မြန်မာသို့ ကမ္ဘာလှည့် ခရီးသည်လာရောက်မှု ၂ဝ၁၅ နှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်း ကျဆင်းသွား

မြန်မာသို့ ကမ္ဘာလှည့် ခရီးသည်လာရောက်မှု ၂ဝ၁၅ နှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်း ကျဆင်းသွား
January 26, 2017 Asian Fame

11:52 am
မြန်မာသို့ ကမ္ဘာလှည့် ခရီးသည်လာရောက်မှု ၂ဝ၁၅ နှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်း ကျဆင်းသွား

မေဇင်ဝင်း
ရန်ကုန်၊ ဇန်နဝါရီ ၂ဝ

၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် ၂ဝ၁၅ နှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က စင်ကာပူနိုင်ငံတွင် ပြုလုပ်သော အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်တွင် ပြောသည်။

နယ်စပ်မှ ဝင်ရောက်သည့် ခရီးသွားအရေအတွက်ကို စနစ်သစ်ဖြင့် ကောက်ယူခြင်းနှင့် အချို့ဒေသများအား လုံခြုံရေးအရကန့်သတ်လိုက်ရခြင်းကြောင့် ထိုသို့ ခရီး သွားလာရောက်မှု ကျဆင်းခဲ့ခြင်းဖြစ်သည် ဟု ဝန်ကြီးကပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ ၂ဝ၁၅ ခုနှစ်တွင် ပြည်ပဧည့် ၄၆၈၁ဝ၂ဝ ဦး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ၂၉ဝ၂ဝဝ၉ ဦးဝင်ရောက် ခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ကျဆင်းရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်းက ”အရင် နှစ်တွေကတော့ နယ်စပ်ကနေ နေ့ချင်းပြန် ဝင်တဲ့သူတွေကိုပါ စာရင်းထဲထည့်ကောက်ခဲ့တယ်၊ ဒီနှစ်ကျတော့ ဝန်ကြီးပြောခဲ့သလိုပါပဲ စနစ်သစ်နဲ့ကောက်တယ်။ အဲဒီ အခါနယ်စပ်က နေ့ချင်းပြန် ဝင်တာတွေကို ထည့် မကောက်တော့ဘူး။ အဲဒါကြောင့် စာရင်းမှာ တစ်သန်းကျော်လောက် မပါတော့ဘူး၊ ဒါ့အပြင် တချို့နေရာတွေကို လုံခြုံရေးအရ ကန့်သတ်လိုက်တော့ အဲဒါ တွေကြောင့်လည်း ကျတယ်ဆိုပြီး ဝန်ကြီးက ပြောသွားပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာ လှည့်ခရီးသည်စာရင်း ကောက်ယူရာတွင် ယခင်နှစ်များကဲ့သို့ လာရောက်သမျှနိုင်ငံ ခြားသားဧည့်သည်အားလုံးကိုထည့်တွက် တော့မည်မဟုတ်ဘဲ ဗီဇာအလိုက်စာရင်းခွဲ ကာ ကမ္ဘာလှည့်ခရီးသည်အဖြစ်လာရောက် သူများကိုသာ စာရင်းကောက်ယူကာ ထုတ် ပြန်ပေးမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးတင့်သွင်ကလည်း ပြောကြားခဲ့ဖူးသည်။

ဇန်နဝါရီ ၁၈ ရက်မှ ၂ဝ ရက်အထိ စင်ကာပူနိုင်ငံတွင်ပြုလုပ်ခဲ့သော အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်တွင် ဖော်ပြသည့် စာရင်းများအရ အာဆီယံ ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု အကျဆုံးနိုင်ငံဖြစ်နေကြောင်း သိရသည်။ ဒေသတွင်းနိုင်ငံများတွင် ဘရူ နိုင်းနိုင်ငံက ခရီးသည်ဝင်ရောက်မှု ၁ ဒသမ ၇ ရာခိုင်နှုန်း၊ လာအိုက ၉ ဒသမ ၈ ရာခိုင် နှုန်းကျဆင်းခဲ့ပြီး ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ လှည့်ခရီးသည်ဝင်ရောက်မှု ၂၆ ရာခိုင် နှုန်းတိုးခဲ့ကာ ဖိလစ်ပိုင်နိုင်ငံက ၁၂ ဒသမ ၁ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၉ ဒသမ ၈ ရာခိုင်နှုန်း တိုးခဲ့ကြောင်းသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*