သူတို့အမြင်

သူတို့အမြင်
February 17, 2017 Asian Fame

3:28 pm
သူတို့အမြင်

perspectiveပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်း ခန့်မှ စ၍ တရိပ်ရိပ် တက်လာသော ဒေါ်လာဈေးသည် ဒီဇင်ဘာလ တတိယပတ်တွင် ၁၃၈ဝ ကျပ်ကျော်သည် အထိ အစွမ်းကုန် တက်သွားပြီးနောက် အနည်းငယ် ပြန်ကျလာကာ၊ ယခုနှစ် ဇန်နဝါရီ ပထမပတ် အတွင်းဝယ် ၁၃၄ဝ ကျပ် ခန့်အထိ အနိမ့်ဆုံး ဖြစ်လာခဲ့ကာ ၁၃၅ဝ ကျပ်ဝန်းကျင် သို့ပြန်တက်လာလိုက် အတန်ငယ် ပြန်ကျသွား လိုက်ဖြစ်နေခဲ့သော်လည်း၊ စတက်လာကာစ တန်ဖိုးဖြစ်သည့် ၁၂ဝဝ ကျပ် ဝန်းကျင်သို့ ပြန်မရောက်တော့။ ဒေါ်လာဈေးပြန်ကျ လာချိန်က ပြည်သူတို့၏ စိုးရိမ်ပူပန်မှု များလည်း ဒေါ်လာဈေးနှင့် အတူ လျော့ကျသွားခဲ့ပြီး ယခင် အခြေအနေသို့ မကြာခင် ပြန်ရောက်တော့မည်ဟု မျှော်လင့် လိုက်ကြသော် လည်း၊ ယခုကဲ့သို့ ဈေးနှုန်း တန့်နေသော အခါ စိုးရိမ်မှုဒီရေ ပြန်လည် မြင့်တက် လာကြသည်ကို အားလုံး အသိပင်ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် မြန်မာနိုင်ငံဝယ် ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းနှင့် ပတ်သက်၍ နယ်ပယ် အသီးသီးမှ ပညာရှင်ကြီးများ၊ အတွေ့အကြုံရှိ ပုဂ္ဂိုလ်များတို့၏ အမြင်များနှင့် သုံးသပ်ချက် များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးခင်အေး (ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ)

ဒေါ်လာဈေး တက်တာကတော့ လောလောဆယ် အစိုးရမှာလည်း ဒေါ်လာ မရှိဘူးလေ နည်းနေတော့။ နောက်တစ်ခုက ကုန်ပစ္စည်း တင်ပို့လုပ်မယ့် အတွက် ဒေါ်လာလိုတယ်လေ။ သွင်းမယ် ဆိုလည်း လိုတယ်။ အခြားဒေါ်လာ ဝယ်ကြတာလည်း ရှိမှာပေါ့။  ဒေါ်လာ လို နေတာကို ဝယ်လိုက်လို့ ဈေးတက်နေတာ။ ပို့ကုန်သွင်း ကုန်ကို ပြန်ကြည့်တော့လည်း ပို့ကုန်က သွင်းကုန်ထက် နည်းနေတယ်။ ကုန်သွယ်မှုစာရင်း ကိုကြည့်ရင်လည်း လိုငွေပြနေတယ်လေ။ ဗဟိုဘဏ် ကလည်း မထိန်းချုပ် နိုင်ဘူး။ ထိန်းချုပ်လို့လည်း မရဘူး။ ထိန်းရင် ပိုဆိုးသွား လိမ့်မယ်။ ဒေါ်လာဈေး ပြန်ကျ သွားရင် အပြောင်းအလဲ သိပ်များ သွားလိမ့်မယ်။ ဈေး အတက် အကျ မြန်ရင် လည်း မကောင်းဘူး။ အခုလို ငြိမ်နေတာ ပိုကောင်းတယ်။ အခု ဈေးတက်နေတော့ ကုန်ဈေးနှုန်းတက်တာပေါ့။ နိုင်ငံခြား ပို့ကုန် သမားတွေ အတွက်တော့ ကောင်းတာပေါ့။ ဒေါ်လာ ဈေးက ချက်ချင်းကျဖို့မလွယ်ဘူး။ ကျွန်တော်ကတော့ ကျမယ်လို့တောင် မထင်ဘူး ဗျ။ မြန် မာနိုင်ငံရဲ့ငွေကြေး ကလည်း ဖောင်းပွနေတာကိုး။

