၂၁ ရာစု ပင်လုံပုစ္ဆာ…အဖြေဘယ်မှာလဲ

၂၁ ရာစု ပင်လုံပုစ္ဆာ…အဖြေဘယ်မှာလဲ
February 17, 2017 Asian Fame

5:04 pm
၂၁ ရာစု ပင်လုံပုစ္ဆာ…အဖြေဘယ်မှာလဲ

21အတောင်း အရမ်းတွေ ကြမ်းခဲ့တဲ့ ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ/ ၂၁ ရာစု ပင်လုံ- ပထမအကြိမ်’ ပြီးဆုံးခဲ့တာ ၆ လပြည့်ဖို့ ရက်ပိုင်းပဲ  လိုပါတော့တယ်။

‘၂၁ ရာစုပင်လုံ-ဒုတိယအကြိမ်’ ကိုလည်း လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ UPDJC အစည်းအဝေးက ဆုံး ဖြတ်လိုက်ပါပြီ။

NCA လက်မှတ်မရေးထိုး ရသေးတဲ့ အဖွဲ့တွေ ဒုတိယအကြိမ်မှာ ပါဝင်ခွင့်မရ တော့ဘူး ဆိုတဲ့အတွက် လက်မှတ် မရေးထိုး ရသေးတဲ့ KIA အပါအဝင် UNFC  အဖွဲ့ ဝင်တပ်ဖွဲ့တွေဟာ လာမယ့် ၂၁ ပင်လုံမှာ ပါဝင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

UNFC က ထပ်မံတောင်းဆိုတဲ့ အ ကြိုတောင်းဆိုမှု ၈ ချက်ကိုရရင် NCA လက်မှတ် ထိုးမယ်လို့ ပြောထားတဲ့ လက် နက်ကိုင် အဖွဲ့တွေရဲ့ မူဝါဒနဲ့ NCA စာချုပ် ကို မြန်မြန် လက်မှတ်ရေးထိုးကြပါ ဆိုတဲ့ အစိုးရရဲ့ မူဝါဒဟာ ရုတ်တရက် ကြည့်ရင် အလားသဏ္ဌာန် တူညီသယောင် ထင်စရာ ရှိပေမယ့် ကွဲပြားခြားနားမှု များစွာ ရှိနေပါ တယ်။

ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တစိုက်မတ်မတ် လုပ်နေတဲ့ ၈ လကျော် သက်တမ်း ရှိ ဒေါ် အောင်ဆန်းစုကြည် ရဲ့ ငြိမ်းချမ်းရေး ခရီးမှာ အစိုးရအနေနဲ့ ပုံစံမတူညီတဲ့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေကို မျက်နှာ ချင်းဆိုင်နေရပြီး တိုင်းရင်းသား လက်နက် ကိုင်တွေကတော့ အစိုးရနဲ့ တပ်မတော် ဆို တဲ့ အစုအဖွဲ့ နှစ်ခုကို မျက်နှာချင်း ဆိုင်နေ ရပါတယ်။

NCA လက်မှတ် မရေးထိုးထားတဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲ မှာ ပြည်နယ် တစ်ခုရဖို့ တောင်းဆိုတဲ့ UWSA (ဝ)၊ UWSA နဲ့ မဟာမိတ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့၊ မိုင်းလား NDAA၊ NCA လက်မှတ်ထိုးရေး အကြို ၈ ချက်တောင်းဆိုနေတဲ့  KIA ပါဝင်တဲ့ UNFC၊ ယခင်ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အဖြစ် အသိအမှတ် မပြုခဲ့တဲ့ ကိုးကန့် MNDAA၊ တအာင်း/ပလောင် PSLF^TNLA၊ ‘ဝ’ အဖွဲ့ WNO ၊ ရခိုင် AA နဲ့ အိန္ဒိယနိုင်ငံ ပိုင်နက်ထဲက Naga Land ဆိုတဲ့ ဧရိယာနဲ့ မြန်မာနိုင်ငံထဲက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသကို ပေါင်းပြီး နာဂနိုင်ငံတော် တည် ထောင်ဖို့ ဆန္ဒ ရှိနေတဲ့ NSCN-Kစတဲ့ အသွင်သဏ္ဌာန်မတူ အကျိုးစီးပွား မတူညီ တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒါတွေ အကုန်လုံးကို ၆ လ တစ်ကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံမှာ စုစည်းညှိနှိုင်းပြီး ဒီမိုက ရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ ကြံရွယ်နေသလို တိုင်းရင်းသား လက်နက် ကိုင်တွေဘက် ကလည်း ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စု ကို သွားချင်ကြပါ တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ၊ နှစ်ဖက် ရည်ရွယ်ချက် ပန်းတိုင် တူ ညီပေ မယ့် နှစ် ၇ဝ ကျော် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တဲ့ နိုင်ငံမှာ ငြိမ်းချမ်းရေး အလင်းရောင် ရဖို့ အဓိက လောင်စာအဖြစ် လိုအပ်တဲ့ ‘ယုံကြည်မှု တည်ဆောက်ခြင်း – Trust Building’  ဆိုတဲ့အဆင့်မှာပဲ နှစ် ဦးနှစ်ဖက် ရှေ့မတိုးသာ တစ်ဆို့နေကြပါ တယ်။

