သမိုင်းထဲက မြန်မာပြည်သား (၁)

သမိုင်းထဲက မြန်မာပြည်သား (၁)
February 22, 2017 Asian Fame

11:20 am
သမိုင်းထဲက မြန်မာပြည်သား (၁)

nyein aye

”တကောင်းအဘိရာဇာ ဒို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ”ဆိုပြီးတော့ ရေးတဲ့ သူကလည်း ရေး၊ ဆိုတဲ့သူတွေကလည်း အားပါးတရဆိုခဲ့ကြတယ်။ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွစေတယ်ဆိုတာကောင်းတာပေါ့။ သို့ သော် တကယ်တမ်းမှာတော့ အလိုလိုနေရင်း သွေးနားထင်ရောက်ပြီး ဘဝင်လေဟပ်တဲ့ အယူအဆမျိုး တွေပဲ ဖြစ်လာခဲ့တယ်။ တကယ်တော့ ရှေးဗမာတွေဟာ ဆင်းရဲတယ်။ ရိုးသားတယ်။ ရှေးအစဉ်အလာပါရာဒိုင်းဘောင်အတွင်းမှ ရုန်းထွက်ခြင်းငှာ မစွမ်းသာ လောက်အောင် နာခံသေဝပ်တတ်တယ်။ တင်းတိမ်ရောင့်ရဲကြတယ်။ တစ်ချိန်တည်းမှာပဲ မိုက်တယ်၊ အတယ်၊ ခေတ်နောက်ကျတယ်၊ ရိုင်းတယ်။ ၃၈ ဖြာ မင်္ဂလာတရား တော်ကို ဦးထိပ်ထားအကြောင်းပြပြီး အားနေအပျင်းထွေတတ်သေးတယ်။ ဝတ်ဖို့၊ စားဖို့၊ ဖျင်ထည်ရက်လုပ်တဲ့ ဝါဂွမ်းစိုက်ပျိုးမှု နည်းပါးတော့ အင်္ကျီမကပ်ဘဲ ကျောပြောင် ကြီးတွေနဲ့ နေလေ့ရှိကြတယ်။ ရာသီဥတုကလည်း ပူအိုက်တော့ အတော်ပဲ ဖြစ်သွားသပေါ့။ လေလည်မိရင် သေမလောက် ရှက်ကြပြီး သားသည်အမေတွေကျတော့ ရင်တုံးလုံးနဲ့ မရှက်မကြောက် နေကြပြန်သေးတယ်။ ယောက်ျား ထိုးကွင်း၊ မိန်းမညှင်း ဒါကိုပဲ အလှတစ်ပါးလို့ ယူဆကြပြန်တယ်။

သုံးဖက်က တောင်စဉ်တောင်တန်း၊ ကျန်တစ်ဖက်က ပင်လယ်ကာဆီးခံထားရတဲ့ မြေကို ပိုင်ဆိုင်ကြတယ်။ နည်းနည်းလောက် အပင်ပန်းခံပြီး ထွန်ယက်စိုက်ပျိုး လိုက်ရုံနဲ့ စားဝတ်နေရေး တစ်နှစ်ပတ်လုံးအတွက် လုံလောက်လွယ် ကူစွာရရှိနိုင်တယ်။ စားရေ ရိက္ခာအတွက်ကြောင့် ရပ်ဝေးသွားရှာဖွေ ဖို့မလို။မသွားရင်မဖြစ်တဲ့ အကြောင်း ကိစ္စတစ်စုံတစ်ရာ မရှိရင် ကိုယ်နေထိုင်တဲ့ နေရာကနေ ရေခြား မြေ ခြား တိုင်းတစ်ပါးကို သွားရောက် ချင်စိတ်မရှိ။ တကယ်လို့ သွားချင် ဦးတော့ သွားဖို့ရန် လွယ်ကူတဲ့ လမ်းကြောင်းလည်း မရှိပါ။ ဒီအကြောင်းတွေကြောင့် ခေတ်နောက်ကျ၊ ယဉ်ကျေးမှု၊ တိုး တက်မှု၊ လူနေမှု စနစ်တွေ နိမ့်ကျ ခဲ့ရရှာတယ်။ ဗမာမဟုတ်ဘဲ အ ခြားလူမျိုး တစ်မျိုးမျိုး ဒီဒေသမှာ လာရောက်အခြေစိုက်ခဲ့ရင်လည်း ဒီလိုပဲ ခေတ်နောက်မှာ ကျန်ရစ်ခဲ့ မှာပါပဲ။ ကာလံ၊ ဒေသံကြောင့်ပေါ့။