ဟိုတလောကမှ ဗဟိုဘဏ်က စည်းကမ်း ထုတ်လိုက် တယ်လေ။ ပုဂ္ဂလိက လုပ်ငန်းတွေ ကုမ္ပဏီတွေ စီးပွားရေး သမားတွေ အနေနဲ့ ရတဲ့ပိုက်ဆံကို  နိုင်ငံခြား ဘဏ်အ ကောင့်တွေမှာ ထည့်ထားကြတယ်။ အဲတော့ ပိုက်ဆံ ဝင်ရင်လည်း မြန်မာပြည်ထဲကို မဝင်ဘူး။ အဲဒါကြောင့် လုပ်ငန်းရှင်တွေကို ပြည်တွင်း ဘဏ်တွေမှာပဲ အကောင့် ဖွင့်ပြီး ထားရမယ် ဆိုပြီး ဗဟိုဘဏ်ကနေ စည်းကမ်းထုတ် လိုက်တယ်။ အဲဒါကြောင့်လည်း ငြိမ်နေတာဖြစ်ပါတယ်။

chartဒေါက်တာအောင်ထွန်းသက်(စီးပွားရေးပညာရှင်)

ငွေကြေးနဲ့ ပက်သက် လို့ကတော့ ဒေါ်လာကို လိုချင် တဲ့သူတွေများလို့ ကျပ်ကိုမလိုချင်တဲ့ သူတွေ နည်းလို့ပေါ့။ ဒီလို အနေအအထား အခု ဖြစ်နေတာက ဒေါ်လာတွေကို အရင်တုန်းက ရှိတဲ့ပုံစံထက် ကျပ်တန်ဖိုးတွေ များတာပေါ့။ အဲတော့ ကျပ်တန်ဖိုးတွေ တက်လာအောင် ဘယ်လိုလုပ် မလဲ ဝိုင်းစဉ်းစားရမှာပေါ့။ စီးပွားရေးပြုပြင် ပြောင်းလဲရေးတွေ များများလုပ်ရမှာပေါ့။ သူတို့လည်း လုပ်နေပါ တယ်။ သူတို့မှာလည်း လက်နက်တွေ အများကြီးရှိပါတယ်။ ဒီငွေကြေး နဲ့ပက်သက်လို့ ရှိရင်တော့ ဗဟိုဘဏ်က အဓိ က တာဝန် ယူတာပေါ့။ အဲတော့ ဗဟိုဘဏ်ရဲ့ လှုပ်ရှားမှု တွေက အဓိကပဲ။ သူတို့လည်း ဆွေးနွေးမှုတွေ တိုင်ပင်မှု တွေ လုပ်နေ သလို ငွေကြေးဖောင်းပွမှု ကို ထဲထဲဝင်ဝင် လုပ်နေတာကို တွေ့ရပါတယ်။ ဒီလို ဈေးကွက် အနေအ ထားရှိနေတော့ ဒီလိုပဲ အတက် အဆင်းတွေတော့ ရှိမှာ ပေါ့။ ဒါကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ လိုတာ ပေါ့။ ဒါပေမယ့်လည်း သိပ်များလာ ရင်တော့ တော်တော် လည်း အန္တရာယ် ရှိနိုင်တဲ့ အနေအထား ရှိတယ်။ ဒါလေး ကိုတော့ သတိထားပြီး ဝိုင်းစဉ်းစားပြီး လုပ်ဖို့လိုလိမ့်မယ် လို့ ထင်ပါ တယ်။ ဒေါ်လာဈေးတွေ တက်နေတော့ အထူး သဖြင့် သွင်းကုန်သမားတွေ အတွက် ထိခိုက်နစ်နာမှုတွေ  အများကြီး ရှိတာပေါ့။ အရင်တုန်း က ကျပ်ငွေနဲ့ သွင်းတဲ့ သူတွေက ဒေါ်လာနဲ့ယှဉ်လိုက် လို့ရှိရင် အထူးသဖြင့် ကုန်ကြမ်းသွင်းတဲ့ သူတွေပေါ့။ ပစ္စည်းတွေ သွင်းတယ် စားသောက်ကုန်တွေ သွင်းတယ်။ နိုင်ငံခြား ပစ္စည်းတွေ သွင်းတဲ့သူ အားလုံးကတော့ ထိခိုက်တာပေါ့။ ဆိုတော့ အဲဒီအချိန်မှာ အရေးကြီးတာက တိုင်းပြည်ရဲ့ စီးပွားရေးမှာ ထုတ်ကုန်တွေ အတွက် အကျိုးအမြတ် များများစားစား ရ မယ့်အချိန်မှာ ထုတ်ကုန်များများ ထုတ်နိုင်အောင် လုပ်ဖို့ လိုတယ်။ အဲဒီတော့ ထုတ်ကုန်တွေ အတွက် အကျိုးရှိမယ့် အချိန်မှာ မြန်မာငွေ တန်ဖိုးကျတာက ထုတ်ကုန်ကို တာ ဝန်ယူတဲ့သူတွေ အတွက် အကျိုးရှိတယ် ဆိုတာကို လက်ခံ ရမှာပေါ့။ ကျပ်ဈေးတက်လာ လို့ရှိရင် တည်ငြိမ်တဲ့  ငွေ ကြေး လဲလှယ်နှုန်းကတော့ အတိုင်းအတာ တစ်ခုကတော့ ရှိလာမှာပဲ။ အဲဒါကို ဆရာတို့ ရေရှည် တည်တံ့အောင်လုပ် ရင် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဒါကို မှောင်ခိုယူ ပြီးတော့ လှုပ်ရှားလို့ ရတယ်လေ။ အဲဒီအတွက်ပဲ စဉ်းစား ဖို့လိုတယ်။

