ပရိသတ်ရဲ့ အမုန်းများနဲ့ နှလုံးလှ လူသား

ပရိသတ်ရဲ့ အမုန်းများနဲ့ နှလုံးလှ လူသား
February 17, 2017 Asian Fame

4:11 pm
ပရိသတ်ရဲ့ အမုန်းများနဲ့ နှလုံးလှ လူသား

NLအုတ်၊ သံဆူးကြိုးများဖြင့် သီးသန့် ကာရံထားသည့် ခြံဝင်းကျယ်၏ အလယ်တွင် ဆောက်လုပ်ထားသည့် နှစ်ဆောင်ပြိုင် အိမ်ကြီးတစ်လုံး။ အိမ်အတွင်း မှာတော့ တိတ်ဆိတ် လို့နေသည်။ ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် အသံက အခန်း တစ်ခန်းမှ ထွက်ပေါ်လာသည်။

”ညီမလေး…ညီမလေးက လှတာကိုး..အစ်ကိုကြီးလေ ညီမ လေးကို ချစ်ပါရစေ”

သူ၏တဏှာ အသံက တိတ် ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်။ သူ့စကားနှင့် အတူ သူ၏ ကိုယ် အမူအရာသည် လည်း လှုပ်လှုပ် ရွရွ ဖြစ်သွားသည်။ ထိုလူကြီး အတွက် ဣနြေ္ဒသိက္ခာ ဆိုသည်မှာလည်း ဗလာနတ္ထိ။

သူ၏ လက်တစ်စုံသည် ကောင်မလေး၏ ပခုံးကိုကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားလိုက် သည်။ ထိုမှ တစ်ဆင့် ကောင်မလေး ၏ ခါးကိုဖက် ကာ သူ့ရင်ဘတ်နှင့် ထိအောင် သိမ်းယူ လိုက်သည်။ ကောင်မလေး၏ အသားများကို လည်း မထိတထိ လှုပ်ကိုင်လိုက် သည်။ အော်ဟစ်နေသော ကောင် မလေး၏ နှုတ်ခမ်းကိုသူ့ အနမ်းဖြင့် ဟန့်တားရန် ကြိုးစားနေသည်။ ကောင်မလေး က ခါးခါးသီးသီး သူ့ကို တွန်းထုတ်သည်။ ငါ့ကိုလွှတ် .. လွှတ်စမ်း.. လွှတ် … ထို စကားမှလွဲ၍။

မှန်ဘီလူး အပေါက်ငယ် တစ် ခုမှ ချောင်းကြည့်နေသည့် လူအဖို့ ထိုဖြစ်စဉ်က အလွန်ရွံ့မုန်းစရာ ကောင်းသည်။

ဆန္ဒပြည့်ဝသော လူယုတ်မာ မှာတော့ အောင်နိုင်သူအပြုံးဖြင့်။

ထို့နောက်မှကတ် ဟူသော အသံနှင့် အတူ သူကိုင်ထားသော ကောင် မလေးကို ချက်ချင်း လွှတ်လိုက်ပြီး ”ငါကနင့်ကို ဒီလိုကိုင်ရင် ဒီလိုရုန်း လိုက်။ အဲဒါမှ ဇာတ်ကွက်က ပိုပြီး အသက်ဝင်မယ်” ဟုလုပ်ဖော်ကိုင် ဖက် မင်းသမီးကို သူကတလေး တစားပြောကာ အမူအရာဖြင့် သင်ပြ ပေးသည်။ ထိုအရာများကိုတော့ ပိတ်ကားထက်မှာ ဘယ်သူမှမမြင် ကြရပေ။

ထိုလူယုတ်မာ ကတော့ အ ခြားလူမဟုတ်၊ ပရိသတ်များ၏ အမုန်းသရဖူ အကယ်ဒမီဆုကြီး ကို ပိုင်ဆိုင် ထားသည့် သရုပ်ဆောင် ဗီလိန်မင်းသား ‘နိုင်လူ’ ပင်ဖြစ် သည်။

