သူတို့အမြင်

သူတို့အမြင်
March 1, 2017 Asian Fame

2:35 pm
သူတို့အမြင်

Opinionတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင် များ၏ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို အထူးဒေသ(၂) ‘ဝ’ပြည်နယ် အစိုးရ ဌာနချုပ် ပန်ခမ်းမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက် လာကြသည့် ခေါင်းဆောင် အားလုံး၏ သဘော တူညီချက် အများအရ တောင်းဆိုချက် ၉ ချက် ပါဝင်သည့် ထုတ်ပြန်ကြေညာချက် ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ပါ တောင်းဆိုချက် များတွင် MNDAA၊ TNLA နှင့် KIA တို့အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ် လိုက်ခြင်းကို ရုပ်သိမ်းပေးရန်၊ သမိုင်းဝင် ပင်လုံစာချုပ်အား NCA စာချုပ်ဖြင့် အစားထိုးရန် ရည်ရွယ်ခြင်းကို လက်မခံခြင်း၊ တရားမျှတမှု ရှိသော အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့် NCA ကို အစားထိုးရန် အစရှိသည့် အချက်များ ပါရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အဘယ်သို့ ရှေ့ဆက် လှမ်းမည်နည်း ဟူ၍ မေးစရာ ပေါ်လာပြီး၊ အခြား အခြားသော မေးခွန်း များလည်း ပေါ်လာပြန်၏။ ထို့ကြောင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ ရှေ့အလားအလာနှင့် ပတ်သက်၍ တိုင်းရင်း သား ပါတီ အသီးသီး မှ ခေါင်းဆောင် တို့၏ အမြင်များကို စုစည်း ဖော်ပြလိုက်ပါသည်။

ဦးဆော်လမွန်
ဒုတိယဥက္ကဋ္ဌ၊
လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ
(ကယားပြည်နယ်)

လက်ရှိ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြည့်ရတာ အားမရဘူး ဖြစ်နေတယ်။ ရှေ့တိုးဖို့ နေနေသာသာ နောက် တောင် ဆုတ်နေ သလား လို့ အောက်မေ့ရတယ်။ အဓိက ကတော့ ပြန်လည် မသုံးသပ်ကြတာကိုးဗျ။ ပြန်လည် သုံး သပ်ရင် အမှားအမှန် ပေါ်မှာပဲလေ။ ဒါကို သိရဲ့နဲ့ မသုံး သပ်ကြတာလားလို့ တွေးမိပါတယ်။ ကျွန်တော်တို့ နိုင်ငံက ငြိမ်းချမ်းဖို့ လိုနေပြီ။ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ကြမှာ လား၊ တိုက်ပဲ တိုက်ခိုက် နေကြတော့ မှာလားလို့ ကျွန် တော်ကတော့ မေးလိုက်ချင်နေပြီ။ သင့်သင့်မြတ်မြတ်  နေဖို့အချိန်တန်နေပြီ လို့ပဲ ပြောပါရစေ။

ဦးဂင့်ကမ်းလျန်
အထွေထွေအတွင်းရေးမှူး
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်

နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနဲ့ ၂၁ ရာစု ပင်လုံညီလာခံကို သီးခြားစီ ခွဲထုတ်သင့်တယ် လို့ မြင် တယ်။ ညီလာခံကို အပစ် အခတ် ရပ်စဲရေးစာချုပ်နဲ့ ချိတ် လိုက်တော့ အဲဒီမှာ ရှေ့ဆက်မတိုးတော့ဘူး ဖြစ်နေတယ်။ ကျွန်တော့် အမြင်ပြောရရင် အပစ်အခတ် ရပ်စဲရေးကို လည်း သတ်သတ် လုပ်နေ။ ညီလာခံ ကိုလည်း သီးခြား လုပ်။ ဒါဆိုရင် အဆင်ပိုပြေ သွားနိုင်တယ်။ ညီလာခံမှာက အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသား လက်နက် ကိုင်ရယ်၊ နိုင်ငံရေး ပါတီတွေရယ်၊ လူထုရယ်ပါနေတဲ့ အတွက် ရလဒ်ဟာလည်း အားလုံး လက်ခံနိုင်မယ့် ရလဒ်ပဲ ဖြစ်လာမယ်။ ဒီလိုပဲ အပစ်ရပ်ဖို့ ကလည်း သီးသန့်လုပ်။ ဒါဆိုရင် တပ်မတော်နဲ့ တိုင်းရင်းသားတွေ ရဲ့ သဘောတူ ညီမှု ထွက်လာလိမ့်မယ်။