ဒေါက်တာမောင်မောင်လေး(UMFCCI ဒုဥက္ကဋ္ဌ)

ဒေါ်လာဈေးတွေ တက်တာကတော့ ဝင်ငွေထွက်ငွေ မမျှလို့ပေါ့။ ယေဘုယျ အားဖြင့် ဒီလိုပြောလို့ ရတယ်။ ဒေါ်လာဝင်တာ နည်းပြီး ထွက်တာများလို့။  ဒေါ်လာ ရလမ်းတွေ နည်းနေတယ်။ တစ်နည်းအားဖြင့် ပို့ကုန်တင် ပို့ပေါ့ ရင်းနှီးမြှပ်နှံမှုတွေ နည်းတာပေါ့။ ထင်သလောက် ဝင်မလာဘူး။ သွင်းကုန်တွေ များနေတယ်။ အဲဒီတော့  အထွက်က များနေတယ်။ အဝင်က နည်းနေတယ်။ ညီမျှ မှုမရှိဘူး။ ဒါတွေကို ထိန်းညှိဖို့ အတွက် ဘက်စုံက လုပ်ကိုင် ရမယ်။ ချက်ချင်းတော့ မရဘူး ဘက်စုံက ထိန်းရမှာပေါ့ လိုအပ်ချက် ထိန်းတာရယ် သုံးတာတွေကို ထိန်းတာရယ် ဘတ်ဂျက်တွေကို ထိန်းတာရယ် ဘက်စုံက ထိန်းရမှာ ပေါ့။ ဒါတွေက ဖြစ်တတ်ပါတယ်။ သွင်းတဲ့ပစ္စည်းတွေ ဈေးတက် သွားတာပေါ့။ မြန်မာနိုင်ငံက သွင်းနေရတဲ့ ဟာတွေများတော့ ဈေးတက်သွားတာပေါ့။ အဓိက ကတော့ ဒီရေနံနဲ့ပက်သက်ပြီး သွင်းထားတော့ ဓာတ်ဆီ တွေ ဈေးတက် သွားတာပေါ့။ ဒါတွေကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းပြီးတော့၊ တရားမဝင် ကုန်ရောင်းကုန် ဝယ်တွေက ပိုများတာရယ်၊ ဝင်သင့်သလောက် ပြန် မဝင်တာတွေက ပုဂ္ဂလိက လုပ်ငန်းငန်းရှင်တွေနဲ့ ဗဟို ဘဏ်တို့ ပူးပေါင်းပြီးတော့  လုပ်ရမှာပဲ။ ပြန်ကျရင်တော့ လည်း ကောင်းတာပေါ့။ ပြန်ကျတော့လည်း ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။ သွင်းကုန် ပစ္စည်းတွေ ဈေး သက်သာ သွားတာပေါ့။ အခုဒေါ်လာ ဈေးတက်နေတော့ လည်း ဒါကို ပို့ကုန်သမားတွေ ကလည်း အခွင့်ကောင်း မယူ တတ်လို့ ပို့ကုန်များများ မပို့နိုင်လို့ ဒါဟာလည်း အင်မ တန် ဝမ်းနည်းစရာကောင်း ပါတယ်။ တော်တော် များများ နိုင်ငံတွေ က သူတို့ရဲ့ ငွေတန်ဖိုးကျရင် ပို့ကုန်ကို အား ပေးပြီး လုပ်ကြတာပေါ့။ အခုက ပို့ကုန်ကိုလည်း အများ ကြီး မပို့နိုင်တော့ ရတဲ့ အခွင့်အရေးကို အသုံး မချနိုင်ဘူး ဖြစ်သွားတာပေါ့နော်။ ပြန်ကျဖို့ ကတော့ ပြောရတာတော့ ခက်တာပေါ့။ ပေါ်လစီ ကောင်းကောင်း နဲ့ လုပ်နိုင်မယ်၊ ပို့ကုန်တွေကိုလည်း များများလုပ်နိုင်မယ်၊ နိုင်ငံရဲ့ မလို အပ်တဲ့ ပရောဂျက်တွေ  ကိုလည်း အသုံးမပြုဖို့ လိုပါတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေကလည်း ပို့ကုန်တွေ များများ ပို့နိုင် အောင် လုပ်ဖို့လိုတာပေါ့။

