ကျန်းမာရေး သတိပေးရုပ်ပုံစာသားများ မပါသည့်ဆေးလိပ်ဘူးထုတ်လုပ်သူများကို မတ်လမှ စတင်အရေးယူတော့မည်

ကျန်းမာရေး သတိပေးရုပ်ပုံစာသားများ မပါသည့်ဆေးလိပ်ဘူးထုတ်လုပ်သူများကို မတ်လမှ စတင်အရေးယူတော့မည်
March 3, 2017 Asian Fame

2:27 pm
ကျန်းမာရေး သတိပေးရုပ်ပုံစာသားများ မပါသည့်ဆေးလိပ်ဘူးထုတ်လုပ်သူများကို မတ်လမှ စတင်အရေးယူတော့မည်

လင်းဟိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက် နေ့နောက်ပိုင်း ထုတ်လုပ်သော ဆေးလိပ်ဘူးများတွင် ကျန်းမာရေး သတိပေး ရုပ်ပုံစာသားများ ဖော်ပြထားခြင်းမရှိပါက အရေးယူတော့မည် ဖြစ်ကြောင်း နေပြည် တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ရွှေက ပြောသည်။

စီးကရက်ကုမ္ပဏီများ၊ ဆေးပေါ့လိပ် နှင့် ဆေးရွက်ကြီးထုတ်လုပ်သူများအနေ ဖြင့် ကုန်ပစ္စည်းထုပ်ပိုးမှုများတွင် ကျန်းမာ ရေး သတိပေးရုပ်ပုံစာသားများကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ မဖြစ်မနေ ဖော်ပြရတော့မည် ဖြစ်ကြောင်း၊ ယင်းနေ့မတိုင်မီက ထုတ်လုပ်ထားပြီး ဈေး ကွက်အတွင်း ရောက်ရှိပြီးဖြစ်သည့် ဆေး လိပ်ဘူးများကို ခြောက်လအတွင်း ရောင်း ချခွင့်ပြုမည်ဖြစ်ပြီး ခြောက်လအလွန် ၂ဝ၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ပြီး စိစစ်အရေးယူတော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

”စက်တင်ဘာလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက ထုတ်ထားတဲ့ ဆေးလိပ်တွေ မှန်ရင်တော့ သေသေချာချာစိစစ်ပြီး သိမ်သိမ်မွေ့မွေ့ အရေးယူသွားပါမယ်။ ဒါက စီးပွားရေးနဲ့လည်း ဆိုင်နေတော့လေ” ဟု ဒေါက်တာမြင့်ရွှေက ပြောသည်။ ကျန်းမာရေး သတိပေး ရုပ်ပုံစာသားများ မပါဝင်သည့်ဆေးလိပ်ဘူး ထုတ်လုပ်သူများကို အရေးမယူလျှင် ပြည်သူများအ တွက် ကျန်းမာရေး ထိခိုက်မှုများစွာရှိလာ မည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများကြား နောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း၊ ဆေးလိပ်သောက် ခြင်းသည် ကင်ဆာ၊ နှလုံး၊ အဆုတ် စသည့် ရောဂါများကို ဖြစ်ပွားစေပြီး ဆေးလိပ်ဘူးတွင် ကျန်းမာရေး သတိပေးရုပ် ပုံစာသားများ ဖော်ပြထားပါက ဆေးလိပ် သောက်သုံးသူများ ဆင်ခြင်နိုင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ကျန်းမာရေး သတိပေးရုပ်ပုံစာသားများ ဖော်ပြခြင်းမပြုဘဲ ရောင်းချပါက ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေအရ ငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံးသုံး သောင်းအထိ၊ ဒုတိယအကြိမ်နှင့် အထက်ကျူးလွန်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် အနည်းဆုံး ကျပ် သုံးသောင်းမှ ကျပ်တစ်သိန်းအထိ ချမှတ် ရမည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၂၆ ဒသမ ၁ ရာခိုင်နှုန်းသည် ဆေးလိပ် သောက်သုံးကြပြီး ယင်းသောက်သုံးသူများ၏ ၈ဝ ရာခိုင် နှုန်းနီးပါးသည် နေ့စဉ်သောက်သုံးသူများ ဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ် စစ်တမ်းတစ်ရပ်ကို ကိုးကား၍ ၎င်းက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*