”ပုပ္ပါးဘက်မှာ ဇာတ်ကား သွားရိုက်တုန်းက အမျိုးသမီးတစ် ယောက်က လာနှုတ်ဆက်တယ်။ ကိုနိုင်လူကို အမြဲအားပေးတယ် နော်။ ကိုနိုင်လူ ပါတဲ့ ဇာတ်ကား ကောင်းလေးတွေ ဆို အမြဲသိမ်း ထားတယ်။ ဝမ်းသာသွားတာပေါ့။  အစ်မ ကျွန်တော့် ဇာတ်ကားလေး တွေ သိမ်းပေးတဲ့ အထိ အားပေးလို့ ကျေးဇူး အများကြီး တင်တယ်ပြော တော့ သူက ပျာပျာသလဲနဲ့ မဟုတ် ဘူး၊ ကျွန်မမြေးလေးက ထမင်း မစားရင် နင့်ပထွေးနိုင်လူ ပါတဲ့ ကားကို ဖွင့်ပြရမလား ပြောလိုက် ရင် ထမင်း ချက်ချင်းစားတယ်၊ အဲ ဒါကြောင့်ပါတဲ့။ ဟာခနဲဖြစ်သွား တယ်။ ရှက်လည်း ရှက်မိတယ်” ဟု သူက ဝမ်းနည်းဟန်ဖြင့်ဆိုသည်။

ပြင်ပက သူ့အမူအရာက ဇာတ် ကားများထဲကလို ယုတ်မာကောက် ကျစ်သည့်ပုံစံမျိုး မဟုတ်။ သူ့အသံ များသည်လည်း နားဝင်ခါး လှသည့် ထိကပါးရိကပါး အသံမျိုး မဟုတ်။ ကြည်လင် ပြတ်သားသည်။ ချိုသာ သည်။ သိမ်မွေ့သည်။ သူရိုက်ကူး သည့် ဇာတ်ရုပ်တွေကြောင့် ပရိ သတ်များ မေတ္တာ မထားနိုင်သည် ကို သိပေမယ့်လည်း သူရွေးချယ်ခဲ့ သည်မှာ အောင်မြင်သည့် မင်းသား ဘဝ မဟုတ်ဘဲ အောင်မြင်သည့် သရုပ်ဆောင် ဘဝသာ ဖြစ်သည်ဟု နိုင်လူက ပြောသည်။

16736037_1276816459033153_175887124_nဇေယျာမျိုးထက်ရဲ့ ငယ်ဘဝ

ကိုနိုင်လူကို ဇူလိုင်လ ၈ ရက်၊ ၁၉၇၅ ခုနှစ်တွင် ရန်ကုန်မြို့ လမ်း မတော်မြို့နယ် ၌ မွေးဖွား ခဲ့သည်။ မွေးချင်းနှစ်ဦး အနက် အကြီးဖြစ်ပြီး ၄င်းတွင် ညီမလေး တစ်ဦးရှိ သည်။ နာမည်မှာ မငြိမ်းငြိမ်းအိ ဖြစ်သည်။ နိုင်လူသည် ကျောက်မြောင်း အ မ က (၂၈)၊ တာမွေ အ ထ က(၂)နှင့်ဒဂုံ(၁)ကျောင်း တို့တွင် ပညာ ဆည်းပူးခဲ့သည်။ ဖခင်ဖြစ်သူ ဦးစိန်တင့် (သရုပ်ဆောင်အမည်မှာ ဦးကြူးမားဖြစ်သည်) သည် စံပြ ကြက်ခြေနီ တစ်ဦးဖြစ်သလို မိခင် ဒေါ်မြင့်မြင့်ရီ သည်လည်း စံပြ ကြက် ခြေနီ အသင်း သူ တစ်ဦး ဖြစ်သည်။

နိုင်လူသည် အသက် ၁၆ နှစ် အရွယ်တွင် အနုပညာလောကထဲ သို့ ဝင်ရောက်ခဲ့ သည်။ ပရိသတ်များ မေတ္တာ မထားနိုင်သည့် ဗီလိန် ဇာတ်ရုပ်ကို အနုပညာ စတင်လုပ် ဆောင်ခဲ့သည့် အချိန်မှစ၍ ယနေ့ ထိ ၂၆ နှစ်တိုင်တိုင် ရိုက်ကူးနေရဆဲ။