အကြောင်းအမျိုးမျိုးနဲ့ လူမျိုး ခြားတွေဟာ ပင်လယ်နဲ့ တောင်တန်းတွေကို ဖြတ်ကျော်လာပြီး ဒေသခံမြန်မာတို့ဆီ ရောက်ခဲ့ကြ တယ်။ စီးပွားရှာဖို့၊ ကုန်သွယ်ဖို့ အဓိကဆိုပေမယ့်လို့ သူတို့ရဲ့ ယဉ် ကျေးမှု ဓလေ့ထုံးစံတွေလည်း တစ် နွယ်ငင် တစ်စင်ပါ ပါလာတာပေါ့။ အထူးသဖြင့်တော့ ဗုဒ္ဓရဲ့တရား တော်တွေကို မြန်မာတို့ သဘောကျ နှစ်ခြိုက်ခဲ့ကြတယ်။ အတူယူတယ်။ လိုက်နာကျင့်သုံးတယ်။ မြန်မာ့ လူ့ ဘောင်အဖွဲ့အစည်းရဲ့ မူပိုင်အရာ လို့တောင် ထင်လာကြတယ်။ဒီလိုနဲ့ပဲ သက်ဦးဆံပိုင် ဘုရင် စနစ်ကို အများနည်းတူ ထူထောင် ကြတဲ့အခါ ရှင်ဘုရင်လုပ်တဲ့သူက ဘာသာရေး တရားတွေထဲပါနေ ကျ ဇာတ်လိုက်ကျော်ကြီးတွေဖြစ် တဲ့ ဘုန်းကံကြီးမားတဲ့ လူမျိုးတွေ၊ အမျိုးမြတ်သော ဘုရင်မင်းတရား တွေနဲ့ ဇွတ်အတင်း ဆွေမျိုးစပ်ကြ တော့တယ်။ အထူးသဖြင့် ဆွေစဉ် မျိုးဆက် မဟုတ်ဘဲ ကြားက ဖောက်ပြီး ဘုရင်ဖြစ်လာတဲ့ ငတ ပါးမင်းတွေဆိုရင် ပိုပြီး ပြောတတ် ကြတယ်။