ဦးသန်းလွင်(ကမ္ဘောဇဘဏ်အကြံပေး)

ဒေါ်လာဈေးတက်တာ က ဘာကြောင့်လဲ ဆိုရင် ယုံ ကြည်မှုနဲ့ ဆိုင်တယ်။ တချို့က ကိုယ့်နိုင်ငံငွေကြေးကို မယုံ ကြည်တဲ့ အခါ နိုင်ငံခြားငွေကြေးတွေ ကိုင်ကြတာ များတယ်။ အတက်အကျဆိုတာကတော့ အဲဒါတွေနဲ့လည်းဆိုင်တာပေါ့ ဒေါ်လာတွေကလည်း ဒီအပတ်မှာ ခိုင်မာနေတော့ အဲဒါကြောင့် လည်း တက်တာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့အနေအထားကို ပြန်လေ့လာကြည့်ရင် လိုအပ်တာ ထက် ဝယ်လိုအား များနေ တာကို တွေ့ရတယ်။ ပြီးတော့ဒေါ်လာ ဝယ်စုချင်တဲ့ သူတွေကလည်း များတယ်။ ငွေပိုငွေလျှံ ရှိရင် ဒေါ်လာ ဝယ်စုချင်တဲ့ စိတ်က မပျောက်ဘူး။ အဲဒါတွေလည်း ပါတယ်။ တချို့က ဈေးကစားတာလည်း ပါမှာပေါ့လေ။ ဒါပေမယ့် ဈေး ကစား တာထက်ကို ခုနက ပြောသလို ဝယ်လို့ရောင်းတာ မဟုတ်ဘူး။ ဝယ်လို့စုတာ ဝယ်စုတာ။ အဲဒါက တကယ့်လိုအပ်ချက်မဟုတ် ဘဲနဲ့ ဒေါ်လာဝယ်လိုအား များနေတဲ့ကိစ္စ အဲဒါတွေကြောင့် လည်း ဒေါ်လာ ဈေးတက်တယ်။ အဲဒီတော့ အရေးကြီးတာက ဗဟိုဘဏ် အပိုင်းပေါ့ဗျာ။ ပြည်သူတွေ စိတ်ချလက်ချရောင်း ဝယ်နိုင်အောင် သူက ဘယ်လိုအစီအမံတွေလုပ်ထားတယ် ဆိုတာကို ပြောဖို့ လိုပါ တယ်။ ပြည်သူတွေ လည်း နားဝင် အောင်။  ဒါမှလည်း ဒေါ်လာတွေ ဝယ်စုဆောင်းတာ တို့ ပျောက်သွားမယ်။ ဒါလည်း တစ်ကြောင်းပေါ့နော် ။ ဒေါ်လာ ရောင်းလိုအားလည်း နည်းသွားတာလည်း တစ်ကြောင်းပါ တယ်။ ပြည်တွင်းကလည်း နယ်စပ် ကုန်သွယ်ရေး က တစ်ပိုင်း လည်းရှိနေတော့ တစ်ဖက်ကလည်း ဝယ်လိုအားက တက် တက်နေတော့ ဒေါ်လာဈေးက မကျဘူး ဖြစ် သွားတာပေါ့။ အဲဒီ အပိုင်းတွေ ကလည်း ပါလာပါတယ်။ အဓိကတော့ ယုံကြည်မှု ပေါ့။ တိုင်းပြည်မှာလည်း စစ်ဖြစ် ဘာဖြစ်ဆိုတော့ တိုင်းပြည် အပေါ် ယုံကြည်မှုက နည်းလာတာပေါ့။ ယုံကြည်မှုက အရေး