”အဖေက ဇာတ်ကားခြောက် ကားရိုက်ဖူးတယ်။ လူသိတဲ့နေရာ ကမဟုတ်ဘူး။ ဝါသနာ အဆင့်က နေပေါ့။ သူအိမ်ထောင်ကျ ကလေး ရတော့ ရှာဖွေကျွေးမွေးဖို့ ဆိုပြီး ရှေ့နေဘွဲ့ရအောင် ကြိုးစားတယ်။ ဒီလောကနဲ့ အဆက်အသွယ်ပြတ် သွားတယ်။ ကျွန်တော်က သရုပ် ဆောင်အလုပ်ပဲ လုပ်မယ် ဆိုပြီး တော့ ကိုယ့်ဟာကိုယ် ကြိုးစားခဲ့ တယ်။ အိမ်ကိုတော့ မပူဆာရဲဘူး”ဟု နိုင်လူက အတိတ် ကိုပြန်လည် ပြောပြခဲ့သည်။

ထိုသို့နေရင်း ‘စံ’ ဗီဒီယို ထုတ်လုပ်ရေးမှ မင်းသား မင်းသမီး ခေါ်၍ နိုင်လူသည်လည်း အများ နည်းတူ လျှောက်ထားခဲ့ပြီး ရွေး ချယ်ခံခဲ့ရသည်။ ထိုအချိန်က နာ မည်အရင်းဖြစ်သူ ဇေယျာမျိုးထက် ဖြင့်သာ အနုပညာ အလုပ်များကို စတင် လုပ်ဆောင်ခဲ့သည်။

နိုင်လူ၏ လက်ဦးဆရာက ဒါရိုက်တာ ဦးမြင့်ကျော်ဖြစ်သည်။ အနုပညာလောကထဲ ဝင်လာပြီး ၂ နှစ်အကြာမှာ ဒါရိုက်တာ ဦးငြိမ်းငြိမ်း ရိုက်ကူးသည့်’လည်လည်’ ဆိုသည့် ရုပ်ရှင်ဇာတ်ကားတွင် ကျော်သူ၊ စိုးမြတ်သူဇာ တို့နှင့်အတူ သရုပ် ဆောင်ခွင့် ရခဲ့သည်ဟု သိရသည်။

”မှတ်မှတ်ရရလေးခန်းလောက် ပဲ ပါတယ်။ အနုပညာကြေး ၂ဝဝ ရတယ်။ ဆရာဦးမြင့်ကျော်ကို ကြက်သားသုပ် တစ်ပွဲနဲ့ တိုက်ဂါး ဘီယာတစ်ဘူး ဝယ်တိုက်တာ ကုန် သွားရော” ဟု သရုပ်ဆောင်ဘဝ အမှတ်တရများကို နိုင်လူက ရယ် မောကာပြောပြခဲ့သည်။

16731087_1276816449033154_16128301_nနိုင်လူရယ်လို့ ဖြစ်လာခြင်း

အမည်ရင်း ‘ဇေယျာမျိုးထက်’ ဖြင့် မအောင်မြင် သဖြင့်  ‘နေသွေး’အမည် သို့ ပြောင်း လဲ ကာ အနုပညာ အလုပ်များ ဆက်လက်လုပ် ဆောင် ခဲ့သော် လည်း နာမည်ကရ မလာခဲ့ပေ။ ရိုက်ကူးရန် ကမ်းလှမ်း မှုများမရှိသည့် အခြေအနေတွင် ၄င်းအတွက် အားကိုးရာက ‘ဘုရား’ပင်ဖြစ်သည်။

