက်ပေါ့။ လက်ရှိမှာလည်း ပြည်ခိုင်ဖြိုးရဲ့ ကြိုး စားအားထုတ်မှု ကို ဘာမှ မမြင်ရဘူး။ နောက်တစ်ဖက်မှာ NLD ပါတီကလည်း ကျွန်တော်တို့ တစ်တွေ မျှော်လင့် ထားသလို မြန်မာနိုင်ငံရဲ့ ပါဝါရိန်းဂျားတွေ ဖြစ်မလာဘူး။ လူကိုမကြည့်နဲ့၊ ပါတီကိုပဲ ကြည့်ဆိုလို့ မဲဝိုင်းပေးလိုက်တာ ခု မြင်တဲ့အတိုင်းပေါ့။ စီမံခန့်ခွဲမှုက ညံ့၊ အရည်အချင်း တွေက မပြည့်မီ၊ တချို့တွေ အလုပ် မလုပ်နိုင်၊ ခု လတ် တလောပဲ မွန်ဝန်ကြီးချုပ် ထွက်သွားတာကို ကြည့်။ သူ တို့ချင်းတောင် အပေးအယူ မမျှသေးဘဲ ပြည်သူတွေအ တွက် ဘာလုပ်ပေးမယ် စဉ်းစားထားသလဲ ဆိုတာ မေးခွန်း ထုတ်စရာပေါ့လေ။ ဒီနေရာမှာ ကျွန်တော်တို့ စဉ်းစားရမှာ က ပါတီသစ်ကို လိုအပ်သလား ဆိုတဲ့ ကိစ္စက ဘယ်လို ပါတီသစ်မျိုးလဲ ဆိုတာ အင်မတန် စိတ်ဝင်စားစရာ ကောင်း တယ်။ လက်ရှိအာဏာရ NLD နဲ့ အတိုက်အခံ ပြည်ခိုင် ဖြိုးနဲ့တန်းတူ ပခုံးချင်းယှဉ်ပြီး တိုင်းပြည်အတွက်လုပ်မယ့် ပါတီတစ်ခု ပေါ်လာမယ် ဆိုရင်တော့ နောက်အစိုးရသက် တမ်းမှာ ညွန့်ပေါင်းအစိုးရ တစ်ရပ် မြင်ချင်တယ်။ ဒါပေမယ့် လည်း လက်ရှိ အချိန်ထိ ၈၈ မျိုးဆက်က ပါတီထောင်ဖို့ အသံ ထွက်နေတာ တစ်ခုကလွဲရင် တခြားအလားအလာ ရှိတဲ့ အရိပ်အယောင် မမြင်ရဘူးလေ။ အဲဒီ လိုဆိုရင်တော့ လည်း ကျွန်တော်တို့ မရွေးမဖြစ် NLD ကိုပဲ ရွေးရမယ့် လမ်းကိုပဲ ဆက်လျှောက်ရမှာပါ။ No Doubt  ပါ။

ကိုသန့်ဇင်
(5th year Civil ကျောင်းသား၊ နည်းပညာတက္ကသိုလ်၊ သန်လျင်)