ယုံကြည်မှု အပြည့်အဝ မရှိခဲ့တဲ့အတွက် NCA စာချုပ်ကို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ အားလုံး လက်မှတ်မရေးထိုး နိုင်ခဲ့ဘူး။ NCA စာချုပ်မရေးထိုးတဲ့ အတွက် ၂၁ ရာစု ပင်လုံ ညီလာခံကို တက်ခွင့် မရဘူး။ နှစ်ဖက်မျက်နှာချင်း ဆိုင်ပေမယ့် အရေး ကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်တဲ့အခါ အောက်ခြေ စစ်တပ်တွေ ကြားတိုက်ပွဲဖြစ် တယ်။ တိုက်ပွဲဖြစ်တဲ့ အတွက် ယုံကြည်မှု ပျက်လာတယ်။

အကြမ်းဖျင်းတွက်ကြည့်ရင် မြန်မာ ပြည်ငြိမ်းချမ်းရေး ဟာ ဒီသံသရာထဲမှာ လုံး ချာလည်လိုက်နေဆဲပါပဲ။

လက်ရှိ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် ကျင်းပဖို့ နှစ်ပတ်လောက်သာ ကျန်တော့တဲ့ အချိန် ထိ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ အစိုးရ ကြား ယုံကြည်မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုကို ပြန်လည် သုံးသပ်ရရင် အားရစရာကောင်းတဲ့ အခြေအနေကို မတွေ့ ရပါဘူး။

NCA စာချုပ်ပါပြဋ္ဌာန်းချက် များအရ လက်မှတ်ရေးထိုး ပြီးတာနဲ့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ အမျိုးသား အဆင့်နိုင် ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရမယ်လို့ ပြဋ္ဌာန်း ထားပေမယ့် အခု ဒုတိယ အကြိမ် ၂၁ ပင် လုံကျင်းပတော့မယ့် အချိန်ထိ ချင်းပြည် နယ်နဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့ဘူး။ တစ်နည်း ပြောရရင် အစိုးရက ကျင်းပခွင့် မပြုခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး NCA လက် မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP အဖွဲ့နဲ့ ချင်းအမျိုးသား တပ်ဦး CNF တို့ဟာ ဒုတိယအကြိမ် ၂၁ ပင်လုံကို တက်ရောက်ဖို့ မသေချာဘဲ ဗဟို ကော်မတီမှာ ဆုံးဖြတ်မယ်ဆိုတဲ့ အဆင့်ထိ ဖြစ်နေပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေ တဲ့ ဘင်္ဂါလီပြဿနာ အပါအဝင် ရှုပ်ရှုပ် ထွေးထွေး ပြဿနာတွေနဲ့ ချင်းပြည်နယ်မှာ ချင်းတောင် နဲ့မြောက် အငြင်းပွားမှု ပြဿ နာတွေကြောင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို အောင်အောင်မြင်မြင် နဲ့ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ အစိုးရက ယူဆ ထားကြောင်း သုံးသပ်နိုင်ပေမယ့် ဘယ်လို အကြောင်း တွေကြောင့် ကျင်းပခွင့်မပြုဖြစ် တယ်ဆိုတဲ့ အကြောင်းကိုတော့ ယနေ့ထိ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲမှာ ပေါ်ထွက်လာတဲ့ အချက်အလက်တွေ ကို  ဒုတိယအကြိမ် ၂၁ ပင်လုံမှာ တင်သွင်း မယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ပြုလုပ်နေ ကြတဲ့ အပစ်ရပ် လက်မှတ်ထိုးအဖွဲ့တွေထဲ မှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မရတဲ့ CNF နဲ့ ALP တို့ဟာ ဒီ ဖြစ်ရပ်ပေါ်မှာ မီဒီယာတွေဆီ ထုတ်ဖော် ပြောကြားဝေဖန်တဲ့ အထိကို ဖြစ်နေပါ တယ်။