”ဘာလုပ်လုပ် မအောင်မြင်တဲ့ အခါကျတော့ အိမ်က ဘုရားကိုငို ပြီးပြောတယ်။ အရှင် ဘုရား တပည့် တော် အနုပညာလောက မှာ အောင်မြင်ချင်တယ်။ အရှင် ဘုရား တပည့်တော်ကို နာမည်ပေးပါ။ မပေးဘူး ဆိုရင် ဒီအလုပ်မလုပ် တော့ဘူး။ ဒီနေ့ ကစပြီး သက်သတ် လွတ်စားမယ် ဆိုပြီး တိုင်တည်တယ်။ မိုးလင်းတာနဲ့ ရွေတိဂုံဘုရား သွားတယ်။ အဲဒီနောက်ပိုင်း ထီ တောင် ပေါက်သေးတယ်။ ၇ လ တိတိကြာတယ်။ ဘာဇာတ်ကား မှမရိုက်ရဘူး။ ၇ လပြည့်တဲ့ နေ့မှာ အဘအောင်မင်းခေါင်ကို အိပ်မက် မက်တယ်။ ငါ့သားက လူတော့ လူပဲ အောင်မြင်တဲ့ လူဖြစ်အောင် ‘နိုင် လူ’ လို့ပေး။ နိုင်ငံခြားက လာတဲ့ ဖန်ခွက်ထဲ ကို ရေခဲ တုံးထည့် ပြီး အဘကို ဆက်။ ပြော ပြီး အိမ် မက် က နိုး တယ်။ အဖေ့ ကို ပြော တော့ အ ဖေ က အဲဒီ နာ မည်ပေးခိုင်းတယ်။ အဲဒါ ကြောင့် ‘နိုင်လူ’ ဖြစ်လာတယ်”ဟု ယုံကြည် မှုနှင့် ပတ်သက်ပြီး နိုင်လူက ပြော ပြခဲ့သည်။

၁၉၉၄ ခုနှစ်တွင် နိုင်လူအမည် ဖြင့် အနုပညာလောကထဲ နောက် တစ်ကြိမ် ထပ်မံ ကြိုးစားခဲ့ပြီး ဗီလိန်မင်းသား ဟုသာ ပရိသတ်များ စတင် သိလာသည်။ ၂ဝဝဝ ပြည့် နှစ်တွင်ဦးကျော်ဟိန်း၏ ‘သေ သော သူသည် သုသာန်သို့ သွား သည်’ ဇာတ်ကားဖြင့် နိုင်လူဟု လူနှင့်နာမည် ကို ပရိသတ်များ တွဲမြင်လာခဲ့သည်။

”ကျွန်တော်တို့ဘဝက ပရိ သတ်တွေက ထမင်းရှင် ဖြစ်သလို ထုတ်လုပ်သူ၊ ဒါရိုက်တာ မင်းသား၊ မင်းသမီးတွေ ဆိုတာတွေလည်း ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေပါပဲ။ သူတို့ခေါ်မှ သူတို့ အလုပ်ပေးမှ အလုပ်ရတာလေ” ဟု ခေါင်းငုံ့ကာ နိုင်လူက ပြောသည်။

ထို့နောက် သရုပ်ဆောင် နေ ထက်လင်း၊ နေမျိုးအောင်တို့နှင့် အတွဲညီခဲ့ပြီး ဇာတ်ကားပေါင်း များစွာကို ကာရိုက်တာ မျိုးစုံဖြင့် ပိုမို ရိုက်ကူးလာခဲ့သည်။ ထိုမှတစ် ဆင့် ပရိသတ်ပေးသည့် အကယ် ဒမီဆုဖြစ်သည့် လူယုတ်မာဆုကို နိုင်လူရရှိခဲ့သည်။

ဗီလိန်ဇာတ်ရုပ်များ ရိုက်ကူး နေချိန်တွင် ‘ဂျော်လီဆွေနှင့် သား များ’ထုတ်လုပ်ရေးက နိုင်လူကို ခေါင်းဆောင် မင်းသား အဖြစ် တင် သေး သည်။ သို့သော်ခေါင်းဆောင် မင်းသားဖြစ်ရန် အစား အသောက်၊ ခန္ဓာကိုယ် ထိန်းသိမ်းရပြီး အသုံး အဆောင် ကအစ ဂရုစိုက်ရသည့် အတွက် လူအများ မလုပ်ချင်သော ဗီလိန်ဇာတ်ရုပ် ကိုသာ သူရွေးချယ် ခဲ့တော့သည်။