NLD ကိုစမရွေးခင် ၂ဝ၁၅ အစောပိုင်းလောက်က ပြောင်းလဲ နိုင်လိမ့်မယ်လို့ အကုန်လုံးက  မျှော်လင့်ကြ တယ်။ သူတို့ဆို ရင် ပြောင်းလဲနိုင် မှာပဲပေါ့။ ဒါပေမယ့် NLD  ထဲမှာ အကုန်ကောင်းလား ဆိုတော့ ကျွန်တော့် အယူအဆအရ ဆိုရင် NLD  ကိုမဲမပေး ဘူးလို့ ယူဆထား တယ်။ ဘာလို့လဲ ဆိုတော့ ဦးသိန်းစိန် လက်ထက်မှာလုပ်တဲ့ အပြောင်းအလဲကာလမှာဆိုရင် အရမ်းကောင်းတယ်။ မြင်သာတဲ့ ပြောင်းလဲမှုတွေ အများကြီး တွေ့ရတယ်။ ဒါပေမယ့် သက်တမ်း ကုန်ခါနီးကျတော့ သူတို့ပါတီ ရဲ့ ခြေလှမ်းတွေ ပျက်လာတယ်။ လုံးဝ ပြည်သူတွေ မကြိုက် နိုင်တဲ့အချက်တွေ၊ အဆင်မပြေနိုင်တဲ့ အချက်တွေ ဖြစ် လာတဲ့အတွက်ကြောင့် ကျွန်တော်လည်း NLD ကိုပေး မယ်လို့ ဆုံးဖြတ်ပြီးပေးခဲ့တယ်။ ကျွန်တော် ကတော့ ပါတီ စွဲမရှိပါဘူး။ တဲမှာနေတဲ့ ပြည်သူ တစ်ယောက်ကို တိုက် ပေါ်တင်လုပ်ပေးနိုင်တဲ့ ပါတီကိုပဲ ပေးမှာပဲ။ ပိုကောင်းတဲ့ လူ၊ ပိုတော်တဲ့ လူကိုပဲပေးမှာပဲ။ NLD  ထဲမှာလည်း အဆင် မပြေနိုင်တဲ့လူတွေ အများကြီး ပါနေတာ သိတယ်။ ဒါပေ မယ့် သူတို့ ထိန်းချုပ်နိုင်မယ်လို့ ထင်ခဲ့တာပဲ။ ဆွမ်းဆန် ထဲ ကြွက်ချေးရောနေတာမျိုးတွေ အများကြီးပဲ။ ဥပမာ  ရွှေပြည်သာက အမတ်လို KTV ထဲ ဝင်သောင်းကျန်းသွား တာတို့။ ငါဘာကောင်ပဲ ဘယ်သူပဲဆိုပြီး ငါးနှစ်တာ သက်တမ်းလေး ရတာကို တစ်သက်လုံး ရနေသလိုပဲ။ ဒါပေ မယ့် ကြံ့ခိုင်ရေးထဲ ကောင်းတဲ့သူ ၂ဝ ရာခိုင်နှုန်းရှိရင် NLD  ထဲ ၅ဝ ရာခိုင်နှုန်းလောက် ရှိမှာပဲဆိုပြီး ရွေးခဲ့တာ။ NLD က နောက်သက်တမ်း တစ်ခုလောက်တော့ ရတော့ ရနိုင်လိမ့်ဦးမယ် ထင်တယ်။ ဒါပေမယ့် အပြတ်အသတ် တော့ မဟုတ်လောက်တော့ဘူး။ ကြံ့ခိုင်ရေး မှာတော့ အထင်ကြီးစရာ လူမတွေ့ဘူး။ သူတို့ကလည်း ထောက်ပြ နိုင်လောက်တဲ့ လူမရှိလို့၊ အရည်အချင်း မရှိလို့ မထောက် ပြတာလို့ပဲ ထင်တယ်။ အတိုက်အခံ ပါတီ ဆိုတာက အသေ ကို ထောက်နေရမှာ။ အမေရိကန် မှာပဲကြည့်။ ရီပတ်ဘ လစ်ကန်တက်ရင် ဒီမိုကရက်က အသေထောက်တာ။ အဲဒီလို ပြိုင်ဘက် ကထောက်မှ အမှားပြင်မှာလေ။အဲဒီ တော့ ကြံ့ခိုင်ရေးဟာ ပြိုင်ဘက်ကောင်း မဖြစ်နိုင်ဘူး။ ၁ဝ နှစ်သားကလေးနဲ့ အသက် ၂ဝ နှစ်သားလောက် နဲ့ အပြေးပြိုင်နေသလိုပဲ။ ဘေးကနေ အာချောင် ဖို့လောက်ပဲ ရမယ်။ မပြိုင်နိုင်ဘူး။ နိုင်ငံရေးကစားနိုင် လောက်တဲ့လူ တွေကို မတွေ့သေးဘူး။ သူတို့ကို ရွေးမလား ဆိုတော့လည်း မရွေးပါဘူး။ တတိယပါတီတစ်ခု ထွက်လာနိုင်တယ်။ နောက်ဆိုရင်တော့။ အိန္ဒိယမှာဆိုရင် ဂန္ဒီရဲ့ မျိုးဆက်တွေ က အမြဲတမ်း အာဏာရနေတော့ နောက်ပိုင်းကျ ပါတီ တစ်ခုကနေ ဘာမှမဟုတ်တဲ့ သာမန်လူလေး ကပဲပြိုင်ပြီး အာဏာရ သွားတာမျိုး ရှိတယ်။ ဘယ်သူပဲဖြစ်ဖြစ်က ကိုယ့်လို ခံစားပေးနိုင်တဲ့ သူကိုပဲ ရွေးကြမှာပဲ။ လိုလည်း လိုလာပြီလို့ ထင်တယ်။ ကျွန်တော်ကတော့ ပိုကောင်းတဲ့ သူ ပိုတော်တဲ့သူတွေကို လက်ခံဖို့ အသင့်ပဲ။ သူတို့နဲ့အ ပြိုင် အမှားတွေကို ထောက်ပြဖို့ ပါတီတစ်ခု လိုကိုလိုလာ ပြီလို့ မြင်တယ်။ အရင် ကျောင်းတက်တုန်းက ဟိုင်းလတ် စီးနေရာကနေ မီနီဘတ်စ် အခု စီးရတယ်။ အဲကွန်း ဘတ်စ် စီးရအောင် လုပ်ပေးနိုင်တဲ့ လူတွေကို ကျွန်တော် တို့က ရှာနေရမှာပဲ။