ဦးခင်မောင်ဆွေ
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီအင်အားစု

ကျွန်တော့် အနေနဲ့ပြောရရင် အခုလက်ရှိ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ အနေနဲ့ သွားနေတဲ့ အချိန်ကာလ အခြေအနေ နဲ့ လွန်ခဲ့တဲ့ ပင်လုံညီလာခံ လုပ်ခဲ့တဲ့အချိန်က အခြေအနေတွေက နှစ် ၇ဝ လောက် ကွာနေပြီ။ နိုင်ငံရဲ့ အနေအထား၊ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ အခြေအနေ အားလုံးက အရမ်းကွာနေပြီ။ ဆိုတော့ အနာဂတ် ငြိမ်းချမ်းရေး ကို သွားတဲ့အခါ လွန်ခဲ့တဲ့ ပင်လုံက အခြေအနေတွေ နဲ့ ၂၁ ပင်လုံ ညီလာခံကို ထပ်တူပြုနေတာက မဖြစ်သင့်ဘူး လို့ မြင်တယ်။ ဖက်ဒရယ်စနစ် ကို ဖြစ်စေချင်တဲ့ အခါ သွားတဲ့အခါမှာ နာမည်ကိုက စပြီးလွဲနေတယ်လို့မြင် တယ်။

နောက်ပြီးတော့ အခုဆိုရင် ပြင်ပနိုင်ငံ တွေရဲ့ဖိအား တွေပါ ပါဝင်လာတဲ့ အခါကျတော့ ငြိမ်းချမ်းရေး လုပ် ငန်းစဉ် လမ်းကြောင်း မှာ နောက်ကွယ်က လက်တွေပါလာ နေပြီဆိုတာတော့ ငြင်းမရတော့ဘူး။ လက်မှတ် ထိုးပြီး သား အဖွဲ့တွေ အနေနဲ့ ရှေ့ဆက်လုပ်မယ့် ခရီးဟာ သိပ် ကို အရေးကြီးပါတယ်။ တစ်ဖက်က လက်မှတ် ထိုးထားပြီး မိမိတို့ဒေသရဲ့ ဖွံ့ဖြိုးရေးတွေ ကို လုပ်ပြီး ငြိမ်းချမ်း တဲ့ပြည် ထောင်စုတစ်ခု အဖြစ်ဆီကို သွားစေချင်တယ်။ UNFC  က တောင်းဆိုချက်တွေကို တပ်မတော်ဘက်က မလိုက် လျောနိုင်တဲ့ အချက်တွေ များနေတော့ ပွဲကမစခင်က တည်းက ပျက်သလို ဖြစ်နေတယ်။ အစက NCA မှာ လက် မှတ်ထိုးကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြီး တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျ လက်မှတ်မထိုးလည်း ဝင်ဆွေးနွေးလို့ ရပြန်ဆိုတော့ အခွင့်အရေး အရင် ယူပြီးမှ  လုပ်တယ်လို့ ပြည်သူတွေက မြင်သွားနိုင်တယ်။ ပြောချင် တာက NCA ကိုအခြေမခံဘဲ စည်းဘောင်တွေ ကျော်ပြီး လုပ်မယ် ဆိုရင် နိုင်ငံရေး အရကြည့်ရင် ပြည်ထောင်စုဖြစ် တည်ရေးကို ပိုပြီး လမ်းကွေ့ သွားစေနိုင်ပါတယ်။

ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ
ရခိုင်အမျိုးသားပါတီ

ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ အဖြေ ရှာတာကတော့ လိုအပ်တယ်။ ကောင်းမွန်တဲ့ကြိုး ပမ်းမှုလို့ မြင်တယ်။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်က လည်း ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးက သူ့ဘက်ကိုယ့်ဘက် မဆွေးနွေးကြဖို့ လိုပါတယ်။ ရည်ရွယ်ချက် ကောင်းဖို့ လိုပါတယ်။ ဒီလထဲမှာ ကျင်းပမယ် ဆိုပြီး မကျင်းပဖြစ် တာက အမျိုးသား အဆင့်ဆွေးနွေးပွဲ မအောင်မြင်သေး တာပဲပေါ့။ ညီလာခံငယ် ကလေးတွေက ၆ လ တစ်ကြိမ်  လုပ်နေရမှာလေ။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေကို အချိန်တိတိပပ နဲ့ သူ့နေရာနဲ့ သူကျင်းပနိုင်ဖို့ လိုတယ်။
အနည်းဆုံး  လက်မှတ် ထိုးထားတဲ့နေရာတွေ မှာတော့ ကျင်းကို ကျင်းပရမှာ။ မဟုတ်ရင် လုပ်မနေနဲ့။ အဲဒီလို ကျင်းပနိုင်ဖို့ ကိုလည်း အစိုးရက ဆန္ဒရှိရမယ်။ ရှိတဲ့ ဆန္ဒထုတ်ဖော်ရမယ်။ အဲဒီ အတွက် ကြီးကြပ်ရေး ကော်မတီက  ကမကထ လုပ်ပြီး ကျင်းပရမယ်။ ဟိုနေရာ ကျင်းပ၊ ဒီနေရာ မကျင်းပနဲ့ ဝန်ကြီးချုပ်က မလုပ်လို့ တပ်မတော်က မလုပ်လို့ဆိုပြီး မရဘူး။ အဲဒီကော်မတီထဲ မှာ သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေး ပါတီတွေ ပါဝင်နေရမယ်။ သူ့နေရာ နဲ့သူ အောင်မြင်အောင် ကျင်းပ နိုင်ဖို့လိုပါတယ်။ ဒီလိုပွဲတွေကို ဘာလို့ ခွင့်မပြုကြလဲ။ ခွင့်မပြုတဲ့ သူတွေဟာ အမျိုးသား အဆင့် ဆွေးနွေးပွဲကို မတက်စေချင်တဲ့ သဘောပဲ။