ဖန်သားပြင်ဝယ် ယုတ်မာ ကောက်တျစ်သည့် စရိုက်ကို ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်သည့် အ တတ်ပညာကို ဂုဏ်ယူဖော်ကျူး ခွင့်ရသော်လည်း အများ၏ချစ်ခင် မှု၊ လေးစားမှု၊ ကောင်းချီး သြဘာ ပေးမှုကိုတော့ သူခံစားခွင့်မရှိခဲ့။

ဝါသနာနှင့် သမုဒ္ဒရာဝမ်း တစ်ထွာအတွက် သူရွေးချယ်လိုက် သည့်အလုပ်မှာ သမ္မာ အာဇီဝ လုပ်ငန်းဖြစ်၍ မိမိကိုယ်ကိုယ် ဂုဏ် ယူကြောင်း နိုင်လူက ဆိုသည်။

16706732_1276816445699821_975050645_n”ကျွန်တော့်ကြောင့်ကျွန်တော့် မိဘ ရဲစခန်းတစ်ခါမှ မရောက်ဖူး သလို ဇနီးလည်း စိတ်သောက မရောက်ဖူးဘူး။ ကျွန်တော့်ကြောင့် သားသမီးတွေ မျက်နှာငယ် မျက် နှာပျက် ရတာမျိုး မရှိခဲ့ဘူး။ အဲဒါ ကျွန်တော်လူသား အားလုံးအပေါ် ထားတဲ့ မေတ္တာ အစစ် အမှန်တွေ ကြောင့်ပါ” ဟု ဂုဏ်ယူစွာဖြင့် လေ သံမြှင့်ကာ သူက ပြောပြခဲ့သည်။

မင်းသားပေါင်းစုံ၊ ဒါရိုက်တာ ပေါင်းစုံနှင့် ဆုံဖူးသည့်နိုင်လူ။ ဇာတ်ကားပေါင်း ၅ဝဝ ကျော် ရိုက် ကူးထားသည်။ သို့သော်”နိုင်လူ သူဌေး မဖြစ်သေးဘူး” ဟုရယ်မော ကာသူက ဆိုလာသည်။

”ဒီအလုပ် နဲ့တော့ သူဌေးမဖြစ် လာပါဘူး။ အမျိုးသမီးက သူ့ကိုယ် ပိုင်လုပ်ငန်း အလှကုန်တွေကို ဖြန့် ချိတာလေ။ ကျွန်တော့်ဝင်ငွေက ဘယ်လိုလုပ်ပြီး တိုက်နဲ့ကားနဲ့ ဖြစ် မလဲ” ဟုနိုင်လူက ရယ်မောကာ ဆက်ပြောသည်။

ဥပုသ်သည် ဥပုသ်ကျိုးတဲ့အထိ ဗီလိန်ဇာတ်ရုပ် ပီပြင်ခဲ့သူ

ဇာတ်ကားထဲတွင် နိုင်လူသည် သင်္ဘောသားလည်း ဟုတ်သည်။ နိုင်ငံခြားပြန် သူဌေးသား လည်းဖြစ် နိုင်သည်။ စီးပွားရေး များစွာကို လုပ်ကိုင် ပြီး စီးပွားရေး လောကမှာ ငွေကြေးချမ်းသာသူ တစ်ဦးလည်း ဖြစ်သည်။ အရက်သမား၊ ဖဲသမား လည်းဟုတ်သည်။ သူများ သား မယားကို စော်ကားသည့် လူယုတ်မာ လည်းဟုတ်သည်။ သူတောင်းစား လည်းဖြစ်သည်။ သားဆိုးသား မိုက်လည်း ဟုတ်သည်။ မိန်းမလျာ တစ်ဦးလည်း ဖြစ်ခဲ့သည်။ သို့သော် လက်တွေ့ ပြင်ပတွင်တော့နိုင်လူ သည် ဘဝသမားစစ်စစ်ဖြစ်သည်။

ဗီလိန်မင်းသား တစ်ယောက် ၏ လက်တွေ့ဘဝအဖြစ်အပျက် သည် တစ်ခါတစ်ရံမှာ ဝမ်းနည်း ကြေကွဲစရာ ကောင်းလှသည်ဟု သူက ခပ် တိုးတိုးဆိုသည်။