”ငါက ဘုရားဗျာဒိတ်ရတဲ့ သာသနာပြု မင်းပေါ့။ မျိုးရိုးက လည်း အင်မတန်ကြီးတယ်။ ဂေါ တမဘုရားနဲ့ တိုက်ရိုက်ဆက်တဲ့ အမျိုးပဲ။ မဇ္ဈိမဒေသက သာကီဝင် ကွဲ့။ သာကီဝင်ဆိုတာကလည်း ကမ္ဘာမှာ ပထမဆုံး ပေါ်တဲ့ မဟာ သမ္မတမင်းရဲ့ အဆက်ပေါ့”ဆိုပြီး လုပ်ဇာတ်ထွင် ပြောရရှာတဲ့ မင်း မျိုးတွေကို ငတပါးမင်းခေါ်တယ်။ ထိလိုင်မင်ခေါ် ကျန်စစ်သား၊ မင်း ကြီးစွာစော်ကဲ၊ ဟံသာဝတီ ဆင်ဖြူ ရှင်နဲ့ အလောင်းဘုရား ဦးအောင်ဇေယျတို့ဟာ ဘုရင်မျိုးရိုးမဟုတ်ဘဲ မင်းတက်ဖြစ်တော့ ငါ့အမျိုးဟာ ပြာမှေးမီးခဲလို ခဏတိမ်မြုပ်နေရှာတာ။ အရင်းစစ်တော့ ဘုရားမျိုးကွ လို့ ကောင်းသည်ထက်ကောင်း အောင် ရှာကြံြေ<ွကးကြော်ရရှာ တယ်။ ဒါမှ လူလေးစားမှာလို့ ထင် ကြတာကိုး။ ရာဇဝင်ဆရာများ လည်း ရှင်ဘုရင့် မျက်နှာကြည့်ပြီး ထမင်းစားရတဲ့ လူတွေဆိုတော့ ဘုရင်လုပ်သမျှ ဟုတ်သပပေါ့လေ။တကယ်တော့လည်း ရှေးမြန် မာကြီးတွေဟာ လူက ဖြစ်တဲ့ လူ သားတွေပီပီ တခါတလေတော့ လည်း ချစ်ဖွယ်၊ မြတ်နိုးဖွယ်၊ သနားဖွယ်၊ အချင်းချင်း ရိုင်းပင် ကူညီစောင့်ရှောက်ပြီး ကြင်နာသ နားစိတ်ရှိကြမှာ မြေကြီးလက်ခတ် မလွဲ။ တစ်ခါတလေ လောဘမုန် တိုင်း၊ ဒေါသမုန်တိုင်း၊ မာနမုန် တိုင်း ထန်လာရင် ရက်စက်ကြမ်း ကြုတ်၊ မိုက်မဲ၊ ရိုင်းစိုင်း၊ အကျင့် ပျက်ကြမှာလည်း သေချာပေါက် ပေါ့။ မြေကြီးကို မှီခိုစားသောက် သော လူပီသသောလူသားကြီး တွေကိုးဗျာ။

(၂)

တရုတ်နိုင်ငံတောင်ပိုင်းကနေ နန်ကျောင်နဲ့ မွန်ဂိုနှိပ်စက်လို့ ပြေးလာကြရင်း ရေကြည်ရာ မြက်နုရာမှာ အခြေချကြရာက ဗမာဖြစ်လာတယ်ဆိုတဲ့ သမိုင်းယူဆချက်ကို ကျွန်တော်တို့ မြန်မာတွေ အင်မတန် နားခါးတယ်။ ကိုယ့်အမျိုး ကိုယ့်အဆွေကို အောက်ခြေလွတ် အောင် မဟားတရား မြှောက်ပင့် ပေးရာမှာ ထူးချွန်လှတဲ့အတွက် သကျသာကီဝင် မင်းမျိုးတွေ ကောင်းရောက်ရာက မြန်မာမျိုးစခဲ့တယ်ဆိုပြီး ဘုရားနဲ့ အတင်း အဓမ္မ ဆွေးမျိုးစပ်ရတာမျိုးကို သိပ်သဘောခွေ့တာပေါ့။ ဒါ တောင် ဗြဟ္မာကြီးလေးဦး လူ့ပြည်ကို အလည်လာရာက မြေဆီသြဇာတွေစားပြီး ဗြဟ္မာ့ ပြည်မပြန်နိုင်ဘဲ လူအသွင်ပြောင်း လာရာက မြန်မာစဖြစ်တယ် ဆို တာမျိုး ပြောချင်သေးတာ။ ယုတ္တိ မတန်လွန်းလို့သာ မပြောတာ။ မှန်နန်းရာဇဝင်က ရှင်ဘုရင်ကိုယ် တိုင် ပါဝင်ပြီး ရာဇဝင်ကို သုတ် သင် ပြုစုတော်မူ၍ အမှားကို အမှား၊ အမှန်ကို အမှန်၊ မဖောက် မပြန် မှတ်သားရပေသည်လို့ ခပ် တည်တည်ပြောပြီး ရှင်ဘုရင်မင်း ဆက်စာရင်းကို ချရေးရာမှာ-