စိုင်းဆု
(ရှမ်းလူငယ်)

အခု ဖြစ်နေတဲ့ အခင်းအကျင်းက တစ်ပါတီ စနစ်ပုံစံ မျိုးဖြစ်နေတယ်။ အရင်တုန်းက USDP ကလည်း တစ် ပါတီပါပဲ။ ဒီလို အခြေအနေတွေကြောင့်  တိုင်းရင်းသား ပါတီတွေ နဲ့အတူ လက်တွဲသွားမယ့် တတိယ ပါတီတစ်ခု ရှိစေချင်တယ်။ NLD ကို အားလုံးက မျှော်လင့်ခဲ့ကြတယ်။ သူဟာ တိုင်းရင်းသား တွေနဲ့ အတူတကွ လက်တွဲ လိမ့်မယ် လို့။ ဒါပေမယ့် တကယ့် တကယ်ကျတော့ အဲဒီလို မဖြစ် ခဲ့ဘူး။ ဒါ့ကြောင့် ပူးပေါင်းမယ့် ပါတီရှိဖို့ အထူးလိုအပ် နေတယ်။ အဲဒီ ပါတီကလည်း တကယ့်ကို လူထုထဲက ထွက်ပေါ်လာတဲ့ ပါတီဖြစ်ဖို့ လိုလိမ့်မယ်။ တိုင်းရင်းသား တွေရဲ့အကျိုးကို ဖော်ဆောင်ပေးမယ့်၊ တိုင်းရင်းသားတွေ လိုချင်တဲ့ဟာကို သိတဲ့ ပါတီလည်း ဖြစ်ရမယ်။