ပြီးတော့ အစိုးရ အနေနဲ့ NCA ကို ဘာလို့စာချုပ် ချုပ်တာလဲ ဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ သမိုင်းကို  ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ ဦးနေဝင်း တို့ လက်ထက် တုန်းကလည်း အပစ်အခတ် ရပ်ရေးဆိုပြီး လုပ်ခဲ့ကြတာပဲ၊ မအောင်မြင်ဘူး။ အပစ်အခတ်တွေ ရပ်ထားပြီး နိုင်ငံရေး အားဖြင့် ရှေ့ဆက် အဖြေရှာသင့်တယ်။ ဒေါ်စုပြောသလို လွယ်လွယ်လေး ရမယ်လို့တော့ မထင်ဘူး။ လွယ်လွယ် လေး နဲ့ရနိုင်နေရင် ဘယ်လက်နက် ကိုင်ကြတော့မလဲ။ ကိုယ့်ဒေသရဲ့ အချုပ်အခြာ အာဏာ ဖွံ့ဖြိုးမှုကို လိုချင်ကြ လို့ ကိုင်ကြတာလေ။ ဒါက ဗိုလ်ချုပ် တို့တုန်းက ထားခဲ့တဲ့ ကတိတွေကို မတည်ခဲ့ကြလို့ ဖြစ်လာတာပါပဲ။ ကိုယ့် လူမျိုး ကိုယ့်ဒေသကို ဖွံ့ဖြိုးအောင် လုပ်ချင်တယ် ဆိုတာ ကို ပြန်စဉ်းစားကြည့်ရင် မမှားပါဘူး။ အခုတော့ ကမ္ဘာ မှာ ပြည်တွင်းစစ် အရှည်ကြာ ဆုံး နိုင်ငံဖြစ်နေပြီ။ ဘယ် သူမှလည်း ရှုံးတယ်ပြောမရ နိုင်တယ်ပြောမရ။ အဲဒီလို ကြာလာတဲ့အခါ သူ့သက်ဆိုင်ရာ တိုင်းရင်း သား ဒေသတွေက လူငယ် တွေရဲ့ မျိုးချစ်စိတ်တွေ ပိုမြင့်မားလာကြတယ်။ အဲဒါက ပိုပြို ကွဲဖို့ များ လာတာပဲ။ ဘယ်သူမှ     လည်း အုပ်ချုပ်ခံ မဖြစ် ချင်တော့ဘူးလေ။ အဲဒီတော့ NCA မှာလည်း ပြန် သုံးသပ်သင့်တယ်။ တစ်ဖက်သတ် ဆွဲထားတာ ရှိနေလား၊ ဘာမှားနေလဲ၊ ဘာများ တင်စီးပြီး လုပ်ထားတာ မျိုးရှိနေ လဲ၊ ဘာများ မတော်မတရား လုပ်ထားတာ မျိုးရှိနေလဲ ဆိုပြီးတော့။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာလည်း အားလုံးကို  ပါဝင်ခွင့်ပေးတယ်ပြောပေမယ့် တချို့တိုင်း ရင်းသားအဖွဲ့တွေကို ထားခဲ့တယ်။ အဲဒါကိုက မဟုတ် ဘူး။ အားလုံးကို ပါဝင်ခွင့်ပေးသင့်တယ်။ ကိုးကန့်ဒေသ ဆိုလည်း သူတို့ကိုယ် သူတို့ ဟန်လူမျိုးလို့ သတ်မှတ်တော့ တာမဟုတ်ဘူး။ အစကတည်းက မြန်မာမင်းတွေလက် ထက်ကတည်းက
ရနေခဲ့တဲ့ တရုတ် လူမျိုးတွေပဲလေ။ သူတို့ကိုလည်း ပါဝင် ခွင့်ပေးရမှာပဲ။ ပြောချင်တာကတော့ တကယ် ပါဝင်သင့်တဲ့ အဖွဲ့တွေ အားလုံးပါဝင်ဖို့ လိုပါ တယ်။ လက်နက်ကိုင်ရတဲ့အကြောင်းရင်းရဲ့ ၁ဝဝ ရာခိုင် နှုန်း မဟုတ်တာတောင် မှ ၇၅ ရာခိုင်နှုန်း လောက် ဖြစ် အောင် လုပ်ပေးနိုင်မယ် ဆိုရင် သူတို့ဘက်ကလည်း ပါဝင် လာမှာပဲ။ အားလုံးဘက်က လျှော့သင့်တယ်။ အစိုး ရဘက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင် လာအောင် လျှော့ရမယ်။ နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရ က သဘောထား သေးသိမ်နေရင် ပြည်တွင်းစစ်က မရပ် နိုင်ဘူး။ ဆွေးနွေးဘက်တွေ မှာ သမိုင်းအရကော မယုံ ကြည်ကြတော့တဲ့ အခါ ပြင်ပနိုင်ငံတွေ ကို ခေါ်ကြတာ မျိုးလေ။ ဒါပေမယ့် ဆွေးနွေးညှိနှိုင်းတဲ့ နည်းနဲ့တော့ ရှေ့ ဆက် အဖြေရှာနေရမှာပဲ။

မန်းကျော်မြင့်
အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားပါတီ

အခုဖြစ်နေတဲ့ ပြဿနာကတော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကြား ညှိနှိုင်းမရ တဲ့ အကျိုးဆက် တွေပဲ။ တစ်ဖက် ကလည်း နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ် ထိုးပြီး လက်နက်စွန့်ပါ။ တစ် ဖက်ကလည်း နိုင်ငံရေး သဘောတူညီမှု မရဘဲ လက်နက် မစွန့်နိုင်ဘူး။ အဲဒီမှာတင် သွားတစ် နေတယ်။ အစိုးရ ကိုယ်တိုင်က တိုင်းရင်းသားတွေကို အပစ်ရပ် လက်မှတ်ထိုးဖို့ တိုက်တွန်းနေတယ်။ ဒီတော့ တပ်နဲ့ အစိုးရရဲ့အားက ပိုကြီးနေသလို ဖြစ်နေတယ်။ ကျွန် တော်ပြောချင်တဲ့ သဘောက ပြန်လည် သုံးသပ်ပါ။ တစ် ဖက်တည်းကို ပြောတာ မဟုတ်ဘူးနော်။ အားလုံး ပြန် လည် သုံးသပ်ကြပါလို့ပဲ ပြောချင်ပါတယ်။