– မဟာသမ္မတမင်းမှ
ဥက္ကာကရာဇ်အထိ မင်းပေါင်း -၂၅၂၅၅၆
– ဥက္ကာမုခမင်းမှ သကျသီဟဂေါတမအထိ မင်းပေါင်း- ၈၂ဝ၁၃
– မဇ္ဈိမဒေသ
မင်းပေါင်း – ၃၃၄၅၉၆
– အဘိရာဇာမှ ဘိဒ္ဒကရာဇာထိ
မင်းပေါင်း -၃၃
– ဓဇရာဇာမှ သတိုးမဟာရာဇာထိ မင်းပေါင်း -၁၇
– ပျူစောထီးမှ မင်းယဉ်နရသိင်္ခထိ မင်းပေါင်း -၃ဝ
– ထိုမှ အလောင်းဘုရားထိ
မင်းပေါင်း -၁၇
– မဟာသမ္မတမှ အလောင်းဘုရားထိ မင်းပေါင်း – ၃၃၄၆၆၉ ဆိုပြီး တွယ်ထည့်လိုက်ပါတယ်။

တို့မြန်မာတွေကလည်း ဒါမျိုး ကို အများရှေ့မှာ ကြီးကြီးကျယ် ကျယ်ပြောတတ်အောင် သင်ပေးထားတဲ့ ရှေးစကားလို့ နှလုံးပိုက်ပြီး ”ဟယ်- အံ့သြစရာကြီးပါလားနော်” လို့ မြည်တမ်းရင်း အံ့သြချင်ယောင် ဆောင်ရင်း လက်ခံခဲ့ကြပါတယ်။ ဒီလိုပြောနေရင် လူတွေ မယုံ မှာစိုးပြန်တော့ ပွဲကျောင်းဆိုတဲ့ လောကီပညာသင်ဘုန်းကြီးများက နေ တစ်ဆင့် ”အာဒိစ္စကုလသမ္ဘူ တောသုဝိသုဒ္ဓဂုဏကာရော”စတဲ့ ပါဠိဂါထာလေးတွေ ထွင်ခိုင်းပြီး သကျသာကီဝင် အစစ်အမှန်ဆို တာကို ဘုရားကပဲ ဟောထားသ လိုလို ဘုရားကို သက်သေလုပ်ခိုင်း ပြန်ပါတယ်။

– အာဒိစ္စကုလသမ္ဘူတော-နေ မင်း၏ အဆက်အသွယ်ဖြစ် တော်မူထသော
– သုဝိသုဒ္ဓဂုဏကာရော- စင် ကြယ်သော ဂုဏ်၏ တည်ရာ ဖြစ်ထသော
– မဟာသမ္မတနာကကော- မ ဟာသမ္မတဟူသော အမည်ရှိ ထသော ရာဇမင်းသည်
– အာသိ- ဖြစ်၏ ဆိုပြီး မဟာ သမ္မတ၊ သုဒ္ဓေါဓနနဲ့ အလောင်းမင်းတရား ဦးအောင်ဇေ ယျတို့ကို တစ်အူထုံ့ဆင်းတွေ ဖြစ် အောင် လုပ်ပစ်လိုက်ကြတယ်။

ဒါမျိုးကို ကုန်းဘောင်ခေတ်ကျ မှ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရတယ် ဆိုပေမယ့် ပုဂံခေတ်ကတည်းက ထိလိုင်မင်ခေါ် ကျန်စစ်သားတို့လုပ် ခဲ့ပြီးတဲ့ လမ်းရိုးကြီးပါ။ ကျန်စစ် သားခမျာမှာတော့ ပါဠိပါဌ်သားတွေ၊ အကိုးအကားတွေ သိပ်မပြည့်စုံရှာ တော့ ဆရာဘုန်းတော်ကြီးတွေကို ကြော်ငြာခိုင်းတဲ့ ဓလေ့လည်း မထွန်းကားသေးတော့ ”ငါ့အေ က နေမျိုး၊ ငါ့အမေက ဥသျှစ်သစ်မျိုးကနေ ငါပေါက်ဖွားလာတယ်။ ငါကိုယ်တိုင်က ပိဿနိုးနတ်မင်းကြီး ဝင်စားတာပေါ့။ သေးသေးမမှတ် နဲ့” လို့ သူကိုယ်တိုင် ကျောက်စာ ထွင်းပြီး ကြော်ငြာခဲ့ရရှာတယ်။

