AA ၊ MNDAA နှင့် TNLA သုံးဖွဲ့ကို တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်

AA ၊ MNDAA နှင့် TNLA သုံးဖွဲ့ကို တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်
March 1, 2017 Asian Fame

2:41 pm
AA ၊ MNDAA နှင့် TNLA သုံးဖွဲ့ကို တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်
ဓာတ်ပုံ - အောင်ပြည့်စုံ

ဓာတ်ပုံ – အောင်ပြည့်စုံ

အောင်ပြည့်စုံ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

AA ၊ MNDAA နှင့် TNLA သုံးဖွဲ့သည် ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှ ပေါ် ပေါက်လာသော လက်နက်ကိုင်အဖွဲ့များဖြစ်သဖြင့် တပ်မတော်အနေနှင့် ငြိမ်းချမ်း ရေးဆွေးနွေးမည်မဟုတ်ကြောင်း တပ်မတော်မှ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြော ဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နေ ပြည်တော်၌ ပြုလုပ်သည့် တပ်မတော်၏ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသနှင့် ရခိုင်ပြည်နယ် မောင်တောဖြစ်စဉ်များအ တွက်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏မေးမြန်းမှုကို တပ် မတော်၏ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အထက် ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်အဖွဲ့ AA၊ ကိုးကန့်အဖွဲ့ MNDAA နှင့် တအာင်း/ပလောင်အဖွဲ့ PSLF/TNLA တို့သည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်အတွင်းကလည်း နိုင်ငံလုံးဆိုင်ရာ အ ပစ်အခတ်ရပ်စဲရေး စာချုပ် NCA တွင် ပါဝင်ခွင့်ရရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ယင်းသုံးဖွဲ့သည် ဦးသိန်းစိန်က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသို့ ငြိမ်းချမ်းရေး စတင်ကမ်းလှမ်းခဲ့သည့် ၂ဝ၁ဝ ခုနှစ် နောက်ပိုင်းတပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရသို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့် အဆိုပါသုံးဖွဲ့ကို ဦးသိန်းစိန် အစိုးရက လက်သင့်မခံဘဲ KIA လက်အောက်တွင် ထည့်သွင်းကာ KIA အနေဖြင့် တာဝန်ယူရန် တောင်းဆို ခဲ့သော်လည်း KIA က တာဝန်မယူနိုင်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ယင်းကာလက တပ်မတော်အနေဖြင့် AA ၊ MNDAA နှင့် TNLA သုံးဖွဲ့အပေါ် တွင် သီးသန့်မှတ်ချက်ပြုခြင်းမရှိသော်လည်း ယခုမူ ယင်းသုံးဖွဲ့နှင့် ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ကြောင်း သီးသန့်မှတ်ချက်ပြု ပြောဆိုခြင်း ဖြစ်သည်။ အဆိုပါသုံးဖွဲ့သည် NLD အစိုးရလက်ထက်တွင် KIA နှင့် ပူးပေါင်းကာ မြောက် ပိုင်းမဟာမိတ်အဖွဲ့ဟု တပ်ပေါင်းစုပြုလုပ်၍ ရှမ်းမြောက် ဒေသမူဆယ်မြို့မှ စတင်၍တိုက်ပွဲများ ဆင်နွှဲနေပြီး လက်ရှိအချိန်ထိလည်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား နေဆဲ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဆိုပါသုံးဖွဲ့သည် အကြမ်းဖက်မှုများကိုသာ ဆက်တိုက်ပြုလုပ်ခဲ့သောကြောင့် တပ်မတော်က အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြုလုပ်သွားမည် မဟုတ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ”တပ်မတော်ကငြိမ်းချမ်းရေးရထားကြီးပေါ်ကို လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မီတဲ့နေရာကအတူ တက်စီးကြဖို့ ကြိုဆိုနေပါတယ်”ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဆိုသည်။

ထို့ပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှတောင်းဆိုထားသော ၈ ချက်တွင် တစ် ချက်ဖြစ်သော တပ်မတော်အနေနှင့် တစ်ဖက်သတ်အပစ်ရပ်ပြီး လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ဟူသည်မှာ မဖြစ်နိုင်ဘဲ လက်နက်ကိုင်တပ်ဖွဲ့များ အနေနှင့် NCA တွင် လက်မှတ်ထိုးပြီး မှသာငြိမ်းချမ်းရေး အမှန်တကယ်ရနိုင်မှာ ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဆက်လက် ပြောဆိုခဲ့ပါသည်။

လက်ရှိတွင် UNFC ကလည်း ၎င်းတို့ တောင်းဆိုထားသည့် ၈ ချက်ကို အစိုးရက ခွင့်ပြုသဘောတူညီမှသာ NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်မည်ဟု ကြေညာ ထားသည်။ တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ် ၁ဝဝ ရာခိုင်နှုန်းရယူရန် ဆန္ဒရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရအဖွဲ့နှင့် တက်ညီလက် ညီပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ၂၁ ရာစုပင်လုံညီလာခံကို အပြည့်အဝထောက်ခံပါကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။ လာမည့် မတ်လ ၁ ရက်နေ့တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ၏ DPN တို့ကြား ယင်း ၈ ချက်ကိစ္စဆွေး နွေးသွားရန်ရှိနေပြီး တပ်မတော်က ငြိမ်းချမ်းရေးမဆွေးနွေးဟု ဆိုထားသော AA ၊ TNLA နှင့် MNDAA တို့ကလည်း NCA စာချုပ်ကို လက်မှတ်မထိုးဟု ကြေညာထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*