မအိဆွေမြတ်
စတုတ္ထနှစ် မြန်မာစာကျောင်းသူ
ရန်ကုန်တက္ကသိုလ်

ညီမ တစ်ယောက်တည်းရဲ့ အမြင်ကို ပြောရမယ်ဆိုရင် အခု NLD အစိုးရ လက်ထက်မှာ ဖြတ် သန်းလာတာ တစ်နှစ်လောက်ပဲ ရှိ သေးတယ်။ အတိုင်းအတာ တစ်ခု အနေနဲ့ ဘာကိုမှ ပြောလို့မရသေး ဘူး။ နှစ်ပေါင်း များစွာတောင် ဖိနှိပ်ခံရပြီး နေလာတာ အခွင့် အရေး တွေ ပိတ်ပင်ခံရပြီးတော့ နေလာ တာ။ အခု ဒီတစ်နှစ် အတွင်းမှာ ဘာပဲပြောပြော အရင်အစိုးရနဲ့ ယှဉ်ရင် အများ ကြီး ပြောင်းလဲတယ်။ အရင်က အရှုပ်တွေလည်း ရှင်းနေရတဲ့ အခါကျတော့ ပြည်သူ တွေက အများကြီး မျှော်လင့် ထား တော့ မျှော်လင့် ထား သလောက် မဖြစ်တာပဲရှိတယ်။ သူ့ဟာနဲ့သူ တော့ ဖြည်းဖြည်း မှန်မှန်တော့သွား နေတာပဲ။ အဲဒါကြောင့် အခုအချိန် မှာတော့ ဝေ ဖန်ထောက်ပြမယ့် နောက်ထပ် ပါတီတစ်ခု မလိုအပ် သေးဘူးလို့ ထင်တယ်။ ပြီးတော့ အဲဒီ ပါတီတစ်ခု ကလည်း လက်ရှိ NLD လောက် စွမ်းဆောင်နိုင်မှာ မဟုတ် ဘူးလို့ ကျွန်မထင်တယ်။

ကျော်စည်သူဝင်း
ဥက္ကဋ္ဌ (နည်းပညာတက္ကသိုလ် သန်လျင် ကျောင်းသားသမဂ္ဂ)

အင်အားကြီး အနေနဲ့ ၂ ခု တည်း ရှိနေပေမယ့် တစ်ခုကို တစ်ခု အမှန်တကယ် ဝေဖန်ကြမယ်ဆို ရင် လုံလောက်မှု ရှိပါတယ်။ တစ်ခု က ခြေလှမ်းမှားရင် နောက်တစ်ခု ကထောက်ဖို့ အဆင်သင့်ရှိရမယ်။ ဒါပေမယ့် အခု အခြေအနေမှာ သူတို့အနေနဲ့ တစ်ဖက် နဲ့တစ်ဖက် အတိုက်အခံသာ လုပ်နေကြတယ်။ တိကျတဲ့ဝေဖန်မှု မျိုး မရှိကြဘူး။ ဒါပေမယ့် တတိယမြောက် ပါတီပေါ့။ အဲဒီလိုမျိုး ပေါ်ပေါက်လာပြီး အခုလို အချိုးမျိုးနဲ့ဆိုရင်တော့ လည်း ဘာမှ မထူးပါဘူး။ ပြည်သူတွေ ပိုပြီးခေါင်းနောက် သွားရုံပဲ ရှိပါလိမ့်မယ်။ သေသေချာချာ အချက်အလက်နဲ့ ဝေဖန်ထောက်ပြမယ့် ပါတီမျိုးကတော့ လိုအပ်နေပါပြီ။ NLD အနေနဲ့လည်း ပါတီရဲ့လုပ်ငန်းစဉ်တွေကို မှား တယ်တော့ ပြောမရပါဘူး။ ဒါပေ မယ့် ပြည်သူတွေ အတော်ထိခိုက်မှု များတာမျိုးတော့ ရှိနေပါတယ်။ ပြီးတော့ အရင် အစိုးရတုန်းက လိုမျိုး အောက်ခြေပိုင်း အခြေအနေတွေမှာ သိရှိမှု အားနည်းနေတုန်း ပါ။ တကယ် သိချင်ရင် ဘယ်သူမှ မသိအောင် လေ့လာ လို့ရပါတယ်။ လာမယ်လို့ ပြောပြီးမှလာရင် တစ်သက်လုံး အခြေအနေမှန်ကို သိရမှာ မဟုတ်ပါဘူး။ ပြောချင် တာက တော့ လက်ရှိပါတီ၂ ခုဟာ တစ်ခု ကိုတစ်ခု ချက်ကျ လက်ကျထောက် ပြဖို့လိုနေပါတယ်။ တကယ်လို့ တတိယမြောက် ပါတီပေါ်လာရင်လည်း NLD နဲ့ ပြည်ခိုင်ဖြိုးကို အမှန်တကယ် ထောက်ပြဝေဖန်မယ့် ပါတီမျိုးပဲပေါ်ပေါက်သင့် ပါတယ်။ လိုအပ်နေပြီလား လို့ မေး ရင်တော့ ဘယ်သူ့မျက်နှာမှ မထောက် ဘဲ အမှန်အတိုင်း ဝေဖန်မယ့် ပါတီ တစ်ခုလောက်တော့ လိုအပ်နေပါ ပြီ။