အပစ်ရပ် လက်မှတ် မရေးထိုးထားတဲ့  တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ ကြား အခြေအနေကို ကြည့်ရင်လည်း နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ NCA စာချုပ်ကို လက် မှတ် အလျင်အမြန် ရေးထိုးဖို့ တိုက်တွန်း နေတာ ယနေ့ထိပါပဲ။ အခုလ ၁၂ ရက်နေ့ က ရှမ်းပြည်နယ် ပင်လုံမြို့ ကျောက်တိုင် ကွင်းမှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့ အ ခမ်းအနား မှာလည်း NCA စာချုပ်ကို လက်မှတ် ရေးထိုးဖို့၊ စားပွဲဝိုင်းထဲဝင်ပြီး လို ချင်ရာကိုတောင်းဖို့ ဒေါ်အောင်ဆန်းစု ကြည်က ထပ်မံ တိုက်တွန်းသွားပါတယ်။  ဒါပေမဲ့လည်း တစ်ဖက်က ကြည့်ရင် KIA  နယ်မြေမှာ စခန်းသိမ်းတိုက်ပွဲတွေ အထိ ပြင်းထန်နေတဲ့ တိုက်ပွဲတွေ၊ ရှမ်းပြည်နယ် / အဓိကအားဖြင့် ရှမ်းမြောက်ဒေသက ပြင်းထန်တဲ့ မဟာမိတ် တပ်ပေါင်းစုနဲ့ တပ် မတော်ကြား တိုက်ပွဲတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ယုံကြည်မှု တည်ဆောက်ခြင်းကို ကြီးစွာ ထိခိုက်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်နေပါတယ်။ ဒေါ်ဆောင်ဆန်းစုကြည် အနေနဲ့ ဒီတိုက်ပွဲတွေ အပေါ်တစ်စွန်းတစ်စ မဟပေမယ့် တိုက်ပွဲတွေ ရပ်တန့်သွားဖို့ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို အတင်းခေါ်နေ တာတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော်နဲ့ အစိုးရကြား ရှိနေတဲ့ ဆက် ဆံရေး အပေါ် များစွာ ဝေခွဲရခက်စေပါ တယ်။

UNFC နဲ့အစိုးရကြား၊ KIA နဲ့ အစိုး ရကြား တွေ့ဆုံညှိနှိုင်းဖို့ အတွက်  နည်း လမ်းများစွာ ကြိုးစားခဲ့ပေမယ့်လည်း  တစ် ဖွဲ့ချင်းတွေ့မည်၊ အများနှင့် တွေ့မည်၊ တရုတ် နှင့် UWSA အသိသက်သေပါ ရမည် စတဲ့ အကြောင်းအရာတွေ ကြား နားလည်မှုမရ ရှိဘဲ ယနေ့ထိကို တွေ့ဆုံနိုင်ခြင်း မရှိသေး ပါဘူး။ ဒီအထဲမှာ တွေ့ဆုံပွဲကို တရုတ်က အသိသက်သေ အဖြစ် ပါဝင်ရမယ် ဆိုတဲ့ အချက်ဟာလည်း တွေ့ဆုံမှုတွေ မဖြစ် မြောက်ရတဲ့ အကြောင်းတွေထဲက အဓိက အချက် တစ်ချက် ဖြစ်နေပါတယ်။

မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက် နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ကြိုးစားမှု တစ် လျှောက်လုံးမှာ နည်းလမ်း ပေါင်းစုံနဲ့ ပါဝင် ပတ်သက်ခြယ် လှယ်ခဲ့တဲ့ အိမ်နီးချင်းတိုင်း ပြည်ကြီးရဲ့ ပါဝင် ပတ်သက်မှုကို ဒေါ်အောင် ဆန်းစုကြည် အနေနဲ့ တစ်စတစ်စ လျှော့ချ ချင်ပုံရပါတယ်။

ဒီလို အခြေအနေ တွေကို ခြုံကြည့်ရင် KIA အပါအဝင် အပစ်ရပ် လက်မှတ်မထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ  အနေနဲ့ လတ်တလော NCA စာချုပ်ကို လက်မှတ် ရေးထိုးမယ့်ပုံ မရှိသေးသလို ဒုတိယ အကြိမ် ၂၁ ပင်လုံကိုလည်း တက် ရောက်နိုင်မယ့် အလားအလာ မရှိပါဘူး။ တိုက်ပွဲတွေလည်း ရပ်ဆိုင်း သွားမယ့် အ လားအလာ မရှိသေးပါဘူး။

ဒါပေမဲ့ အစိုးရ အနေနဲ့ time line အတိုင်း ခြောက်လ တစ်ကြိမ်ကျင်းပမယ့် ဒုတိယ အကြိမ် ၂၁ ပင်လုံကို ဆက်လက် ကျင်းပ သွားမယ့် ပုံပါပဲ။

၂၁ရာစုပင်လုံ ဒုတိယ အကြိမ်ကို အစီ အစဉ်တွေ အတိုင်း ကျင်းပသွားပေမယ့် ကျင်းပတာနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေး အ တွက် အကျိုးရလဒ် တစ်ခု ရရှိဖို့က အဓိက အရေးပါပါတယ်။

ပထမအကြိမ် ကျင်းပစဉ်က ဆယ်စု နှစ်များစွာ မပြောရ/ မဆိုရ ခံစားခဲ့ရတဲ့  တိုင်းရင်းသား လူမျိုးစုတွေဟာ ပထမအ ကြိမ် ညီလာခံမှာ ပွင့်ပွင့်လင်းလင်း ချပြ တောင်းခွင့်ရခဲ့တဲ့ အတွက် ပင်လုံအမွေ တောင်းပွဲလို့တောင် လူပြောများခဲ့ပါသေး တယ်။ ဒါဟာ ပထမ အကြိမ် -၂၁ ရာစုပင်လုံရဲ့ အနှစ်သာရ ဖြစ်ခဲ့ပါတယ်။ အခု ဒုတိယအကြိမ် ရဲ့ အနှစ်သာရဟာ အမျိုး သားအဆင့် နိုင် ငံရေး ဆွေးနွေး ပွဲတွေရဲ့ ရလဒ်တွေကို တင်ပြခြင်း ကဏ္ဍ ဖြစ်ပါ တယ်။ ဒါပေမဲ့ ချင်းနဲ့ ရခိုင်မှာ အခြေအနေ အကြောင်းကြောင်းကြောင့် ဆွေးနွေးပွဲ တွေ ကျင်းပခွင့် မပြုခဲ့တဲ့အခါ ဒုတိယအ ကြိမ်ပင်လုံမှာ နားထောင်သူ သက်သက် ဖြစ်နေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ နဲ့ အခြားအဖွဲ့တွေကြား ကွာဟ သွားမယ့် အခြေအနေ အရပ်ရပ်တွေကို  အစိုးရအနေနဲ့ ထည့်သွင်း စဉ်းစားပေးဖို့ လိုပါတယ်။