ကြီးတာကိုး။ လုံခြုံရေး အပိုင်းလည်း ပါတယ်။ လောလော ဆယ်က ဘာသာစွဲ လူမျိုးစွဲတွေကို လျှော့ဖို့လိုတယ်။ ဒါတွေ ကလည်း တင်းမာမှုတွေကို ဖြစ်လာနိုင်တော့ ယုံကြည်မှုက ကျတာပဲလေ။ တိုင်းပြည်က မငြိမ်မသက်လေးတွေ ဖြစ်လာရင် ဒေါ်လာဈေးကို အားကိုးလာတာပေါ့။ အရင်တုန်းကဆိုရင် ရွှေဝယ်ကြတယ်။ အခုက ဒေါ်လာစု လာကြတယ်။ ပြောင်း ပြောင်းသွားတယ်။ တစ်ခုနဲ့ တစ်ခုက အဆက်အစပ် ရှိနေတာပဲ လေ။ အကြောင်း တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဒေါ်လာ ဈေးကတက်တော့ အကျိုးဆက်က ရှင်းရှင်းလေးပဲ၊ ပြည်ပက ပစ္စည်းတွေ ဈေးတက် လာမယ်၊ ပြည်ပ က ပစ္စည်းဈေးတက် တော့ ပြည်တွင်း ပစ္စည်းတွေလည်း လိုက်ပြီး ဈေးတက်လာ မယ်၊ ကုန်ဈေးနှုန်းတွေ တက်လာမယ်။ ကုန်ဈေးနှုန်းတက်လာ တော့ အဓိက နစ်နာတာကတော့ ပြည်သူတွေပေါ့။ ဒါတွေကို ဗဟိုဘဏ်က ထိန်းပေးဖို့လိုတယ်။ ဗဟိုဘဏ် ကလည်း လုပ်တော့ လုပ်နေတာပဲလေ။ ဒါပေမယ့် အားလုံးပူးပေါင်း လုပ် ဖို့လိုပါတယ်။  ဒေါ်လာဈေးကျတာထက် ကျွန်တော် လိုလား တာ ဒေါ်လာဈေး တည်ငြိမ်သွားတာကို လိုချင်တယ်။ ၁၂ဝဝ လောက်မှာပဲရှိနေရင် ဒါ တည်ငြိမ်တာပဲပေါ့။ ၁၂ဝဝ-၁၂၃ဝ လောက် ရှိနေရင် ဒါအကောင်းဆုံး ပဲလေ။ ဝုန်းဆို တက်လိုက် ဝုန်းဆို ကျလိုက် ဒါဆိုရင် မကောင်းဘူး။ ဒေါ်လာဈေးတည် ငြိမ်မှုကို လိုလားတယ်။ တစ်နေရာမှာ ငြိမ်သွားပြီဟေ့ ဆိုရင် ဒါအကောင်းဆုံးပဲပေါ့။ အားလုံး ဝိုင်းကူဖို့ လိုတယ်။ ပို့ကုန် တင်ပို့မှုလည်း တိုးတက်ဖို့ လိုတယ်။ ဥပမာ ဆန်ဆိုပါစို့ဗျာ တရုတ်ဈေးကွက်က မငြိမ်ဘူး။ ဒီတရုတ်ဈေးကွက် ကိုကြီးပဲ အားကိုး နေလို့မရဘူး။ နယ်စပ် ကုန်သွယ်ရေးကိုပဲ အားကိုးလို့ မရဘူး။ အခြား ကုန်သွယ်ရေး လမ်းကြောင်းတွေ လည်း ရှာရ မယ်။ တည်ငြိမ်တဲ့ ဈေးကွက် ရှာဖို့လိုတယ်။