ဦးအေးမင်း
ဥက္ကဋ္ဌ၊ ထားဝယ်တိုင်းရင်းသားများပါတီ

ငြိမ်းချမ်းရေးက ပြည်သူ တစ်ရပ်လုံးက လိုလား တောင့်တနေကြတဲ့ အရာပဲ။ NCA ကို  အားလုံးနဲ့ သဘော တူရေးဆွဲထားကြတာပဲ။ အားလုံးကို ၂၁ ရာစု ပင်လုံကိုပဲ ဦးတည် စေချင်တယ်။ သေသေချာချာ ညှိနှိုင်း ဆွေးနွေးမှု တွေ ပြုလုပ်စေချင်တယ်။ အကုန် အပစ်ခတ်ရပ်စဲရေး လက် မှတ်ရေး ထိုးစေချင်တယ်။ ‘ဝ’ဘက်ကတော့ NCA ကို မမူတည်တော့ဘဲ ၂၁ ပင်လုံကိုပဲ ဦးတည် သွားမယ်လို့ ထုတ်ပြန်ထားတာ တွေ့လိုက်တယ်။ အဲဒါနဲ့ ပတ်သက်လို့ တော့ ကျွန်တော် မပြောလိုသေးဘူး။ ကျွန်တော့် အမြင်ပြော ရရင်တော့ ခက်တော့ ခက်ခဲနေဦးမယ် ထင်တယ်။ မကြာ ခင်မှာ ဒေါ်စုနဲ့ တိုင်းရင်းသား အဖွဲ့တွေ တွေ့ဖို့ရှိနေသေး တယ်။ ဆိုတော့ အဲဒီမှာ ဒေါ်စုရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ ကြည့်ရမှာပဲ။ အဲဒီဆွေးနွေးပွဲပြီး မှပဲ ငြိမ်း ချမ်းရေးရဲ့ ရှေ့ဆက် အလားအလာက ဆက်ပြောနိုင် လောက်မယ်။

ဦးစဝ်သာဦး
ဒုဥက္ကဋ္ဌ
ဖက်ဒရယ်ပြည်ထောင်စုပါတီ

ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး ပြောမယ် ဆိုရင် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သတ်နေတဲ့ သူတွေအ နေနဲ့ တကယ်ရော ငြိမ်းချမ်းရေး လိုချင်ရဲ့လားလို့ ပြန် စဉ်းစားရပါမယ်။ တကယ် လိုချင်ရင် ငြိမ်းချမ်းစေမယ့် နည်းလမ်းတွေ နဲ့ တကယ်သွားကြဖို့ လိုပါတယ်။ နိုင်ငံ တကာနဲ့ ဖြစ်နေတာလည်း မဟုတ်ဘူး၊ ကိုယ့်တိုင်းပြည် ထဲက တိုင်းရင်းသား အချင်းချင်းဖြစ်နေတာ။ ကြီးတဲ့အဖွဲ့ ရော ငယ်တဲ့ အဖွဲ့ရော လျှော့လိုက်ရင် တိုင်းရင်းသား ပြည်သူတွေ အနေနဲ့လည်း စစ်ရဲ့ဒဏ်ကို မခံစားရတော့ ဘူး။ အကြီးကလည်း အကြီးအလျောက် နားလည်သည်းခံ မှုနဲ့ ယုံကြည်မှု ရှိလာအောင် လျှော့ပေးစေချင်ပါတယ်။ မဟုတ်ရင်တော့ ဒီလိုပဲ ဆက်သွားနေမှာပဲ။ စကားလုံး လေးတစ်လုံး ကအစ ညှိမရ ဖြစ်နေကြရင်။ ပြီးတော့ ၂၁ ပင်လုံမှာ အားလုံး ပါဝင်ခွင့်ကိုပြောထားပေမယ့် အားလုံး တကယ်ပဲ ပါဝင်ခွင့်ရနေပြီလား ဆိုတာ ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။
နိုင်ငံရေးအရ နိုင်ငံရေး စကားပြောဖို့ တည်ထောင်ထားတဲ့ နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် အဖွဲ့ အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေကို  အားလုံးပါဝင် ခွင့်ပေးသင့်တယ်။ နိုင်ငံရေး ပါတီတွေက အစက တည်းက နိုင်ငံရေး စကားပြောဖို့လာကြတာ အခု ဘာမှ ပြောခွင့်မရ ဘူးဖြစ်နေတယ်။ ဘာမှ အသံ မထွက်နိုင်ရှာဘူး။ ပြည် နယ် အသီးသီးက တိုင်းရင်းသား အစုအဖွဲ့ငယ်လေးတွေ ဆို သူတို့ကို ပါဝင်ခွင့်မပေးရင် သူတို့ရဲ့အသံကို ကျွန် တော်တို့ ဘယ်ကြားနိုင်မလဲ။ ပြီးတော့ အားလုံးတကယ် ပဲ ငြိမ်းချမ်းချင်ရဲ့လားဆိုတာကို ပြန်သုံးသပ်သင့်ပါတယ်။