ကိုနိုင်လူ စိတ်ထိခိုက်စွာ ရင်ဖွင့် သော အဖြစ်အပျက် တစ်ခုက ”မိဘ တွေက ဥပုသ်စောင့်တယ်၊ ကလေး တွေက ဗီဒီယိုကြည့်ဖို့ အခွေငှား ကြတဲ့အခါ မိဘက မှာတယ်၊ နိုင်လူ ပါတဲ့ကားဆို ဥပုသ်နေ့ ငှားမလာနဲ့ ဥပုသ် ကျိုးတယ်တဲ့၊ ဒါတွေက ကျွန်တော့် အောင်မြင် မှုပဲလား” ဟု နိုင်လူက ရင်ဖွင့်သည်။

လူဆိုသည်မှာ ကိုယ်ပြုံးပြမှ သာ ပြန်၍ပြုံးပြတတ်သည် မဟုတ် လော။ နိုင်လူ လုပ်ရပ်ကြည့်မိပါက သူပြုံးပြပါသော်လည်း ပြန်၍ပြုံးပြ ချင်စရာ မရှိ၊ ချစ်စရာ ဆိုသည်မှာ လည်း ကြံဖန်ရှာဖွေ၍ မရ။

”ဖန်သားပြင်ထဲက နိုင်လူ စိတ်ဓာတ်မျိုး မဟုတ်ဘဲ လက်တွေ့ ဘဝက နိုင်လူထားတဲ့ စိတ်ထား အ တိုင်း ပရိသတ်တွေ တုံ့ပြန်မှုလေး လိုချင်တယ်။ အဲဒီဆုက အမြဲတောင်း မိတဲ့ဆု” ဟု နိုင်လူက ဘုရားစင်ရှိ ရာသို့လှမ်းကြည့်ကာ အာရုံပြုရင်း ပြောပြခဲ့သည်။

တစ်ခါတော့ ဒါရိုက်တာပန်းချီ စိုးမိုး ရိုက်ကူးသည့် ဇာတ်ကားတစ် ကားတွင် နာမည်ကျော် ဘုရား သူခိုးတစ်ဦးအဖြစ်သူ သရုပ်ဆောင် ခဲ့ရသည်။ ထို့အပြင်ခိုးထားသော ဘုရားများ ကိုမြေမြှုပ်ခြင်း၊ ရောင်း စားခြင်း စသည့် ဇာတ်ဝင်ခန်းများ ပါရှိသည့်အတွက် ကံကြီးထိုက် မည်စိုးရမ်သောကြောင့် ၄င်းဇာတ် ကားမရိုက်ကူးခင် ဥပုသ်စောင့် သက်သတ်လွတ် စားပြီးမှ ရိုက်ကူး ခဲ့ကြောင်း သူကပြောသည်။

သူရိုက်သည့် ဇာတ်ကောင် စရိုက်တွေက ငါးပါးသီလ အမြဲကျိုး သည့်အတွက် သရုပ် မဆောင်ခင် ဘုရားရှိခိုး၊ သက်ကြီး လုပ်ဖော် ကိုင်ဖက် များကိုရှိခိုးကန်တော့ပြီးမှသာ အလုပ် လုပ်ကြောင်း သူကပြောသည်။

လူကြမ်းတို့၏ ခန္ဓာကိုယ်သည် အကောင်းမရှိ။ ဒဏ်ရာ ဒဏ်ချက် များနှင့်သာ။ လူကြမ်းများထဲမှ လူ ကြမ်းတစ်ဦးဖြစ်သော နိုင်လူတွင် လည်း ဒဏ်ရာဒဏ်ချက် များစွာ ရရှိခဲ့ဖူးသည်။

