မန္တလေးတွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တု စတင်ထုဆစ်

မန္တလေးတွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တု စတင်ထုဆစ်
February 17, 2017 Asian Fame

5:09 pm
မန္တလေးတွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တု စတင်ထုဆစ်

Bogyoke(မန္တလေး၊ ဖေဖော်ဝါရီ ၁၄)

မန္တလေးမြို့၌ ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တု စတင် ထုဆစ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ရက်က မန္တလေးတောင်ခြေအနီး စန္ဒာ မုနိဘုရား အရှေ့မုခ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါရုပ်တုကို ဗိုလ်ချုပ်အောင်ဆန်း ကျောက် ဆစ်ရုပ်တုနှင့် ဗိမာန် ပြည်သူ့ အပန်းဖြေဥယျာဉ် တည် ဆောက်ရေး အဖွဲ့(မန္တလေး)က ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး အခမ်းအနားကို အဖွဲ့၏ယာယီ ရုံးခန်းတည်ရှိရာ စန္ဒာမုနိဘုရား အရှေ့မုခ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ”မန္တလေးမှာက ပြည် တွင်းပြည်ပက ဧည့်သည်တွေ လာလို့ ဗိုလ်ချုပ်ရုပ်တုနဲ့ ပတ်သက်ပြီး ခန့်ခန့်ညားညား ကြည့်ရှုဖို့၊ အလေးပြုဖို့ မရှိဘူး။ ဗိုလ်ချုပ် ရုပ်တုကို နေပူထဲထားတာ မျိုးလည်း မလုပ်ချင်ဘူး။ ခမ်းခမ်းနားနားနဲ့ ဥယျာဉ်ကြီး တစ်ခုမှာပဲ ထားချင်တယ်။ အစိုးရအဖွဲ့ကိုတော့ မြေနေရာတောင်း ထားပါတယ်။ သင့်တော်တဲ့နေရာ ပေးမယ် ထင်ပါ တယ်” ဟု  ပြောသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇ မဟာရဌဂုရု မန္တလေးမြို့ ဘုရားကြီးကျောင်းတိုက် ဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တသြဘာသာ ဘိဝံသ၊ ရန်ကုန်မြို့ အ ပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာနပါမောက္ခ(မဟာဌာနမှူး) ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒတို့ ကိုယ်တိုင် ကြွ ရောက်ချီးမြှင့် သြဝါဒ ပေးခဲ့ကြပြီး ဆရာတော်နှစ်ပါး ကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ် ရုပ်တုထု လုပ်မည့် စကျင် ကျောက် တုံးများကို  အန္တရာယ်ကင်း ပရိတ်ရေ ပက်ဖျန်းခြင်း၊ စတင် ထုဆစ်ပေးခြင်းများ ပြု လုပ်ပေးသွားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကျောက်ဆစ်ရုပ်တုကို စကျင်ကျောက်ဖြင့် ထုလုပ် သွားမည်ဖြစ်ပြီး ဥယျာဉ် ကျယ်အတွင်း ဗိမာန် တစ်ခုဖြင့် ထားရှိသွားမည်ဖြစ် ကြောင်း သိရသည်။

”ပင်လုံကျင်းပတဲ့ ဖေဖော်ဝါရီ ၁၂ရက်ကို ဂုဏ်ပြု ပြီး အမြင့် ၁၂ပေထားမယ်။ အောက်ကနေ ၁ ပေ ပေါင်းမယ်။ ဒါဆို အမြင့် ၁၃ ပေပေါ့။ ၁၃ ဆိုတာက ဗိုလ်ချုပ်ရဲ့ မွေးနေ့ပါ။ နောက်ထပ်ပြီးတော့ ခုံနှစ်ခုကို ဆက်မြှင့်လိုက်ရင် ၁၅ ပေ၊ ၁၅ ဆိုတာက ဗိုလ်ချုပ် မွေးနေ့ဖြစ်တဲ့ ၁၉၁၅ ကို ညွှန်းတာပါ။ အဲဒီရုပ်တုကို ကျောက်မဏ္ဍပ်တစ်ခုပေါ် တင်ထားမှာပါ။  မြက်တော ထဲမထားပါဘူး။ ဒါလည်း သူ့အဓိပ္ပါယ်နဲ့သူ ရှိပြီးသား ပါ။ ကျောက်မဏ္ဍပ်ပေါ် တက်ဖို့ လှေကားထစ် ၃၂ ထစ်ရှိမယ်။  ၃၂ ဆိုတာ ကတော့ တိုင်းပြည် အတွက် ဗိုလ်ချုပ် အသက်စွန့်သွားတဲ့ အရွယ် ၃၂ နှစ်ကို ဂုဏ် ပြုတာပါ” ဟု တည်ဆောက်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ လည်း ဦးသိန်းတန်က ဆက်ရှင်းပြ သည်။

လက်ရှိ အခြေအနေတွင်  ဥယျာဉ် တည်ဆောက်ရန် မြေနေရာပင် မရှိသေးသလို ယာယီ ရုံးခန်းဖြင့် ဆောင် ရွက်နေကြရပြီး စကျင်ကျောက် တုံး ဝယ်ခြင်းအပါအ ဝင် လုပ်ငန်း ဆောင်တာများ အတွက် ငွေကြေးချေးငှား လုပ်ကိုင် ဆောင်ရွက်နေရကြောင်း သိရသည်။

မြန်မာ့ လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ကျောက်ဆစ်ရုပ် တုနှင့် ဗိမာန် ပြည်သူ့အပန်းဖြေ ဥယျာဉ် တည်ဆောက် နိုင်ရန် အတွက် လှူဒါန်းလိုသူများ အနေနှင့် မန္တလေး တောင်ခြေ စန္ဒာမုနိဘုရား အရှေ့ဘက်မုခ်ရှိ ယာယီရုံးခန်းသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းနိုင် ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*