ကိုအောင်ပညာနေလင်း
ဥက္ကဋ္ဌ (ဆေးတက္ကသိုလ် ၂ )
ကျောင်းသားသမဂ္ဂ

ဒီမိုကရေစီ ယဉ်ကျေးမှုတွေ ထဲမှာ အပြန်အလှန် ထောက်ပြ ထိန်းညှိပေးခြင်း ဆိုတာပါတယ်။ ဒီလို ထောက်ပြတာဟာ အစိုးရကို ပါတီ တစ်ခုခုက ထောက်ပြတာမျိုး၊ နိုင်ငံရေး အင်အားစုအချင်းချင်း၊ ပါတီအချင်းချင်း ပြန်လှန် ထောက်ပြတာမျိုး၊ အစိုးရကို မီဒီယာအင်အားစုတွေက ထောက်ပြတာမျိုး၊နောက်ဆုံးပြည်သူတွေက ထောက် ပြတာမျိုး စသဖြင့် အမျိုးမျိုး ရှိမယ်။ ပြည်သူတွေထဲက ပြည်သူတစ် ယောက်အနေ နဲ့ပြောရရင် အစိုးရ ကို ကောင်းကောင်းမွန်မွန် ထောက်ပြ ထိန်းကျောင်းပေးနိုင်တာမျိုး ရှိစေချင်တယ်။ ဘယ်ပုံစံနဲ့ ထောက်ပြတာမျိုး ဖြစ်ဖြစ်၊ တကယ် တည့်တည့်မတ်မတ် ထောက်ပြနိုင်တဲ့ ဘယ်ပုံစံမဆိုလက်ခံဖို့ အဆင်ပြေပါတယ်။ ဒီခေတ်မှာ နိုင်ငံရေး ပါတီတွေ အသီးသီးပေါ်လာတာ အရမ်းကြီး မထူးဆန်းနေပါဘူး။ မှတ်ချက်ပေးဖို့ ကလည်း စောလွန်း သွားမှာ စိုးရတယ်။ အရေးကြီး တာက ပေါ်လာပြီး ဘယ်ပုံစံနဲ့ သွားကြမလဲ ဆိုတာပါပဲ။ သွားတဲ့ ပုံစံ၊ မျက်နှာမူတဲ့ ပုံစံပေါ်လိုက်ပြီး ပြည်သူ လက်ခံ၊ မခံဆိုတာက ပေါ် လာမှာပဲဗျ။ ကျွန်တော့်အနေနဲ့ကတော့ မြင်တာကတော့ လက်ရှိမှာ အစိုးရကို ထိန်းကျောင်းထောက်ပြမယ့်သူ နည်းနေတယ်ဆိုတာ အမှန်တရားပဲ၊ ဒါကြောင့် ခိုင်ခိုင်မာမာ တည့်တည့်မတ်မတ်ထောက် ပြနိုင်တဲ့ အင်အားစု တစ်ခုပေါ်လာ ရင်တော့၊ တကယ်လည်း ထိထိ မိမိ အကျိုးရှိအောင် ထောက်ပြနိုင်ရင်တော့ ကြိုဆိုဖို့ဝန်လေးနေမှာ မဟုတ်ပါဘူး။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*