”ကျွန်တော်ဆို ခေါင်း ၈ ချက် ချုပ်ဖူးတယ်။ ခြေနှစ်ချောင်း ကျိုး တယ်။ နံရိုးနှစ်ချောင်း အက်တယ်။ အိပ်ရာပေါ် မှာ လေး လလောက် နေ ဖူးတယ်။ လူကြမ်း တစ်ယောက် ဟာ တစ်နေ့လုံး သမံတလင်းပေါ် အကြိမ်အကြိမ်အခါခါကျပြီးတော့ အသားတွေ အနာခံ၊ အရိုးတွေ နာ ကျင်၊ သွေးထွက်နေရပေမယ့် သူတို့ လုပ်အားက ဒီနေ့ အချိန်ထိ နေ့စား တစ်ရက် တစ်သောင်းနဲ့ တစ်သောင်း ခွဲပဲရကြတဲ့ အဖြည့်ခံ လူသားတွေ ပါ။ သူတို့မှာမိသားစု ရှိတယ်။ လမ်း စရိတ်ရှိတယ်။ အိမ်ကို ဘယ်လောက် ပါသွားမလဲ တွေးကြည့်ရင် ရင်နာ စရာပါပဲ။ ပြီးတော့ ဒီလူတွေက ဘယ်တော့မှ အနုပညာလောကမှာ ပိုးပုဆိုး မဝတ်ရတဲ့ မင်းသားတွေ။ အကယ်ဒမီ ဆိုတာ ဘာလဲမသိတဲ့ အနုပညာ သမားတွေပါ” ဟု သူက ညှိုးငယ်စွာ ပြောသည်။

ဇာတ်ကား တစ်ကားတွင် ပရိ သတ်အများစု သဘောကျတတ် သည်က မင်းသား၊ မင်းသမီးများ သာ မဟုတ်လော။ ကန့်လန့် ကာ နောက်ကွယ်မှ အားဖြည့် ပေးဆပ် နေကြသည့် အမေ့လျော့ခံ၊ အပယ် ခံ ဇာတ်ပို့ များစွာရှိသည်။ လူကြမ်း များနှင့် သူ့လိုဇာတ်ပို့များ အတွက် တော့ ပရိသတ်၏ အမုန်းကို အပို ဆုလာဘ် အဖြစ်ရကြသည်။ အနု ပညာကြေးသည်လည်း ဆီနှင့် ရေ ပမာ ကွာခြားလွန်းလှသည်။

16706852_1276816432366489_1504280190_nဗီဒီယိုထဲကနဲ့ ဆန့်ကျင်ဘက် ပြင်ပဘဝ

ဖန်သားပြင်ဝယ် စုတ်ချက် ကြမ်းကြမ်း ဘဝကို ပိုင်ဆိုင်ထား သည့်နိုင်လူသည် အပြင်လောကမှာ တော့ နူးညံ့သိမ်မွေ့သည့် စုတ်ချက် များနှင့် မိသားစု ကဗျာ ကိုရေးခြယ် နေသည် သာမက၊ သာရေး နာရေး ရှိပါကလည်း လူမှုရေး မပျက်ကွက် ခဲ့။ ဖန်သားပြင်တွင် လူဆိုး၊ လူ ယုတ်မာဖြစ်သော်လည်း မိသားစု ထဲတွင်တော့ ဘုရားတရားကို ကိုင်းရှိုင်းသည့် သာမန် အိမ်ထောင် ဦးစီး တစ်ဦးသာ ဖြစ်သည်။
16736672_1276816579033141_1363987531_n
နိုင်လူသည် မချိုသန္တာထိုက် နှင့် အိမ်ထောင် ကျပြီး သား တစ်ဦး သမီးသုံးဦး ထွန်းကား ခဲ့သည်။ ယခုအခါ သမီးကြီး သည်ပင် လျှင် ၁၆ နှစ် ရှိပြီဖြစ်သည်။

သူ၏ အနုပညာသွေးကို သူ ကဲ့သို့ ဗီလိန်မင်းသား တစ်ယောက် အဖြစ် သားသမီးများ ဆီ စီးဆင်း မှာ ကိုတော့ အလိုမရှိ။ ရွံမုန်းခြင်း များ၊ ကျိန်ဆဲခြင်း များစသည့် အမင်္ဂလာ ဆုတော်များ သားသမီး ထံ ကျရောက်မှာ ကို အလိုမရှိ။ ထို အရာက ဖခင်မေတ္တာပင်ဖြစ်သည်။