အိန္ဒိယမှာရှိတဲ့ မိတ္ထီလာ၊ ရာ ဇဂြိုဟ်၊ သာဝတ္ထိ၊ အာယုဒ္ဓိယစတဲ့ နာမည်တွေကို မြန်မာပြည်တွင်းမှာ ယူမှည့်ပြီးတော့ အိန္ဒိယကအဖြစ် အပျက်တွေကို ဒီမှာဖြစ်ခဲ့တာလို့ အာပေါင်အာရင်းသန်သန် ဇွတ် ပြောပြီး ဇွတ်ယုံလာကြပါတယ်။ ကျန်စစ်သားအကြောင်း နှုတ်ပြော ရာဇဝင်မှာ အမြဲပါလေ့ရှိတဲ့ သား လေးမွေးရင်ပေးခဲ့တဲ့ လက်စွပ်တော် နဲ့ နန်းတော်ကို လိုက်ခဲ့ဆိုတာက လည်း ငါးရာ့ငါးဆယ် နိပါတ်တော် ကဇာတ်နံပါတ် (၇)ပါ။ ဘုရင့်နောင် ကိုလည်း အဲဒီလို ဇာတ်လမ်းမျိုး ထွင်ပြောခဲ့ကြတာပါပဲ။ အနိရုဒ္ဓရဲ့ စီမံခန့်ခွဲမှုကောင်းမွန်ပြီး တိုင်း ပြည်စီးပွားရေးကောင်းလာလို့ ပုဂံ နေပြည်တော်မှာ သာသနိက အ ဆောက်အအုံတွေ တိုးတက်များ ပြားလာပြန်တော့ ရှင်အစ္စဂေါဏရဲ့ ရွှေဖြစ်၊ ငွေဖြစ်အဂ္ဂိရတ်စွမ်းကြောင့် မုဆိုးမတွေတောင် စေတီတည်ကုန် လို့ ပုဂံမှာ စေတီပုထိုးပေါင်း ၄၄၄၆ဝ၃၃ လေးသန်းကျော် ရှိ တယ်ကွ။ မမေ့အောင် ”လှည်းဝင် ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”လို့မှတ်ကြကွဆိုပြီး လုပ်လာပြန်ပါ တယ်။ ၁၅ မိုင် ပတ်လည်လောက်ရှိ တဲ့ မြို့ကလေးမှာ စေတီပုထိုးလေး သန်း လေးသိန်းကျော် စိတ်နဲ့ပဲမှန်း ပြီး နေရာချကြည့်ကြစမ်းပါ။ လူနေ ဖို့ နေရာရော ကျန်နိုင်သေးရဲ့လား။ ဒါနဲ့ပဲ လေးသန်းလေးသိန်းကျော် ကတော့ နည်းနည်းများလွန်းတယ်။ လေးထောင်လောက် လုပ်လိုက်ဆို ပြီး အဖတ်ဆည်ပြန်တယ်။ သုတေ သနလုပ်ကြည့်လို့ စေတီနှစ်ထောင် ကျော်သာရှိပါတယ်လို့ အဖြေထွက် လာတော့ ရေတိုက်စားပြီး ကမ်းပြို ရာမှာ ပါသွားပြီလို့ လုပ်ကြပြန်ပါ ရော။ တတ်လည်း တတ်နိုင်ကြပါ ပေတယ်ဗျာ။

ဆက်လက်ဖော်ပြပါမည်။

သင့်လူ