ဒါ့အပြင်  NCA လက်မှတ်မရေးထိုး ထားတဲ့ အဖွဲ့တွေနဲ့ တပ်မတော်ကြား ပြင်း ထန်လာတဲ့ တိုက်ပွဲတွေနဲ့ အထက်ပါ လက် မှတ်ထိုးပြီး ဆွေးနွေး ကျင်းပခွင့်မရလို့ ဖြစ်ပေါ်လာတဲ့ အခြေအနေ အရပ်ရပ်အား လုံးကို ခြုံငုံသုံးသပ်ရင်  နိုင်ငံတော် ရဲ့အတိုင် ပင်ခံပုဂ္ဂိုလ် အနေနဲ့ သဘောထားတွေ အ တိုး/အလျှော့ ပြုလုပ်ပြီး  နောက်ထပ်နည်း လမ်းတစ်ခု စဉ်းစားဖို့ လိုနေပြီဖြစ်ပါတယ်။

လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့နဲ့ မထိုးထား တဲ့အဖွဲ့ ရရှိခဲ့တဲ့ အခွင့်အရေးတွေ မတူညီ သလို ကွာခြားချက်တွေ ဟာလည်း မတူပါ ဘူး။ ပထမအကြိမ် ၂၁ ပင်လုံ ညီလာခံ၊ ဒုတိ ယအကြိမ် ၂၁ ပင်လုံညီလာခံ  အချိန်ကာ လတွေ ကွာခြားလာတာ နဲ့ အမျှ  တိုက်ပွဲ ဖြစ် နယ်မြေ/တိုက်ပွဲ ကင်းစင်တဲ့ နယ်မြေ၊ တိုးတက် ဖွံ့ဖြိုးလာတဲ့ နယ်မြေ၊ မတိုးတက် မဖွံ့ဖြိုးသေးတဲ့ နယ်မြေ စသဖြင့် လမ်း တံတား၊ လျှပ်စစ် မီး ကအစ တိုင်းရင်းသား လက်နက်ကိုင်တွေ ကြားမှာ အခြေအနေ ဟာ တစ်စတစ်စ ကွဲပြား လာမှာဖြစ်ပါတယ်။  ဒီလို အခြေ အနေတွေက တိုင်းရင်းသား လက် နက်ကိုင်တွေကြား အမျိုးသားရင် ကြားစေ့ ရေးအတွက် တစ်နည်း တစ်လမ်းနဲ့ ထိခိုက် စေလာနိုင်သလို  ငြိမ်းချမ်းရေး ဖြစ်စဉ်အ တွက်လည်း ခလုတ်ကန်သင်း တစ်ခုဖြစ်လာ မှာမလွဲပါဘူး။

အရင်းစစ်ပြီး တိုက်တွန်းရရင်တော့  ပြည်ထောင်စုနေ့ ပင်လုံ ကျောက်တိုင်ကွင်း မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲတဲ့ သမိုင်း စာအုပ် တစ်အုပ်ကို ရေးသားနိုင်ဖို့ အရေးဟာ ခြောက်လ တစ်ကြိမ်ကျင်းပနေ တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံတွေ အောင်မြင် ဖို့လိုပါတယ်။ ၂၁ ပင်လုံ ဒုတိယအကြိမ်ကို ကျင်းပလိုက် နိုင်ရုံနဲ့တော့ ငြိမ်းချမ်းရေး ဟာ အဓိက အဖြေထွက်မှာ မဟုတ်ပါဘူး။

တကယ့် စစ်မှန်တဲ့ အဖြေတစ်ခုကို ၂၁ ပင်လုံမှာ ရရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခ ပုဂ္ဂိုလ်အနေနဲ့ ကျင်းပဖို့ လွန်စွာ နီးကပ်နေတဲ့ ဒုတိယ အကြိမ် ၂၁ ရာစုပင်လုံ မကျင်းပမီ ကာလ လေးမှာ တိုင်းရင်းသားတွေ နဲ့ အစိုးရကြား  ပိုမိုကောင်းမွန်တဲ့ အဆင့် တစ်ဆင့်ကို တက် လှမ်းနိုင်ဖို့၊ အနှစ်သာရပြည့်ဝတဲ့ ညီလာခံ အဖြစ်ကျင်းပနိုင်ဖို့ တစ်နည်း တစ် လမ်းဖြင့် ဆောင် ရွက်သင့်ကြောင်း တိုက်တွန်းလိုက် ရပါတော့တယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*