”အကြီး သုံးယောက်ကတော့ ပညာရေးပဲ။ အခုအငယ်ဆုံးလေး ကတော့ အနုပညာ ပါရမီပါတယ်။ သူ့ကို ဝိုင်းချစ်ကြ တာတွေ့တော့ အဖေ တစ်ယောက် အနေနဲ့ ပျော် တယ်။ သူ့ကိုတော့ မင်း သမီးလေး ဖြစ်စေ ချင်တယ်” ဟု သမီးထွေး ခေတ်ဆည်းဆာနှင့် ပတ်သက်သည့် မျှော်လင့်ချက်ကို ပြောပြခဲ့သည်။

ထိုကဲ့သို့ အဖြည့်ခံ လူသားများ သည် ပရိသတ်၏ ချစ်ခြင်းမေတ္တာ ကို မရရှိသလို၊ ငွေကြေး အရလည်း ကုံလုံသည် မရှိ။ သူတို့အတွက် မိသားစု သာလျှင် ချစ်ခြင်းမေတ္တာ ပေးနိုင်သော တစ်ခုတည်းသော ကမ္ဘာငယ်လေး ဖြစ်သည်။

”မကောင်းတဲ့ ဇာတ်ရုပ်ကို လုပ်လွန်းလို့ ကျိန်ဆဲခံရတယ်။ ဒါပေမယ့် ဘုရားတရားကို အမြဲ လုပ်တဲ့ အတွက်ကြောင့် ဘုရားက ကျွန်တော့်ကို ဆုလာဘ် အဖြစ် ချစ် စရာကောင်းတဲ့ ဇနီးနဲ့ သားသ မီးတွေ ပေးတဲ့အပြင် ပျော်စရာ ကောင်းတဲ့ မိသားစုကို ပေးထား တယ်” ဟု သူယုံကြည်မှုနှင့် ပတ် သက်ပြီး နိုင်လူက ပြောသည်။

16736785_1276816469033152_374346359_nအားလုံးက သူ့အား ရွံမုန်းကြ သော်လည်း နှလုံးလှသည့် ပါရမီ ဖြည့်ဖက် ၏ နှစ် သစ် မေတ္တာ လွှာ သည် နိုင်လူ အတွက် ရှေ့ဆက်ရ မည့် ခြေလှမ်းတွေကို ခွန် အားဖြစ် စေခဲ့သည်။

ထိုမေတ္တာလွှာ စာရွက်ဖြူကို နိုင်လူက ညင်သာစွာဖြန့်ပြီး ဤသို့ ဖတ်ပြလေသည်။

”ပရိသတ်တွေ မုန်း အောင် ရက်ရက်စက်စက် ကြမ်းတမ်းစွာ သရုပ်ဆောင် ပြ တတ်ပေမယ့် ကျွန်မ အတွက်တော့ စိတ်ထား နူး ညံ့ကြင်နာ တတ်သော သူ။ ပေါ့ပျက် ပျက် ဇာတ်ရုပ်တွေ ပီပြင်အောင် သရုပ်ဆောင် တတ်ပေမယ့် သစ္စာ တရားကို တန်ဖိုးထားပြီး ချစ်မြတ် နိုး တတ်သူ။ ကောက်ကျစ်ယုတ်မာ တာတွေ အကယ်ဒမီ ပေးရလောက် အောင် သရုပ်ဆောင် ပီပြင်ပေ မယ့် အဖြူရောင် မေတ္တာတွေ နဲ့ပေး ဆပ်ပြီး ချစ်တတ်သူ။ ဆတ်ဆတ်ထိ မခံ ဒေါသတွေ ကို သရုပ်ဆောင်ပြ တတ်ပေမယ့် တကယ်တော့ အေး ချမ်းစွာ ခွင့်လွှတ် အပြုံးနဲ့ အရာရာ ကိုမေတ္တာထားပြီး ကြင်နာတတ်သူ။ ကျွန်မအတွက်တော့ သူဟာဘာ နဲ့မှ ဘယ်သူနဲ့မှ မတူတဲ့ ချစ်မေတ္တာ တွေနဲ့ အချစ်ရဆုံးသူပါ” ဟုပင်။

ဤသည်က သူရိုက်ဖူးသမျှ ဇာတ်ဝင်ခန်းများတွင် မပါရှိဖူး သော လက်တွေ့ဘဝ သရုပ်ပင် ဖြစ်သည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*