တရုတ်ဈေးကွက် က မတည်ငြိမ်ဘူး။ ယူလိုက် မယူလိုက်နဲ့။ တစ်ခါတလေတော့ လည်း ဈေးကောင်း ပေးလိုက် တယ်။ နောက်တော့ လည်း ဈေး မကောင်းတော့ဘူး။ တခြား နည်းလမ်းနဲ့  ပို့ကုန်ပို့တာတွေ သင်္ဘောတွေ ဘာတွေနဲ့ပိုတာတွေ စတဲ့ နည်းလမ်းတွေရှာရ မယ်။ ကိုယ့်ဦးနှောက်က ကိုယ့်လူမျိုးရေး တွေထဲမှာပဲ နစ်မ နေဘဲ တိုင်းပြည် ကောင်းစားရေး အတွက် ပို့ကုန်တိုးမြှင့်ရေး သွင်းကုန် တည်မြဲရေး အတွက် အသုံးပြုရင် ပိုကောင်းတာပေါ့။ လူမျိုးရေး ဘာသာရေး အစွဲတွေကို လုပ်နေလို့လည်း ဘာမှ အကျိုးမရှိဘူး။ ခုနကပြောတဲ့ အကုန်လုံး ဆက်စပ်နေတဲ့ဆိုတာ အဲဒါပဲလေ။

ဦးထွန်းထွန်းနိုင် (အမြဲတမ်းအတွင်းဝန်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန)

ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ကတော့ မိတ်ဖက် ဝန်ကြီး ဌာနလည်းဖြစ်တဲ့ စီးပွားကူးသန်း ဝန်ကြီးဌာန၊ ဗဟိုဘဏ်စတာတွေ နဲ့ အပတ်စဉ် အစည်းအဝေး ပြုလုပ် ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်စေဖို့ ထိန်းကျောင်း မှုတွေ ပြုလုပ်နေပါတယ်။ အစည်း အဝေးတွေရဲ့ ဆုံး ဖြတ်ချက်ပေါ် မူတည်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဥပမာ ကောက်နုတ်ပြီး ပြောရရင် ကျွန်တော်တို့ နိုင်ငံ မှာ နိုင် ငံခြားငွေ လဲလှယ်နှုန်း ဘာလို့ အတက်အကျ ကြမ်း နေရတာလဲ။ ဒါကို ဘယ်လို တည်ငြိမ်အောင် ထိန်းမလဲ။ အကြောင်းအရာတွေ ရှာပါတယ်။ ပြီးရင် ထိန်းကျောင်းတဲ့ နည်းလမ်းတွေနဲ့ သွားပါတယ်။ ကျွန်တော် တို့ ပြည်ပကို ပစ္စည်းတွေ တင်ပို့ လိုက် တယ်၊ ပြည်တွင်း ကို နိုင်ငံခြားငွေ တွေ အပြည့်အဝ ပြန်ဝင်ရဲ့လား။ နည်းနည်းပဲ ဝင်တာ လား။ ဒါတွေကို စိစစ်ပါတယ်။ နောက်တစ်ချက်။ ဟွန်ဒီ ဆိုတဲ့ စကားရပ်နဲ့ ကျွန်တော်တို့ဆီ ကို ငွေတွေဝင်လာ တယ်။ ဒါ ပြည်ပကို ရောက်နေ တဲ့ မြန်မာတွေ က နိုင်ငံ ခြားငွေတွေ ပေးလိုက် တာ။ ဒါပေမယ့် နိုင်ငံခြားငွေအတိုင်း ပြည်တွင်းကို ဝင်မလာဘဲ မြန်မာငွေအတိုင်း ဝင်လာ တယ်။ ဒါတွေကို ကျွန်တော်တို့ ကြပ်မတ် သွားမှာ ဖြစ်ပါ တယ်။ အဲဒီလို နည်းလမ်းတွေ ဆောင်ရွက်နေပါတယ်။

ဒေါ်ချိုချိုဝင်း(ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဝင်)