မငြိမ်းချမ်းတဲ့ အပေါ် အကျိုးအမြတ် ရနေတဲ့သူတွေအ နေနဲ့ကတော့ မငြိမ်းချမ်းအောင် မြှောက်ပေးနေကြမှာပဲ။ ဥပမာ လက်နက် ကုန်သည်တွေပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလို တိုက်နေမှ သူတို့ကလည်း လက်နက် ရောင်းရမှာလေ ငြိမ်းချမ်းနေရင် ဈေးကွက် ပျောက်သွား မှာပေါ့။ ဒါမို့သူတို့လို လူတွေကလည်း သွေးထိုးမှုတွေက ရှိကောင်း ရှိနေနိုင်တာပဲ။ သူတို့လို အင်အားတွေက ကြီး နေသရွေ့က ပြည်သူတွေရဲ့ အသံတွေက အရာမရောက် နိုင်သေးဘူး။ ဆွေးနွေးနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ လည်း နိုင်ငံရေး အသွင်ကနေ အခြားအသွင်ပြောင်းသွား မှာစိုးရိမ်ရတယ်။ တချို့တွေဆို လူမျိုးရေး အသွင်ပြောင်း လာတာ တွေတွေ့ရတယ်၊ ဒါအန္တရာယ် ရှိပါတယ်။ စစ်မြေ ပြင်မှာထက် ဘာဝါဒမှ ဘာအကျိုးအမြတ် ဆန္ဒမှမပါဘဲ စားပွဲဝိုင်းတွေမှာ ဆွေးနွေးတာက ပိုဖြစ်သင့်တယ်။ နှစ် ဖက်စလုံးက ဟိုအကြောင်းပြ မလာ ဒီအကြောင်းပြမလာ နဲ့စကားလေးတောင် အချေအတင် မခံနိုင်ကြဖြစ်နေကြရင် ဒီပြည်တွင်းစစ်က ဘယ်တော့မှကို ပြီးမှာ မဟုတ်တော့ဘူး။

ဦးမြထွန်း
ဥက္ကဋ္ဌ
မြိုအမျိုးသားဒီမိုကရေစီပါတီ

နိုင်ငံ့ရဲ့ ငြိမ်းချမ်းရေး အနေအထားကို ကြည့်ရတာ အချင်းချင်း သံသယ ရှိနေကြတဲ့ပုံပဲ။ အဲဒီ သံသယတွေကို စွဲကိုင်ထားတဲ့ အတွက် ငြိမ်းချမ်းရေးက ရှေ့ကိုမတိုးတော့ ဘူး။ အဲဒီဟာတွေကို ဖြေဖျောက် သင့်နေပါပြီ။ မရိုး မသား စိတ်တွေတော့ မထားဖို့လိုမယ်။ နောက်တစ်ခု ကျွန်တော် တွေ့တာက နှစ်ဖက်စလုံးက အကြီးအကဲတွေ အောက်ခြေနဲ့ ထိတွေ့ဖို့ နည်းနေတယ်။ အပေါ်ကနေပဲ မူတွေချ။ ဒီလို လုပ်နေလို့ မရဘူး။ အောက်ခြေ အထိ ဆင်းတွေ့ကြပါ။ ကချင်ဆိုလည်း ကချင်၊ ရခိုင်ဆိုလည်း ရခိုင်၊ ရှမ်းဆိုလည်း ရှမ်း။ သူတို့တွေနဲ့ ထိတွေ့ဖို့ လိုတယ်။ ဒါမှ ပြည်သူတွေက ဘာဖြစ်ချင် နေတာလဲ၊ ဘာလိုချင်နေ တာလဲ။ ဒါမှ အမှန်တရားကို သိရမှာ၊ ပေါ်သွားမှာ။

Sali Ceu Bik Thawng
အထွေထွေအတွင်းရေးမှူး
ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ

အဓိက သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက တော့ အစိုးရက NCA ကို အခြေခံတာပေါ့။ ဒါပေမယ့် NCA  ကို ပါဝင်ရေးဆွဲ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ သူတွေ ကိုယ်တိုင်က NCA  ကို လေးစား လိုက်နာနေပြီ လား။ တကယ်လိုက်ပါ ဆောင်ရွက်သလား ဆိုတာ ပြန် စဉ်းစားဖို့လိုမယ်။ NCA  အသက်ဝင်ဖို့ ဆိုတာက ပါဝင် ရေးဆွဲထားတဲ့ အစိုးရ နဲ့ တပ်မတော်က အတိအကျ လေးစား လိုက်နာမှ အသက်ဝင်မှာမျိုးပါ။ တကယ်တော့ လည်း NCA  လက်မှတ် ထိုးခြင်း၊ မထိုးခြင်းနဲ့ ငြိမ်းချမ်း ရေး၊ အပစ်အခတ် ရပ်စဲရေး တို့ကို ဆုံးဖြတ်ပေးတာမျိုးက ကျွန်တော့် အနေနဲ့တော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ကျွန်တော် တက်ခဲ့တဲ့ လေ့လာရေး ဆွေးနွေးပွဲ တွေမှာ ဆိုရင် အိန္ဒိယရဲ့ အရှေ့ မြောက်ဘက်မှာ အခုထိ လက် နက် ကိုင်တွေ ရှိနေသေးတယ်။ သူတို့လည်းပဲ အပစ် အခတ် ရပ်စဲရေးဆိုတဲ့ အသုံးအနှုန်းက သိပ် အရေးမကြီး လှဘူးလို့ ပြောတယ်။ ကျွန်တော်လည်း မပစ်ဘူး၊ ခင်ဗျား လည်း မပစ် နဲ့ဆိုရင် ပြီးတာပဲ။ ခု အခြေအနေက ပစ်ဖို့ မပစ်ဖို့ကို လက်မှတ်ထိုး ဆုံးဖြတ်နေတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ တကယ်က ငြိမ်းချမ်းရေး အတွက် ဆွေး နွေး ညှိနှိုင်းရင်း ကိုယ်စီ အပစ်အခတ် ရပ်ထားလိုက်ရင် ပြီးပြီ။

ဦးလာမာလေး
ပါတီဗဟို အထွေထွေအတွင်းရေးမှူး
လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

အခု လက်ရှိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖော် ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ကောင်း ပါတယ်။ ငြိမ်းချမ်းရေး အတွက် လက်မှတ်ထိုးပြီး ကြလို့ရှိ ရင် တကယ်ပဲ လိုလားတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ခေါ် မလား၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ခေါ်မလား၊ အဲဒါကို ရယူချင်တဲ့ သူတွေ ရှိသလိုမျိုးပဲ အားလုံးကိုတော့ မပြော ပါဘူး၊ မလိုချင်တဲ့သူတွေ ရှိနေတယ်လို့ ကျွန်တော်တို့ တော့မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့  တကယ်ပဲ အ ပစ်အခတ် ရပ်စဲပြီ၊ ငြိမ်းချမ်းသွားပြီဆိုရင် လက်ရှိရနေတဲ့ အကျိုးအမြတ် ခံစားခွင့်တွေကို မရတော့မှာ စိုးတဲ့သူတွေ ရှိနေတယ် လို့ ကျွန်တော် ထင်တယ်။ လက်ရှိ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွေကို သွားတဲ့နေရာမှာ အရင် ပင်လုံ ခေတ်က အတိုင်းတော့ သွားလို့မရတော့ဘူး။ ခေတ်တွေ က မတူတော့ဘူး။ အလျှော့ အတင်းလေးတွေတော့ လုပ် မှအဆင်ပြေနိုင်တယ်။ ဘာရမှ ဘာလုပ်မယ် ဆိုတာမျိုးပဲ လုပ်နေမယ် ဆိုရင်တော့ အချိန်ကြာတာပဲ အဖတ်တင် မယ်။ ထူးခြားလာမှာ မဟုတ်ဘူးလို့ ကျွန်တော် တို့တော့ မြင်တယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖော်ဆောင်နေတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ်ထောက်ခံပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့ အားမရဘူး။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*