ဒေါ်လာဈေးတွေက အတက်အကျတော့ ရှိနေမှာပဲ လေ။ အစိုးရအနေနဲ့က ဒေါ်လာဈေးကို ဒီဈေးနှုန်းပဲထား ပါ။ ဒီ့ထက်ပို မတက်ပါနဲ့။ ဒီလို လုပ်လို့မရဘူးလေ။ ဈေး နှုန်းအသေ တစ်ခု သတ်မှတ်ပေးလို့မှ မရတာ။ သို့ပေမယ့် လည်းပဲ အတက်အကျ မကြမ်းအောင်တော့ အစိုးရက လုပ်ပေးရမှာပေါ့။ အဲဒီလို လုပ်တဲ့အခါမှာ အားလုံးလိုက် နာဖို့လိုတယ်။ ဒါမှလည်း အစိုးရက ဆောင်ရွက်လို့ရမှာ လေ။ မဟုတ်လို့ကတော့ ဘယ်လောက်ပဲ ပေါ်လစီချချ ရမှာမဟုတ်ဘူး။ ဒေါ်လာဈေးတွေ တက်တယ် ဆိုရင်တော့ ကုန်ဈေးနှုန်းတွေ လည်း တက်လာမှာပဲလေ။ ဒါတွေက ဆက်စပ်နေတဲ့ အတွက် အဓိက ရင်ဆိုင်ရမှာကတော့ ပြည်သူလူထုပါ။

ဒေါ်ခင်စန်းလှိုင် (ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ)

ဒေါ်လာဈေးတွေ ကတော့ တက်နေတာပေါ့လေ။ အစိုးရမှာ ဒေါ်လာမရှိဘူး။ ပြည်ပကို ပို့ကုန်တင်ပို့မှုက လည်း အဲလောက်မရှိဘူး။ သွင်းကုန် များပြီး ပို့ကုန်နည်း တာပေါ့။ နိုင်ငံခြားငွေက မဝင်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ကလည်း ပစ္စည်းတွေပဲ လာတယ်။ ငွေမလာ ဘူး။ အ စိုးရမှာလည်း ဒေါ်လာ နည်းနေတာပေါ့။ လောလော ဆယ်ကတော့ ဒီလိုဖြစ်နေမှာပဲလေ။ ရေရှည်တော့ မဟုတ် အောင် အတတ်နိုင် ဆုံးတော့ ဗဟိုဘဏ်နဲ့တိုင်ပင်ပြီး လုပ်နေပါတယ်။ ဒေါ်လာဈေးတက်တော့ ကုန်ဈေးနှုန်း ကလည်း တက်တယ်။ အဲဒီ ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို ပြည်သူ ခံစားရတာပေါ့။ ကုန်ဈေးနှုန်းကလည်း တက်ပြီး ရင် ပြန်ကျတဲ့ ထုံးစံမရှိဘူး။ ကျွန်မတို့လည်း ပို့ကုန်များ များပို့နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ စီးပွားရေး မူဝါဒကလည်း ချမှတ်နိုင်လာပါတယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ရအောင် ကြိုးစားနေပါတယ်။ ဒေါ်လာဈေး က ချက်ချင်းကြီး ကျသွားရင်လည်း မကောင်းဘူး။ အများ ကြီးကျသွားရင် သွင်းကုန် သမားတွေ အတွက် အဆင် မပြေတာတွေ ဖြစ်လာလိမ့်မယ်။ သတ်မှတ်ထားတဲ့ အ တိုင်းအတာတစ်ခုမှာ တည်ငြိမ်နေဖို့ လိုတာပေါ့။

ပေါ်ပြူလာနယူးစ် အဖွဲ့

Table (1)

၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်နေ့အထိ တစ်နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ /မြန်မာငွေ လဲလှယ်မှုနှုန်း အတက်အကျ။ (Source : XE Currency Charts)

Table (2)

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်နေ့ အထိ ကာလ အတော အတွင်း အမေရိကန်ဒေါ်လာ /မြန်မာငွေ လဲလှယ်မှုနှုန်း အတက်အကျ။ (Source : XE Currency Charts)

Table (3)

၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁ဝ ရက်နေ့အထိ တစ်လတာ ကာလ အတွင်းအမေရိကန်ဒေါ်လာ /မြန်မာငွေ လဲလှယ်မှုနှုန်း အတက်အကျ။ (Source : XE Currency Charts)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*